ပုပ်ဖရန်စစ် အရှင်သူမြတ်၏ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက်

(၂၀၁၈ ခုနှစ် ဧပြီလ နှင့် မေလ အတွင်း ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ သွန်သင်ချက်)

ပုပ်ဖရန်စစ် အရှင်သူမြတ်၏
ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက်

ဆေးကြောခြင်း စက္ကရမင်တူးမင်္ဂလာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အပတ်စဉ် ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ကိုယ်တော်မြတ် စက္ကရမင်တူးနှင့် မစ္ဆားတရားတော်မြတ်အကြောင်း သွန်သင်ခဲ့ပြီးတဲ့နောက် ဆေးကြောခြင်း စက္ကရမင်တူး အကြောင်းကို ဆက်လက်သွန်သင်တော်မူခဲ့ပါတယ်။

၁။ ဆေးကြောခြင်းရဲ့ နက်နဲရာ

ခရစ်ယာန်ဘ၀အသက်တာဆိုတာ ခရစ်တော်ဆီကနေ လာပြီး ခရစ်တော်ကို ကျွန်ုပ်တို့ဘ၀ထဲမှာ ရှင်သန်စေခြင်းပဲဖြစ်ပါတယ်။ ခရစ်ယာန်ဘ၀ရဲ့ ဆေးကြောခြင်းစက္ကရ မင်တူးကို ခံယူခြင်းအားဖြင့် စတင်ကြရပါတယ်။ ဘုရားရှင်ရဲ့ ရွှေပုံသဏ္ဍန်အတိုင်း ပိုမိုထပ်တူကျစေဖို့ ဆေးကြောခြင်းခံယူပြီး ခရစ်တော်၌ ပါဝင်ရမှာပါ။ ဆေးကြောခြင်းဆိုတာ ခရစ်ယာန်ဘ၀တစ်ခုလုံးရဲ့ အစမူလ ဖြစ်တယ်ဆိုတာကို ဘုရားစကားမှာလည်း ကြားသိခဲ့ဖူးမှာပါ။ ပထမဆုံးခံယူရတဲ့ ဒီ ဆေးကြောခြင်းစက္ကရမင်တူး ကို ခံယူလိုက်တဲ့အခါမှာ ခရစ်တော်က မိမိဘ၀ထဲ ၀င်လာပြီး မိမိကိုယ်၌ကလည်း ခရစ်တော်ရဲ့ နက်နဲဖွယ်ရာ ထဲမှာ ပါဝင်ပတ်သက်လာပါတယ်။

ဆေးကြောခြင်းဆိုတဲ့ ဝေါဟာရကို ဂရိလိုဆိုရင် နှစ်ခြင်းခံရန်လို့ အဓိပ္ပါယ်ရပါတယ်။ အသစ်အစ ပျိုးသှူအတွက် ရေအားဖြင့် ဆေးကြောသန့်စင်ခြင်းကို သဘောဆောင်ပါတယ်။ ခန္ဓာကိုယ် ဒါမှမဟုတ် ဦးခေါင်း ကို ရေမှာ နှစ်တယ်။ လူ့ဝိညာဉ်ကိုကျတော့ အပြစ်ခွင့်လွှတ်ချမ်းသာရဖို့ ဘုရားသခင်ရဲ့ အလင်းအောက်မှာ ရှင်သန် နိုင်ဖို့ ခရစ်တော်၌ နှစ်မြှုပ်ခြင်းခံရပါတယ်။ အပြစ်ကြောင့် ဘုရားနဲ့ ဝေးကွာသွားရတဲ့ လူဟောင်းဘ၀ကို စွန့်ပြီး ခရစ်တော်၌ အသစ်မွေးဖွားခြင်းကို ခံရပါတယ်။ ဒါကြောင့် ဆေးကြောခြင်းဆိုတာ အသစ်တစ်ဖန် မွေးဖွားခြင်းပါပဲ။ ဘုရားသခင်၌ အသစ်မွေးဖွားခြင်းခံရတဲ့ ဒီနေ့ရက်ကို မမေ့လျော့ပစ်ကြပါနဲ့။ ဘုရားသခင်အားကျေးဇူးတင်ပြီး အမြဲ အမှတ်ရနေအောင် လုပ်ကြပါ။

