ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ (၃၅) ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ သဝဏ်လွှာ ဧပြီလ ၅၊ ၂၀၂၀

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ (၃၅) ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ သဝဏ်လွှာ

ဧပြီလ ၅၊ ၂၀၂၀

"အချင်းလုလင်၊ ထလော့၊ သင့်အား ငါ အမိန့်ရှိသည်" (လုကား ၇ : ၁၄)

ချစ်လှစွာသော လူငယ်မောင်မယ်များတို့

၂၀၁၈ ခုနှစ်အောက်တိုဘာလမှာ "လူငယ်များ၊ ယုံကြည်ခြင်းနှင့် ခေါ်တော်မူခြင်းဆိုင်ရာ ဆန်းစစ် သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်များရဲ့ ညီလာခံမှာ ယနေ့ခေတ်လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ လူငယ်တွေရဲ့ ဘဝအဓိပ္ပါယ်ရှာဖွေခြင်း၊ လူငယ်များနှင့် ဘုရားသခင် ရင်းနှီးစပ်နွယ်မှု စတဲ့ အကြောင်းအရာ တွေကို အသင်းတော်က ထောက်ရှုသုံးသပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ပနားမား ကမ္ဘာ့လူငယ်များနေ့မှာ ကမ္ဘာတစ်ဝှမ်းမှ လူငယ်ပေါင်းများစွာကို ကျွနု်ပ် ဆုံတွေ့ခဲ့ရတယ်။ လူငယ်များရဲ့ ညီလာခံနဲ့ ကမ္ဘာ့လူငယ်များနေ့ ကျင်းပတာတွေကိုကြည့်ခြင်းအားဖြင့် အသင်းတော်က လူငယ်တွေနဲ့အတူ ခရီး ပြု လျှောက်လှမ်းပေးနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။

ဒီခရီးစဉ်တစ်လျှောက်မှာ လျှောက်ခဲ့တဲ့ မိုင်တိုင်လေးတွေကို ရောက်တိုင်းရောက်တိုင်း ခြေလှမ်းသစ်နဲ့ အသစ် စတင်ခြင်းတွေ ပြုလုပ်ကြဖို့ ဘုရားသခင်နဲ့ ဘဝက လူငယ်တွေကို စိန်ခေါ်နေပါတယ်။ လူငယ်တွေ အနေနဲ့ ဒီအပိုင်းမှာ ဆရာကျနေပြီဖြစ်မှပါ။ လူငယ်တွေက ခရီးတွေထွက်ချင်တယ်။ နေရာသစ်တွေ၊ လူသစ် တွေကို ရှာဖွေချင်တယ်။ အတွေ့ကြုံအသစ်တွေကို ရချင်ကြတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၂၂ မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့လူငယ်များနေ့ကို ပေါ်တူဂီနိုင်ငံရဲ့ မြို့တော် လစ္စဘွန်မြို့ကို ကျွနု်ပ် ရွေးချယ် ထားခြင်းဖြစ်တယ်။ ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်တွေမှာ လစ်ဘွန်ကနေ လူငယ်တွေ တော်တော်များများက ခရစ်တော်ဘုရားကို တစ်ပါးသူတွေနဲ့ ဝေမျှ တွေ့ဆုံနိုင်ဖို့ မသိသေး၊ မရောက်ဖူးသေးတဲ့ နေရာဒေသတွေကို သာသနာပြုဖို့ ထွက်ခဲ့ ကြတယ်။ လစ်ဘွန်မှာ ကျင်းပမယ့် ကမ္ဘာ့လူငယ်များနေ့ရဲ့ ခေါင်းစဉ်က "မာရီယားသည် ထ၍ အလျင်အမြန် သွားလေ၏" (လုကာ ၁း ၃၉) ဖြစ်ပါတယ်။ ၂၀၂၂ မတိုင်မီ ဒီကြားကာလ ၂ နှစ်တာအတွင်းမှာ လူငယ်များနဲ့အတူ ကျမ်းပိုဒ် ၂ ချက်ကို ဝေမျှ ထောက်ရှုချင်ပါတယ်။ ၂၀၂၀ အတွက် "အချင်းလုလင် ထလော့၊ သင့်အား ငါ အမိန့်ရှိသည်" (လုက ၇ း၁၄) ဖြစ်ပြီး ၂၀၂၁ အတွက် "ထလော့၊ သင် မြင်တွေ့ခဲ့သော အရာများကို သက်သေခံရန် သင်အား ငါ ခန့်အပ်ထားပြီ" (တမန်တော်ဝတ္ထု ၂၆ း ၁၆) ဆိုတဲ့ ကျမ်းချက်တွေကို ရွေးချယ်ထားပါတယ်။

