ယေဇူးသခင် ၏နောက်ဆုံးညစာစားပွဲမစ္ဆားတရားပူဇော်ရာ၌ရဟန်းမင်းကြီးဖရန်စစ်ဟောကြားသောတရား

ကြာသပတေးနေ့ကြီးည ၊ ယေဇူးသခင် ၏နောက်ဆုံးညစာစားပွဲမစ္ဆားတရားပူဇော်ရာ၌ရဟန်းမင်းကြီးဖရန်စစ်ဟောကြားသောတရား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် နှစ်စဉ်ကြာသပတေးနေ့ကြီးည၀တ်ပြုခြင်းအစီအစဉ်အတွက်တစ်နေရာရာ၌စီစဉ်ကျင်းပလေ့ရှိသည်။ ယခုနှစ်ကြာသပတေးနေ့ကြီးည (ယမန်နေ့ည) ၀တ်ပြုခြင်းအစီအစဉ်အတွက် ရဟန်း မင်းကြီးဖရန်စစ်သည် ရောမမြို့အပြင်ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ရှိသော လူငယ်များပြန်လည်ထူထောင်ရေးစခန်းသို့သွားရောက်ကျင်းပခဲ့သည်။

ရဟန်းမင်းကြီးသည် ထို၀တ်ပြုခြင်းအစီအစဉ်အတွင်း ယေဇူးသခင်မှမိမိတပည့်တော်ကြီး (၁၂) ပါး၏ခြေကိုဆေးခဲ့သည်သမိုင်း၀င်အဖြစ်အပျက်ကိုပြန်လည်အမှတ်ရကျင်းပသည့်အနေဖြင့် ထိုစခန်းမှလူမှုရေးနောက်ခံအမျိုးမျိုးဖြင့်ရောက်ရှိနေသောလူငယ် (၁၂) ဦးကိုရွေးချယ်၍ ၄င်းတို့၏ခြေကိုဆေးကြောပေးခဲ့သည်။ ခြေဆေးခံသောလူငယ် (၁၂) ဦးတို့၏အသက်များမှာ (၁၄ မှ ၂၅) နှစ်အတွင်းဖြစ်ကြသည်။ ၄င်းတို့အနက်ယောကျားလေး (၁၀) ဦးနှင့်အမျိုးသမီး (၂) တို့ပါ၀င်ကြသည်။ ၄င်းတို့သည်ခရိုအေးရှား၊ ဆီနီဂါလ်၊ ရိုမေးနီးယား၊ ရုရှားနိုင်ငံများမှဖြစ်ကြသည်။ နိုင်ငံမတူသကဲ့သို့သက်၀င်ယုံကြည်မှုလည်းမတူသောလူငယ်များဖြစ်ကြသည်။

အားလုံးအတွက်ကြီးမြတ်လှသောနှလုံး သား

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ ဩ၀ါဒ၌ထိုနေ့ညဖတ်ရှုပူဇော်သော ဧ၀ံဂေလိကျမ်းစာကိုသာထောက်ရှုဟောကြားခဲ့သည်။ ကျမ်းစာတော်မြတ်၌ ယေဇူးသခင်သည်အာဏာသားတို့၏ညှဉ်းဆဲနှိပ်စက်ခြင်းကိုမခံရမီတစ်ရက်အလို၌ တပည့် တော်ကြီးတို့၏ခြေများကိုဆေးကြောပေးခဲ့သည်။ ဤအပြုအမူကား တပည့်တော်ကြီးတို့အားအချင်းချင်း၏အစေခံကိုနှိမ့်ချခြင်းဖြင့်ခံကြရန်စကားဖြင့်သာမဟုတ်တော့ဘဲလက်တွေ့ဖြင့်သင်ကြားပေးခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ခြေကိုဆေးကြောခြင်းအမှုသည် အစေခံများ (ကျွန်) များသာပြုသောအမှုဖြစ်သည်။ သို့သော်ယေဇူးသခင်က သနားခြင်းအမှု၊ ကရုဏာရေးအမှုကိုပြုရာ၌ 'အစေခံ (ကျွန်)၊ သခင်' ဟူ၍အဆင့်အတန်းခွဲခြင်းမရှိကြောင်းကိုသင်ကြားပေးခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် ဤ၀တ်ပြုခြင်းအခမ်းအနားကို 'Casal del Marmo ' ပြန်လည်ထူထောင်ရေးစခန်းတွင်ကျင်းပခဲ့သည်။ ကျွန်ုပ်တို့သည်လောကီစိတ်၊ လောကီလမ်းစဉ်ဖြစ်သော အချင်းချင်းအပေါ်လိမ်လည်လှည့်ဖြား၊ ဂုတ်သွေးစုပ်အမြတ်ထုတ်၊ မြေနိမ့်ရာလှံစိုက်သည့်လုပ်ရပ်မျိုးကိုလုပ်မည့်အစား ယေဇူးသခင်လမ်းပြလုပ်ဆောင်ခဲ့သကဲ့သို့သာလျှင် ကျွန်ုပ်တို့အားလုံးပုံတုယူကာ အချင်းချင်းကူညီယိုင်းပင်းမည်ဆိုပါလျှင် ကျွန်ုပ်တို့၏နေ့စဉ်ဘ၀သည်အဘယ်မျှကျက်သရေမင်္ဂလာရှိလေမည်နည်း။ ရိုးရှင်းပြီး သေးဖွဲသောအမှု အချင်းချင်းကူညီယှိုင်းပင်းတတ်သောအပြုအမူသည် ကြီး မြတ်သောနှလုံးသားမှသာစီးထွက်ယိုဖိတ်လာခြင်းဖြစ်သည်။ ယနေ့ယေဇူးသခင် ကျွန်ုပ်တို့အားတရားပေးလို၊ အားပေးတိုက်တွန်းလိုသည်မှာ 'ကြီးမြတ်သောနှလုံးသား' ကိုပိုင်ဆိုင်ကြရန်၊ မွေးမြူကြရန်ဖြစ်သည်။