ခရစ်တော်က ကောင်းကင်ဘုံသို့ မတက်ကြွခင်မှာ သူ့ရဲ့ တပည့်တော်ကြီးတွေကို မှာကြားခဲ့ပါတယ်။ “သင်တို့သည် သွား၍ လူမျိုးတကာတို့အား ငါ့တပည့်ဖြစ်စေကြလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်၌ ဆေးကြောခြင်းကို ပေးကြလော့” လို့ အမိန့်ရှိခဲ့ပါတယ်။ ဒါကြောင့် ဆေးကြောခြင်းကို ခံယူတဲ့ သူတိုင်းက ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားရဲ့ အသက်တာမှာလည်း ပါဝင်လာကြ ပါတယ်။ တကယ်တော့ ဆေးကြောခြင်းမှာ သုံးတဲ့ ရေဟာ ရိုးရိုး သာမန်ရေ မဟုတ်ပါဘူး။ အသက်ကို ပေးတဲ့ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဆေးကြောခြင်းခံတဲ့အခါ ၀ိညာဉ်တော်ကို လည်း ခံယူရရှိပြီး အသက်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အသစ်မွေးဖွားခြင်းခံကြရတယ်။

ခရစ်တော်၌ ဆေးကြောခြင်း ခံယူခြင်းအားဖြင့် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော်၊ တစ်နည်းအားဖြင့် အသင်တော် တည်ဆောက်ရေးမှာလည်း ပါဝင်မျှဝေကြရတယ်။ ဆေးကြောခြင်းခံရသူ ခရစ်ယာန်တွေဟာ ဘယ်တော့မှ တစ်သီးပုဂ္ဂလ အထီးကျန်စရာ မရှိပါဘူး။ ခရစ်တော်ရဲ့ ခန္ဓာကိုယ်၌ အားလုံးဟာ ညီအစ်ကို မောင်နှမတွေသာ ဖြစ်ပါတယ်။ မိမိအား ဘုရားပေးထားတဲ့ ဘ၀အခြေအနေအတိုင်း လောကကြီးအတွက် အသင်းတော်ထဲမှာ ခရစ်တော်နှင့်အတူ ပေါင်းစည်းရှင်သန်တတ်ဖို့ ဆေးကြောခြင်းစက္ကရမင်တူးက ကျွန်ုပ်တို့ကို အထောက်အပံ့ဖြစ် စေပါတယ်။ ဆေးကြောခြင်းကို တစ်ကြိမ်ထဲသာ ခံယူရရှိပြီး ဒီစက္ကရမင်တူးနဲ့ ကောင်းကင် သို့ ဘ၀ခရီးလမ်းကို ဦးတည်လျှောက်လှမ်းစေပါတယ်။ ကလေးဘ၀ထဲကစလို့ ယုံကြည်ခြင်းခရီးစဉ်ကို အစပြု ကြရတာတွေ ရှိတယ်။ ဒီနေရာမှာ ကလေးငယ်တွေကို ဆေးကြောခြင်းပေးတာနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုမေးနိုင်ပါတယ်။ ဘာကြောင့် ဘာမှ နားမလည်တဲ့ ကလေးတွေကို ဆေးကြောခြင်း ပေးရတာလဲ။ အမှန်တော့ ကလေးငယ်တွေကို ဆေးကြောခြင်းပေးတာဟာ အသင်းတော်အစကတည်းက ကျင့်သုံးခဲ့ ကြပါတယ်။ ကလေးတွေကိုယ်စား မိဘတွေက ယုံကြည်ခြင်းကို ၀န်ခံပေးကြတယ်။ ကြီးလာတဲ့အခါမှာ ယုံကြည်ခြင်း၌ တဖြေးဖြေးရှင်သန်ရင့်ကျက်လာပြီး မိမိ ခံယူခဲ့တဲ့ဆေးကြောခြင်းကို နားလည်အောင် သွန်သင်ရှင်းပြပေးရမှာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ဆေးကြောခြင်းပေးတဲ့အချိန် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက သူ့ဆီမှာ ကိန်းဝပ်ပြီး အဲ့ဒီကလေးကို ခရစ်ယာန်ပါရမီတရားတွေကို ရှင်သန်ကြီးထွား အောင် ကျေးဇူးတော်တွေ ပေးပါတယ်။ ဒါကြောင့် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား ကိန်းဝပ်လာတာမို့ ကလေးဘ၀ကတည်းကစပြီး ဆေးကြောခြင်းကို ပေးဖို့ လိုအပ်ပါတယ်။ ဆေးကြောခြင်းစက္ကရမင်တူးဟာ လူတိုင်းအတွက် ကျေးဇူးတော် လက်ဆောင်ဖြစ်ပါတယ်။ ဒီလက်ဆောင်ဟာ ယုံကြည်ခြင်းမြေ၌သာလျှင် ရှင်သန်ကြီးထွားလာတာမို့ ခရစ်တော်၌ ပိုပြီး ယုံကြည်ခြင်းထားရှိပြီး အမြဲတမ်း အသစ်မွမ်းမံဖို့လည်း လိုအပ်ပါသေးတယ်။