ကျမ်းပိုဒ် ၃ ခုလုံးမှာ "ထလော့" ၊ "ထ၍" ဆိုတဲ့ စကားလုံးတွေကို သတိပြုမိမှာပါ။ ဒီစကားတွေက ရှင်ပြန်ထမြောက်ခြင်းအကြောင်း၊ ဘဝအသစ်ကို နိုးထ အသက်ရှင်ရမယ့်အကြောင်းတွေကို ပြောပြနေတာပါပဲ။ "ခရစ်တော်သည် အသက်ရှင်လျှက် ရှိသည်" စာချွန်တော်မှာလည်း ဒီစကားလုံးကို ထပ်တလဲလဲ တွေ့ရတယ်။ ဒီစာချွန်တော်ကို လူငယ်များရဲ့ ဘဝလမ်းခရီးမှာ မီးအိမ်သဖွယ် အထောက်အကူပြုလမ်းပြဖို့ ကျွနု်ပ် ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပါတယ်။ လစ္စဘွန် ကမ္ဘာ့လူငယ်များနေ့ကို ဦးတည်သွားနေတဲ့ ဒီခရီးမှာ လူငယ်များအတွက် ထုတ်ပြန်ထားတဲ့ ဒီစာချွန်တော်တွေဟာ လက်တွေ့အသုံးချ လိုက်နာနိုင်ရန်နှင့် လူငယ်တမန်တော် လုပ်ငန်းမှာ အပ်နှံဆက်ကပ် လုပ်ဆောင်နေကြသူတွေကိုလည်း လမ်းပြခေါ်ဆောင်နိုင်လိမ့်မယ်လို့ ကျွနု်ပ် ရိုးစင်းစွာ မျှော်လင့်မိပါတယ်။

ယခုနှစ် ၂၀၂၀ ကမ္ဘာ့လူငယ်များနေ့ ခေါင်းစဉ်ကို ပြန််လည်ထောက်ရှုကြစို့။ "အချင်းလုလင် ထလော့၊ သင့်အား ငါ အမိန့်ရှိသည်"။ "ခရစ်တော်သည် အသက်ရှင်လျှက်ရှိသည်" စာချွန်တော်မှာ ဒီကျမ်းချက်ကို ကျွနု်ပ်ဖော်ပြခဲ့ဖူးတယ်။ "သင်တို့ရဲ့ရှင်သန်ခြင်းတွေ၊ အိပ်မက်တွေ၊ စိတ်အားထက်သန်ခြင်းတွေ၊ အကောင်း မြင်စိတ်တွေ၊ ရက်ရောခြင်း သဒ္ဓါတရားတွေ ဆုံးရှုံးသွားပြီဆိုရင် ယေဇူးဘုရားက မုဆိုးမရဲ့သားငယ် အလောင်းရှေ့မှာ ရပ်နေခဲ့သလို သင်တို့ရှေ့မှာလည်း ရပ်နေမယ်။ ပြီးတော့ ကိုယ်တော်ရဲ့ ရှင်ပြန် ထမြောက်ခြင်း တန်ခိုးတော်နဲ့ "အချင်းလုလင် ထလော့၊ သင့်အား ငါ အမိန့်ရှိသည်" လို့ ဆိုနေပါလိမ့်မယ်။ (စာချွန်တော် - နံပါတ် ၂၀)
ကျမ်းစာထဲမှာ ယေဇူးဘုရားက ဂါလီလဲ နာအိမ်မြို့ကို ဝင်တဲ့အချိန် လူငယ်တစ်ယောက်ရဲ့ စျာပန အခမ်းနားနဲ့ သွားဆုံတယ်။ သူက မုဆိုးမ မိခင်ကြီးရဲ့ တစ်ဦးတည်းသော သား။ မိခင်ကြီးရဲ့ လှိုက်ဖို ဝမ်းနည်း ခြင်းတွေက ခရစ်တော်ရဲ့ ရင်ဘတ်ဆီ ကူးစက်သွားခဲ့ပြီး အံဖွယ်စွာနဲ့ မုဆိုးမရဲ့ သားကို ပြန်လည် အသက်ရှင် စေခဲ့တယ်။ ခရစ်တော်ဘုရားရဲ့ နှုတ်ထွက်စကားနဲ့ ပြုမူဆောင်ရွက်ချက်တွေကို အနည်းငယ်ထောက်ရှုကြည့်ကြ စို့။