ခြေများကိုဆေးကြောပေးခြင်းအစီအစဉ်

ကျွန်ုပ်တို့၏စိတ်ထဲ၌ရှိနေ၊ ဖြစ်ပျက်နေ၊ ကြံစည်နေသောအခြေအနေကြောင့်ကျွန်ုပ်တို့သည်အရှက်ရနေ၊ သိမ်ငယ်စိတ်များဖြစ်ပေါ်နေကောင်းဖြစ်ပေါ်နေမည်။ သို့သော် ယေဇူးသခင်သည်ကျွန်ုပ်တို့၏စိတ်ခံစားချက်များအားလုံးကိုခရေတွင်းစေ့သိနေသည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့ဖြစ်တည်နေသည့်အခြေအနေအတိုင်းချစ်နေသည်။ တပည့်တော်ကြီးတို့အားလည်း၄င်းတို့ဖြစ်တည်နေသည့်အတိုင်းချစ်၍ခြေများကိုဆေးခဲ့သကဲ့သို့ယနေ့လည်း ကျွန်ုပ်တို့၏ခြေကိုဆေးကြောပေးမည်ဖြစ်သည်။ အတိတ်ကအရိပ်၊ ကျွန်ုပ်တို့၏မပြည့်စုံမှု၊ အားနည်းချက်များကြောင့်စိုးရိမ်ကြောက်ရွံ့စိတ်မမွေးသင့်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အား နည်းသောအခြေအနေ၌လျှောက်လှမ်းနေရသည့်ခရီးတွင်အားပေးရန် အဖော်အဖြစ်လိုက်ပါရန်ဆန္ဒရှိသည်။ ကျွန်ုပ်တို့၏လက်ကိုဆွဲ၍သူနှင့်အတူလျှောက်လှမ်းရုန်းကန်ပါကဘ၀သည်မခက်ခဲလှပေ။

အချင်းချင်းကိုယိုင်းပင်းကူညီရန်ဖိတ်ခေါ်ခံရသည်။

ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒအဆုံး ၌ယခုကဲ့သို့ဤလူငယ် (၁၂) ဦး၏ခြေကိုဆေးခြင်းအခမ်းအနားသည် နှစ်စဉ်ဘာသာရေး၏လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ခြင်းမဟုတ်သကဲ့သို့မဖြစ်စေရ။ အချင်း ချင်းအားအဘယ်သို့ပြုမူရမည်၊ အဘယ် သို့ စိတ်မွေးမြူရမည်၊ ကူညီယိုင်းပင်းပေးရမည်၊ ချစ်ခင်ရမည်၊ လူစွာကြီးမြတ်သောလူ့ဂိုဏ်သိက္ခာကိုလေးစားရမည်၊

တစ်ဦးတစ်ယောက်သည် အကျင့်စရိုက်ဆိုးသည်ဖြစ်စေ၊ ရာဇ၀တ်မှုကျူးလွန်ထားသူဖြစ်စေမေတ္တာပြရမည်ကိုသင်ကြားပေးခြင်းဖြစ်သည်။ အကယ်၍ယေဇူးသခင်ကျွန်ုပ်တို့အားပေးနေသောဓမ္မအမွေဖြစ်သည့်ဤစိတ်ထားမြတ်နှင့်ဤအမှုတော်မျိုးကိုခံယူကျင့်ကြံပါလျှင် ကျွန်ုပ်တို့လူမှုအသိုင်းအဝိုင်း၌ဖြစ်ပျက်နေသောမတရား မှုများစွာကိုလျော့ပါးသွားအောင်ကူညီလုပ်ဆောင်နိုင်ပေမည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့အားဆက်လက်၍သတိပေးနေသည်မှာ ကျွန်ုပ်တို့သည် အလုပ်လက်မဲ့ဖြစ်နေခြင်း၊ ပြိုကွဲသွားသောမိသားစုမှလူလားမြောက်ကြီးပြင်းလာရခြင်း၊ နေ့စဉ်ရှင်သန်နိုင်ရန်ခက်ခဲပင်ပန်းစွာရုန်းကန်ရခြင်း၊ ကျွန်ုပ်တို့၏အားနည်းချက်များကြား၌ရုန်းမထနိုင်အောင်ကျရှုံးနစ်မြှုပ်နေခြင်းစသည်တို့သည်ကျွန်ုပ်တို့အားလုံး ၏ဘ၀၌မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေမျိုး၌မဆိုဖြစ်ပျက်ကြုံတွေ့လာတတ်သည်။

