Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းသတင်းစကား အပိုင်း (၂)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းသတင်းစကား အပိုင်း (၂)
၂။ အကျင့်တရားပြောင်းလဲရန် အရေးတကြီးလိုအပ်မှု
ပါစကားနက်နဲဖွယ်ရာအားဖြင့် ဘုရားရှင်၏ ကရုဏာမေတ္တာတော်ကို ကျွန်ုပ်တို့ခံစားရရှိကြောင်း ပို၍ ထောက်ရှုရန် သင့်မြတ်လှသည်။ ကျွန်ုပ်ကို ချစ်သောကြောင့် အသက်ပေး၍ အသေခံပြီး၊ ရှင်ပြန်တော်မူသည့် ခရစ်တော်နှင့် ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ပမာ မျက်နှာချင်းဆိုင် ရင်းနှီးတွေ့ကြုံခြင်းရှိမှသာလျှင် ဘုရားရှင်၏ သနားခံရခြင်း အတွေ့ကြုံကလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ဝါတွင်းကာလ၌ ဆုတောင်းခြင်း သည် အရေးကြီးသည်။ တာ၀န်၀တ္တရားတစ်ခုလိုမဟုတ်ဘဲ ဘုရား၏မေတ္တာကို တုန့်ပြန်ရန် ကျွန်ုပ်တို့၏ လိုအပ်ချက်တစ်ခုကဲ့သို့ ဖြစ်ရမည်။ ဘုရား၏ မေတ္တာနှင့် မထိုက်တန်သော်လည်း အချစ်ခံနေရသေး၏။ ပုံစံအမျိုးမျိုးနှင့် ဆုတောင်းကြသော်လည်း ဘုရားသခင်၏ရှေ့၌ အရေးကြီးသည်မှာ စိတ်အတွင်းထဲ၌ စိမ့်၀င်၍ မာကြောနေသောနှလုံးသားကို နှုးညံ့ပြောင်းလဲစေကာ ဘုရားသခင်၏ အလိုတော်ကို လိုက်ကျင့်ရန် စိတ်ပိုင်းဖြတ်ခြင်းသာလျှင် ပဓာနကျသည်။
ကျေးဇူးတော်နှင့်ပြည့်ဝသော ဝါတွင်းအချိန်အခါမှာ ကျွန်ုပ်တို့ကိုယ်ကို အီစရာအဲလ် လူမျိုးများကဲ့သို့ သဲကန္တာရထဲသို့ ခေါ်ဆောင်သွားရမည်။ သို့မှသာ ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွင်းမှ အသံကို ကြားရပြီး တုန့်ပြန်နိုင်ပေလိမ့်မည်။ နှုတ်ကပါတ်တော်နှင့် ပြည့်ဝလေလေ၊ ဘုရားသခင်၏ ကရုဏာ မေတ္တာကိုလည်း ခံစား ရလေလေဖြစ်သည်။ ဤကျေးဇူးတော်အချိန်အခါကို အချည်းအနှီး မဖြစ်စေပါနှင့်။ ဘုရားသခင်ထံ ပြန်လှည့်၍ အကျင့်ပြောင်းလဲနိုင်သော ဤအချိန်သမယကို မိုက်မဲသော အရာများနှင့် မကုန်ဆုံးစေပါနှင့်။
၃။ မိမိ၏ သားသမီးများနှင့် အပြန်အလှန်ပြောဆိုရန် ဘုရားရှင်၏ ပြင်းပြသော ဆန္ဒ