~ နာကျင်မှုနဲ့ သေခြင်းကို မြင်နိုင်စွမ်းရှိသူ

လူငယ်လေးရဲ့ စျာပန အခမ်းအနားကို သခင်ယေဇူးက သေချာ စိုက်ကြည့်နေခဲ့ပါတယ်။ လူအုပ်ကြီး ကြားထဲကနေ ဝမ်းနည်းကြေကွဲမှုတွေ ပြည့်နေတဲ့ မိခင်ရဲ့ မျက်နှာကို မြင်တွေ့နိုင်ခဲ့တယ်။ သူ့ရဲ့ မြင်တွေ့နိုင် ခြင်းက အသက်သစ်ကို စတင်ခြင်းပဲ။ စကားလုံးတွေ သိပ်ပြောဖို့ မလိုဘူး။ ကျွနု်ပ်တို့ရဲ့ မြင်နိုင်စွမ်းတွေကရော ဘယ်လို အခြေအနေရှိလဲ။ တစ်ခုခုကို ကြည့်တဲ့အခါမှာ သေချာ ကြည့်လား၊ ဒါမှမဟုတ် ဖျက်ကနဲ သာမန်ကာလျံကာပဲ ကြည့်လိုက်တာမျိုးလား။ သေသေချာချာ မကြည့်ဘဲ ဘယ်နှစ်ကြိမ်လောက် ဖြတ်သန်းခဲ့ လိုက်ပြီလဲ။ တခါလေ ဓါတ်ပုံရိုက်တဲ့အခါမှာ ဓါတ်ပုံထဲပါတဲ့သူတွေရဲ့ မျက်လုံးတွေကို သေချာမကြည့်ပဲ မြန်မြန် ဆန်ဆန်ပဲ ရိုက်တတ်ကြတယ်။
ကျွနု်ပ်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေ၊ အထူးသဖြင့် ကိုယ့်အတွင်းထဲမှာ ဖြစ်နေတဲ့ ခန္ဓာပိုင်း၊ ဝိဉာဉ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းတွေမှာ သေဆုံးနေတဲ့အရာတွေကို မြင်တွေ့ သတိမူမိကြလား။ ဒီအတိုင်းပဲ ပြီးပြီးရော ထားခဲ့လိုက်ကြတာလား။ သူတို့ကို အသက်ပြန်သွင်းဖို့ ကျွနု်ပ်တို့ လုပ်နိုင်တဲ့ နည်းလမ်း တစ်ခုခုများ မရှိတော့ဘူးလား။ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အပြုသဘောမဆန်တဲ့ အခြေအနေတွေကိုလည်း ကျွနု်ပ် ရိပ်စားမိပါတယ်။ တချို့တွေက လက်ရှိဘဝကို စွန့်စွန့်စားစားနဲ့ အသက်ရှင်ကြတယ်။ တချို့တွေက ရှင်လျှက်နဲ့သေနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားနေရလို့ပဲ။ လူငယ်အမျိုးသမီးတစ်ယောက် ပြောဖူးပါတယ်။ "ကျမသူငယ်ချင်းတွေနဲ့ ပါဝင်ပတ်သက်ဖို့ ကျမ စိတ် သိပ်မပါ ဘူး။ ပြန်ထဖို့လည်း ခွန်အားမရှိဘူးလေ"။ ဝမ်းနည်းစရာပဲ။ လူငယ်တွေကြားမှာ စိတ်ဓါတ်ကျရောဂါတွေ ပျံနှံ့နေ တယ်။ တချို့သူတွေဆိုရင် ကိုယ့်ဘဝကိုတောင် အဆုံးစီရင်လိုက်တဲ့အထိ ဖြစ်သွားကြတယ်။ ဒီလိုအခြေအနေ လူငယ်တွေကြားမှာ ဘယ်လောက်တောင် ရှိနေပြီလဲ။ လူငယ်တွေရဲ့ ငိုညည်းသံတွေကို ဘယ်သူတွေ နားစွင့် နေကြလဲ။ စိတ်ဓါတ်ကျစေတဲ့လူတွေ၊ ဖာသိဖာသာနေတတ်တဲ့ အေးစက်စက် လူတွေနဲ့သာ လူငယ်တွေ ကြုံနေ ရတယ်။