ရဟန်းမင်းကြီးသည် ကဗ္ဗည်းကျောက်ပြားကိုကောင်းချီးပေးခြင်း

ယခုရဟန်းမင်းကြီးဖရန်စစ်ကြွရောက်၍ ကြာသပတေးနေ့ကြီးည၀တ်ပြုခြင်းအစီ အစဉ်ကိုကျင်းပနေသောဘုရားကျောင်း ဆောင်ငယ်သည် သူတော်မြတ်ဖာသာရ် Pino Puglisi အားရည်စူးဆောက်လုပ်လှူဒါန်းထားသည်။ ထိုကဗ္ဗည်းကျောက် ပြားအားရဟန်းမင်းကြီးမှကောင်းချီးပေးခြင်းဖြစ်သည်။ ဤကောင်းချီးပေးခြင်းအစီအစဉ်၌လည်းရဟန်းမင်းကြီးကဆင်ခြင်ရန် အောက်ပါအတိုင်းဟောကြားခဲ့သည်။

ယခုကဲ့သို့ခြေများကိုဆေးကြောခြင်းအား ဖြင့် ယေဇူးသခင်သည် ကျွန်ုပ်တို့အားတိုင်းတာမပြနိုင်သောချစ်ခြင်းမေတ္တာကိုပြသခဲ့သည်။ ကျွန်ုပ်တို့၏အခြေအနေသည်မည်သို့ပင်ဆိုး၀ါးဖြစ်ပျက်နေစေကာမူ ယေဇူးသခင်သည်ချစ်မြဲချစ်နေသည်။ သူသည်ကျွန်ုပ်တို့၏ဘေး၌အမြဲရှိနေ၍ကာကွယ်ကူညီနေသည်။ ကျွန်ုပ်တို့အားမည်သည့်အခြေအနေ၊ အကြောင်းတရားများကြောင့်မျှစွန့်ပစ်သွားမည်မဟုတ်ကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည် အဆိုပါကဗ္ဗည်းကျောက်ပြားကို မစ္ဆားတရားပူဇော်ခြင်း၏နိဂုံးပိုင်း၌ကောင်းချီးပေးခဲ့ခြင်းဖြစ်သည်။ ှသူတော်မြတ်ဖာသာရ် Pino Puglisi သည် အီတလီနိုင်ငံ၊ စိစလီကျွန်းမှကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်ပြီး ဒေသအတွင်းဇောင်းကြွပြီး အပြစ်မဲ့ပြည်သူများ၏ဘ၀လုံခြုံရေးကိုခြိမ်းခြောက်နေကြသောရာဇ၀တ်မှုအမျိုးမျိုးကိုကျူးလွန်နေသည့်ဂိုဏ်းသားများအားနှိမ်နင်းရေး၌ တက်ကြွစွာပါ၀င်အားပေးခဲ့သောကြောင့် ထိုအဖွဲ့အစည်းများ၏လုပ်ကြံခြင်းကိုခံခဲ့ရသောကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ ရဟန်းမင်းကြီက ပြန်လည် ထူထောင်ရေးစခန်းသို့ရောက်ရှိနေသောလူငယ်များအားရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။

ပြန်လည်ထူထောင်ရေးစခန်းမှလူငယ်များမှရဟန်းမင်းကြီးအား ၄င်းတို့၏လက်ရာဖြစ်သောသစ်သားလက်၀ါးကပ်တိုင်၊ ဘီစကွတ်နှင့်ပါစတာတို့ကိုလည်းလက် ဆောင်အဖြစ်ကပ်လှူခဲ့သည်။ ရဟန်း မင်းကြီးမှလည်း၄င်းတို့နှင့်ပြန်လည် ထူထောင်ရေးစခန်း၏အုပ်ချုပ်သူ၊ ၀န်ထမ်းများအား စိတ်ပုတီးနှင့်အီစတာကြက်ဥချောကလက်များကိုတုန့်ပြန်လက်ဆောင်အဖြစ်ပေးခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ယခုလူငယ်များပြန်လည်ထူထောင်ရေးစခန်းသို့ (၂၀၁၃) ကလည်းတစ်ကြိမ်ကြွရောက်ခဲ့ပြီး ယမန်နေ့ကဲ့သို့ပင် ထိုနှစ်၏ ကြာသပတေး နေ့ကြီးညအစီအစဉ်ဖြစ်သည့် 'ယေဇူးသခင်၏နောက်ဆုံးညစာစားခြင်းမစ္ဆားတရား' ကို ပြန်လည်ထူထောင်နေကြသောလူငယ်များနှင့်အတူတင်လှူပူဇော်ခဲ့ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/40OO0Vo

Add new comment

10 + 9 =