ကျွန်ုပ်တို့ အကျင့်တရားပြောင်းလဲရန်အတွက် ဘုရားသခင်မှ အခွင့်အရေးပေးခြင်းကို အလကားသက် သက် မမှတ်ယူသင့်ပါ။ အခွင့်အရေးသစ်သည် ကျေးဇူးတရားသိတတ်ခြင်းကို နှိုးဆွပေးရာ အကြောင်း ဖြစ်စေပြီး၊ ကျွန်ုပ်တို့၏ ပျင်းရိခြင်းကို လှုပ်နှိုးပေးသောအရာ ဖြစ်သင့်သည်။ တခါတရံ မကောင်းမှု အပြစ်ဒုစရိုက် များ ပြုမိသော်ညားလည်း ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရရန် ဘုရားရှင်ဖက်မှ အစဉ်မပြတ် ဆက်သွယ် ပြောဆိုနေ လျှက်ရှိသည်။ ကာစင်တင်ခံရသော ခရစ်တော်သည် အပြစ်ကို မသိ၊ မပြုလုပ်သော်လည်း ကျွန်ုပ်တို့အတွက် အပြစ်ကို ခံထမ်းခဲ့သည်။ ဘုရားသခင်၏ ကယ်တင်လိုသောဆန္ဒဖြင့် ကျွန်ုပ်တို့၏ အပြစ်၀န်ထုပ်အောက်၌ ခမည်းတော် ဘုရားသည် သူ၏ သားတော်အား ခံထမ်းစေခဲ့သည်။ ထိုအကြောင်းကို ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်အရှင် သူမြတ်က "မိမိကိုယ်ကိုဆန့်ကျင်၍ ဘုရား၏ ငဲ့ကွက်ကယ်တင်ခြင်း" အဖြစ်ဖော်ပြခဲ့သည်။
ပါစကား နက်နဲဖွယ်ရာအားဖြင့် ကျွန်ုပ်တို့အယောက်စီတိုင်းနှင့် ဘုရားသခင် တည်ဆောက်လိုသော ဆွေးနွေးပြောဆိုခြင်းမှာ အရေမရ အဖက်မရ အနှစ်မရှိ ပြောဆိုတတ်ခြင်းမျိုးဖြင့် အချိန်ကုန်စေခြင်းမဟုတ်ပေ။ "အေသင်မြို့သူ မြို့သားများနှင့် ထိုမြို့တွင် နေထိုင်ကြသော တိုင်းတစ်ပါးသားတို့သည် ဆန်းသစ်သော အရာများကို ပြောဆိုခြင်းနှင့် ကြားနားခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေကြ၏" (တမန်တော်၀တ္ထု ၁၇ း၂၁)။ ဤသို့သော အပေါ်ယံ အနှစ်မဲ့ ပြောဆိုခြင်းသည် ခေတ်အဆက်ဆက်တိုင်း၏ လောကီဆန်ခြင်းကို ဖော်ပြနေသည်။ ယခု ကျွန်ုပ်တို့ခေတ်မှာလည်း မီဒီယာကို အကောင်းဖက်၌ အသုံးမပြုတော့ဘဲ အချိန်ဖြုန်း ခြင်းဖက်သို့ ဦးတည်နေတော့သည်။
ကျွန်ုပ်တို့ ဝါတွင်းကာလကို အောက်မေ့ ကျင်းပခြင်းသည် ဘုရားရှင်၏အသံကို ကြား၍ ဘုရားနှင့်လူ ကျေအေးသင့်မြတ်ကာ ပါစကားနက်နဲဖွယ်ရာများကို ထောက်ရှုဆင်ခြင်ပြီး အကျင့်တရားများ ပြောင်းလဲလျှက် ဘုရားသခင်နှင့် ရိုးသားပွင့်လင်းစွာ တွေ့ဆုံပြောဆိုနိုင်သည့် အချိန်ကာလ ဖြစ်စေမည့်အကြောင်း အလွန်မွန်မြတ်သော မယ်တော်မာရီယားအား ကျွန်ုပ်တို့အဖို့ ဆုတောင်းပေးမည့်အကြောင်း တောင်းခံပါသည်။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်သခင် တပည့်တော်ကြီးတို့အား မှာကြားခဲ့သော "လောက၏ဆား၊ လောက၏အလင်းများ" ဖြစ်လာကြပါလိမ့်မည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
------------------------------------------
ဘာသာပြန်ဆိုသူ
- သီကိုရှင်း
Add new comment