တချို့တွေကျ အပေါ်ယံတွေနဲ့ သူတို့ဘဝတွေကို ဖြုန်းတီးနေကြတယ်။ အတွင်းမှာ သေနေတာကို မမြင်ဘဲ သူတို့ကိုယ်သူတို့ အသက်ရှင်နေကြတယ်လို့ ထင်နေကြတယ်။ အသက် ၂၀ မှာ လူငယ်တစ်ယောက် က သိက္ခာပြည့်ဝတဲ့ ဘဝကို မြှင့်တင်မယ့်အစား ဆွဲချနေကြတယ်။ ခဏတဖြုတ် သာယာမှုတွေ၊ တစ်မိနစ်စာ ဆွဲဆောင်မှုတွေနောက်ကိုလိုက်ရင်း နစ်မြုပ်ပျောက်ဆုံးနေကြတယ်။ ဒစ်ဂျစ်တယ်ခေတ်ရဲ့ ရိုက်ခတ်မှုကလည်း လူငယ်၊ လူကြီး အားလုံးကို သက်ရောက်မှုရှိနေတယ်။ တချို့ကျတော့ ငွေရဖို့လမ်း၊ ပိုင်ဆိုင်ကြွယ်ဝဖို့အတွက်ပဲ ခေါင်းထဲမှာ ရှိတော့တာ။ ဒါတွေက ဘဝရဲ့ ပန်းတိုင်တွေဖြစ်လာတယ်။ ရေရှည်ကျတော့ ပျော်နိုင်မှာ မဟုတ်ဘူး။ ဟာတာတာနဲ့ အဓိပ္ပါယ်မဲ့တာမျိုးတွေ ဝင်လာတော့မယ်။

မကောင်းတဲ့အခြေအနေဆိုးတွေကလည်း ဘဝရဲ့ ကိုုယ်ပို်င် ဆုံးရှုံးမှုတွေကို ဦးတည်တတ်ပါသေးတယ်။ မိမိတန်ဖိုးထား ဂရုစိုက်နေတဲ့အရာတွေ၊ တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတဲ့အရာတွေက အရာမထင် တဲ့အခါ အချည်းအနှီးသက်သက်ပါပဲလို့ မြင်လာတယ်။ ဒါမျိုးခံစားချက်က စာသင်ကျောင်းတွေမှာ အများပိုင်းတွေ့ရ တယ်။ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ၊ မဖြစ်လာတဲ့အခါ စိတ်ဓါတ်ကျတယ်။ အိပ်မက် မက်ဖို့ အဆုံးသတ်လို်ကတဲ့အခါ သေသွားဖို့ ခံစားချက်တွေ ကိန်းအောင်လာတယ်။ တကယ်တော့ ဆုံးရှုံးခြင်းဆိုတာ တွေက ဘဝရဲ့ အစိတ်အပို်င်းတစ်ခုပါပဲ။ ကျွနု်ပ်တို့ တွေးထင်ထားတဲ့အရာက ပျော်ရွှင်စေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ၀ိုးတဝါးပုံရိပ်ကြီးပဲ။ နောက်ဆုံးမှာ ကျွနု်ပ်တို့ကို ပြိုယိုင်လဲ သွားစေနိုင်တယ်။

ခန္ဓာပိုင်း၊ ကိုယ်ကျင့်တရားပိုင်းတွေမှာ လူငယ်တွေ သေဆုံးနေကြတဲ့ အဖြစ်အပျက် အခြေအနေတွေ အများကြီး ရှိပါတယ်။ မူးယစ်ဆေးစွဲတာ၊ ရာဇဝတ်မှုကျူးလွန်တာ၊ ဆင်းရဲချွတ်ခြုံကျတာ၊ နာတာရှည်နာမကျန်း ဖြစ်နေတာတွေ အများကြီးပဲ။ စဉ်းစားကြည့်ပါ လူငယ်တို့။ ဘယ်အရာတွေမှာ ကိုယ်ဟာ သေနေလဲ။ တချိန်ထဲမှာပဲ ကျမ်းစာထဲက လူငယ်လေးဟာ သေဆုံးနေခဲ့ပေမဲ့ ပြန်အသက်ရှင်လာတယ်ဆိုတာကို သတိရပါ။ သူ့ကို ဘုရားက မြင်တွေ့ပြီး ပြန်လည် အသက်သွင်းပေးခဲ့တယ်။ ကျွနု်ပ်တို့လည်း ဒီအတိုင်းပဲ ဘုရားက ပြန်လည် အသက်သွင်းပေးနိုင်ပါတယ်။

~ သနားတတ်သော နှလုံးသား

သူတစ်ပါးရဲ့ နာကျင်ကြေကွဲမှုတွေကို ကြုံတွေ့တဲ့အခါ ဖြစ်ပျက်တတ်တဲ့ ခံစားချက်တွေကို ကျမ်းစာ ထဲမှာ တွေ့ရတယ်။ သခင်ယေဇူးရဲ့ ခံစားချက်က တစ်ပါးသူတွေနဲ့ မျှဝေနိုင်တဲ့အထိ ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ နာကျင်မှုက သခင်ယေဇူးရဲ့ နာကျင်ခြင်းဖြစ်ခဲ့တယ်။ မုဆိုးမရဲ့ ကြေကွဲမှုက ခရစ်တော်ရဲ့ မဖြေဆည်နိုင်တဲ့ ကြေကွဲမှု ဖြစ်ခဲ့တယ်။ လူငယ်လေးရဲ့ သေခြင်းကိုလည်း ကိုယ်တော်က မိမိရဲ့ သေခြင်းလိုခံယူခဲ့တယ်။ လူငယ်တွေအနေနဲ့ သနားကြင်နာခြင်းတွေ ပြသနိုင်ရမယ်။ အခြေအနေတွေ တောင်းဆိုလာရင် လူငယ်တွေ ရက်ရောကြင်နာတတ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေဖြစ်လာတိုင်း ဆက်ကပ်လူငယ်တေါကပဲ လက်ကမ်း ကူကြတာပဲလေ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ အသိရှိသေးတဲ့ လူငယ်ဟာ ကမ္ဘာကြီးရဲ့ ငိုသံကို ကြားနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပဲ။

ချစ်လှစွာသော လူငယ်များတို့၊ သူများတွေရဲ့ နားကျင်ငိုကြွေးခြင်းတွေကို နားစွင့်ထားကြပါ။ ငိုနေတဲ့ သူတွေ၊ သေနေတဲ့သူတွေအစား ခံစားမျှဝေးပေးနိုင်ရမယ်။ "တချို့ လက်တွေ့အဖြစ်အပျက်တွေက မျက်ရည် တွေနဲ့ ဆေးကြေားထားတဲ့ မျက်လုံးတွေနဲ့ပဲ မြင်တွေ့နိုင်တယ်" (စာချွန်တော် နံပါတ် ၇၆)။ ငိုနေတဲ့သူတွေနဲ့ ထပ်တူခံစားတတ်ဖို့ သင်ယူနိုင်မယ်ဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ရှာတွေ့နိုင်မှာပါ။ တချို့လူငယ်တွေဟာ အကြမ်းဖက်ခံ၊ နှိပ်စက်ခံနေရတာတွေ ရှိတယ်။ သူတို့ရဲ့စကားတွေက သင်တို့ရဲ့ ရင်ထဲကလာတဲ့ စကားသံတွေ ဖြစ်ပါစေ။ ဒီလိုဆိုရင် လောကကြီးအတွက် မျှော်လင့်ခြင်းကို ဆောင်ကျဉ်းပေးတဲ့သူတွေ ဖြစ်လာလိမ့်မယ်။ "ထစမ်းပါ၊ မင်းတစ်ယောက်ထဲမဟုတ်ဘူး" ဆိုတဲ့ အားပေးစကားမျိုးကို ပြောနိုင်လာလိမ်မယ်။ ဘုရားသခင်က လူတွေကို ချစ်တယ်၊ ခရစ်တော်က ဆွဲထူဖို့ လက်ကမ်းနေတယ်ဆိုတာကို လူတွေသိအောင် လူငယ်တွေ ပြောပြကူရလိမ့်မယ်။

~ ရှေ့ထွက်ပြီး လာထိလှည့်ပါ

သခင်ယေဇူးက လူငယ်လေးရဲ့ စျာပနကို ရပ်ခိုင်းခဲ့တယ်။ သူ ရှေ့ထွက်လာတယ်။ သူ့ရဲ့ နီးစပ်မှုကို ပြခဲ့တယ်။ နီးစပ်မှုကနေ အသက်ပေးသွင်းနိုင်တဲ့ ခွန်အားတွေအဖြစ် ပြောင်းသွားတယ်။ ရှင်သန်နေတဲ့ ခရစ်တော်ရဲ့ တို့ထိမှုက အသက်ကို ပြန်ပေးနိုင်တယ်။ အဲ့ဒီတို့ထိမှုကပဲ နာကျင်မှုတွေ၊ စိတ်ပျက်ခြင်းတွေကို ကုစားပေးခဲ့တယ်။ ဒါ ဘုရားရဲ့ တို့ထိခြင်း။ တို့ထိခြင်းဆိုတာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုလည်း ဟုတ်တယ်။ လွတ်မြောက်ခြင်းနဲ့ ပြည့်ဝသော အသက်တာကို ခရစ်တော်က တို့ထိပြီး ပေးခဲ့တယ်။
လူငယ်တို့ ၊ သင်တို့ ဆုံတွေ့တဲ့ တစ်ပါးသူရဲ့ နာကျင်ခြင်းဝေဒနာတွေ၊ သေလုမျောပါးဖြစ်နေတာတွေကို ရှေ့ထွက်ပြီး ကြည့်ကြပါ။ ခရစ်တော်လို သူတို့ရဲ့ဘဝကို နီးနီးကပ်ကပ်ကြည့်ပြီး တို့ထိခြင်းအားဖြင့် အသက်ပြန် သွင်းပေးလို့ရပါတယ်။ ဘုရားသခင်ရဲ့ မေတ္တာနဲ့ သင်ဟာ အရင်ဆုံး ထိတွေ့ခံစားရပြီဆိုရင်၊ ဘုရားရဲ့ ကောင်းမြတ်ခြင်းကြောင့် သင့်နှလုံးသားက အရည်ပျော်ခဲ့ဖူးမယ်ဆိုရင်၊ နီးစပ်သူ ညီအစ်ကိုမောင်နှမတွေနဲ့ နီးကပ်စွာ ချဉ်းကပ်တို့ထိနိုင်မှာပါ။ ခရစ်တော် တို့ထိသလို တို့ထိနိုင်မယ်။ အသက်ပြန်ပေးသွင်းနိုင်မယ်။ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ ပြန်မွေးဖွားပေးနိုင်လိမ့်မယ်။

~ အချင်းလုလင် ထလော့၊ သင့်အား ငါ အမိန့်ရှိသည်

လူငယ်လေးရဲ့ နာမည်ကို ကျမ်းစာထဲမှာ ပြောပြမထားပါဘူး။ ဒါဟာ အားလုံးနဲ့ ဆက်စပ်နေတယ်။ သူနေရာမှာ သူသူ၊ ငါ ငါ အားလုံးဖြစ်နိုင်တယ်။ "ထလော့" လို့ ကိုယ်တော်က ဆိုခဲ့တယ်။ လဲကျတဲ့အခါမှာ ပြန်ထရတာကို ခရစ်ယာန်တစ်ယောက်အနေနဲ့ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ လမ်းခရီး မလျှောက် တဲ့သူက ဘယ်မှ မရွေ့တော့ ကျစရာလည်း အကြောင်းမရှိိဘူး။ လျှောက်လို့လဲတာ ကိစ္စမရှိဘူး။ ဘယ်မှ မလျှောက်ရင် ဘယ်မှ မရောက်ဘူး။ ခရစ်တော်ပေးတဲ့ အသက်သစ်က ရှင်သန်ထိုက်ပါတယ်။ ခရစ်တော်က သူနဲ့အတူ လျှောက်ခိုင်းနေတာပါ။ လဲရင် ပြန်ထဖို့ သူ လက်ကမ်းပေးနေတယ်။

ဒီဘဝက တကယ်တော့ အသစ်ပြုပြင်ခြင်း၊ အသစ်မွေးဖွားခြင်းပါပဲ။ "မိမိကိုယ်ကို ယုံကြည်စိတ်ထားပါ" "မိမိအတွင်းပိုင်းကို နက်နက်နဲနဲ ရှာဖွေကြည့်ပါ" "မိမိပြုလုပ်နိုင်တဲ့ စွမ်းအားတွေကို သတိပြုပါ" စသဖြင့် ကျွနု်ပ်တို့ ပြောကြတယ်။ အတွင်းပိုင်းသေနေပြီဆိုရင် ဒီစကားတွေကိုလည်း ကြားနိုင်မှာ မဟုတ်တော့ပါဘူး။ ခရစ်တော်ရဲ့ စကားကသာ တကယ်ခွန်အားပေးပြီး အသက်ပြန်သွင်းပေးနိုင်စွမ်း ပိုရှိပါတယ်။

~ ရှင်ပြန်တဲ့သူတစ်ယောက်လို အသက်သစ်ကို လျှောက်လှမ်းပါ

လူငယ်လေးက စကားစပြောဖို့ လုပ်တယ်လို့ ကျမ်းစာထဲမှာ ပြောတထားတယ်။ ခရစ်တော်နဲ့ ထိတွေ့ပြီး အသက်ပြန်ရှင်လာတဲ့အခါ ချက်ချင်း စကားပြောဖို့ စတင်တော့တယ်။ သူဘာဖြစ်နေတာလဲ သူမသိဘူး။ စကား ပြောတယ်ဆိုတာ တစ်ပါးသူနဲ့ ရင်းနှီးစွာ သူတို့ရဲ့ဘဝထဲကို ဝင်လာခြင်းပဲ။ သေတဲ့အခါ ကိုယ့်ဟာကို ပိတ်မိနေတယ်။ သူတစ်ပါးနဲ့ လည်း အဆက်သွယ် ပြတ်တောက်သွားတယ်။ ဒီနေ့ခေတ်မှာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တယ်လို့ ပြောတာထက် ချိတ်ဆက်နေတယ်လို့ ပြောရင် ပိုမှန်မယ်။ လူငယ်တို့၊ ခရစ်တော်ရဲ့ စကားအတိုင်း ထပြီးတော့ ရှင်သန်ကြဖို့ ကျွနု်ပ်ဖိတ်ခေါ်ချင်တယ်။ ဒီဖိတ်ခေါ်ချက်ကိုလည်း ဖြန့်ဝေကြရအောင်။ စကားလုံးထက် လက်တွေ့ဘဝတွေကို ရင်ဆိုင်ကြဖို့ ဘုရားသခင်က ဖိတ်ခေါ်နေတယ်။ "ထပါ" ဆိုတဲ့ ဒီစကားက အနာဂတ်တွေ အိပ်မက်တွေနဲ့ ရှင်သန်ဖို့၊ စွန့်စားခြင်းတွေနဲ့ လောကကမ္ဘာကြီးအတွက် ပြောင်းလဲခြင်းတွေ လုပ်ကြဖို့ နှိုးဆော်ခြင်းလည်း ဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ အနေထားကနေ ထပါ။ ဒီသတင်းစကားကို နားလည်သဘောပေါက်တယ်ဆိုရင် လူငယ်တွေအတွက် ညီးငွေ့ဖွယ်၊ စိတ်ပျက်ဖွယ် အချိန် ဆိုတာ မရှိဘူး။ ရှင်သန်တက်ကြွမှုတွေနဲ့ ပြည့်နေလိမ့်မယ်။

မိမိက သူတစ်ပါးက အသက်ပေးသူဖြစ်ရင် လက်ခံသူလည်း ရှိလိမ့်မယ်။ "လှပတဲ့ အရာတစ်စုံတစ်ခုကိုု သင် မြင်တွေ့တယ်ဆိုရင် ထိုင်နေရာက ထပြီး နောက်ထပ် အလှတစ်ခုကို ကြိုးစားပြုလုပ်ကြည့်စမ်းပါ" လို့ လူငယ် အမျိုးသမီး တစ်ယောက်က ပြောခဲ့ဖူးတယ်။ အလှတရားက စိတ်ပြင်းပြမှုကို နိုးထစေတယ်။ လူငယ်တစ်ယောက် စိတ်ဓါတ် ပြင်းပြနေရင် တစ်ခုခုကို ထပြီး လုပ်ဆောင်မှာပဲ။ လူငယ်တွေ သေရာကနေ ထကြတော့။ ခရစ်တော်ရဲ့ သက်သေခံလေးတွေ အဖြစ် မိမိတို့ ဘဝကို အသက်ရှင်ကြရအောင်။

လူငယ်တို့၊ သင်တို့ရဲ့ ပြင်းပြလှတဲ့ ဆန္ဒတွေ၊ အိပ်မက်တွေက ဘာတွေလဲ။ သင်တို့ရဲ့ အသံတွေကို ကြားသိအောင်လုပ်ကြပါ။ သခင်ယေဇူးက မိမိကိုယ်ပဲ အာရုံပြုတတ်တဲ့သူဆိုရင် မုဆိုးမရဲ့သား လူငယ်လေးလည်း အသက်ပြန်ရှင်လာစရာ အကြောင်းမရှိတော့ဘူး။ လူငယ်လေးရဲ့ အသက်ပြန်ရှင်ခြင်းက သူ့အမေကိိုပါ ပြန်အသက်သွင်းပေးလိုက်သလိုပါပဲ။ အဲ့ဒီမုဆိုးမ အမျိုးသမီးမှာ အမိမယ်တော်ရဲ့ ပုံရိပ်ကို ကျွနု်ပ်တို့ တွေ့မြင်ရတယ်။ သူမထံမှာ လူငယ်များအားလုံးကို ကျွနု်ပ် အပ်နှံပူဇော်ပေးပါတယ။် မယ်တော်ကလည်း အသင်းတော်ကြီးလို လူငယ်အယောက်စီတိုင်းကို မေတ္တာနဲ့ ဖိတ်ခေါ်ကြိုဆိုနေပါတယ်။ သေနေတဲ့ လူငယ်တွေအတွက် ကြေကွဲနေတဲ့ လူငယ်တွေအတွက် အမိမယ်တော်ရဲ့ ကြားဝင်ဆုပန်ပေးခြင်းကို တောင်းခံကြရအောင်။ လူငယ်တွေ အသက်ပြန်ဝင်ပြီး ရှင်သန်နိုင်ကြဖို့ မယ်တော်ဆီမှာ အကူညီတောင်းခံကြ ရမယ်။ လူငယ်တွေဟာ မယ်တော်ရဲ့ သားသမီးတွေပါ။ လူငယ်တစ်ယောက် သေဆုံးမှုဟာ အသင်းတော်ရဲ့ သေဆုံးမှုလိုပဲ ဝမ်းနည်းစရာကောင်းပါတယ်။ လူငယ်တစ်ယောက် ထမြောက်ရှင်သန်ခြင်းဟာ အသင်းတော်ရဲ့ ရှင်သန်ခြင်းပါပဲ။
သင်တို့ရဲ့ ဘဝခရီးပြုလျှောက်လှမ်းခြင်းကို ကျွနု်ပ်ကောင်းကြီးပေးပတယ်။ လူငယ်များ ကျေးဇူးပြု၍ ကျွနု်ပ်အတွက်လည်း ဆုတောင်းပေးကြဖို့ တောင်းခံလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်

ဗာတီကန်၊ ရောမမြို့
ဖေဖေါ်ဝါရီလ ၁၁ရက်၊ ၂၀၂၀
လုဒ်မယ်တော်သခင်မပွဲ

 

Add new comment

7 + 3 =