၂။ ခရစ်ယာန်ဘ၀ အစ

ဆေးကြောခြင်း ခံယူတဲ့အခါ ခံယူမယ့်သူရဲ့ နာမည်ကို ပြောပြရပါယ်။ နာမည်ဆိုတာ လူပုဂ္ဂိုလ်ရဲ့ အတိတ် နိမိတ် ပုံရိပ်တစ်ခုပဲဖြစ်ပါတယ်။ နာမည်မရှိရင် အဲ့ဒီလူဟာ အပြင်လူပါပဲ။ တာဝန်လည်း မရှိဘူး။ အခွင့်အရေး လည်း မရှိနိုင်ဘူး။ ဘုရားသခင်က လူကိုခေါ်တဲ့ခါမှာ တစ်ဦးချင်းစီကို နာမည်တပ်ပြီးခေါ်ပါတယ်။ ဆေးကြောခြင်းမှာ နာမည်ခံယူခြင်းအားဖြင့်လည်း လူက မိမိရဲ့ ခရစ်ယာန်ခေါ်တော်မူခြင်းကို အစပြုကြရတယ်။ အဲ့ဒီကနေတဆင့် ဘုရားရဲ့ခေါ်သံကို တဖြေးဖြေး တုန့်ပြန်သွားရမှာဖြစ်တယ်။ ခရစ်ယာန်ဘ၀ဆိုတာ အခေါ်ခံရ တာ ရှိသလို တုန့်ပြန်နားစွင့်ရတာမျိုးလည်း ရှိပါတယ်။ နာမည်တပ်ပြီး ဘုရားရှင်က ခေါ်လေ့ရှိတာမို့ နာမည်ဆိုတာ အရေးကြီိးလှပါတယ်။

ခရစ်ယာန်ဖြစ်လာရတဲ့ဘ၀အသက်တာဟာ အမြင့်မြတ်ဆုံးသော ကျေးဇူးတော်တစ်ခုဖြစ်ပါတယ်။ ယုံကြည်ခြင်းကို ၀ယ်ယူလို့မရဘူး။ တောင်းခံလို့ပဲ ရပါတယ်။ ဒါကြောင့် ကျေးဇူးတော်အဖြစ် ခံယူတတ်ဖို့ လိုပါတယ်။ မ၀ယ်နိုင်တဲ့ ယုံကြည်ခြင်းကို တောင်းခံကြတာဟာ အင်မတန်လှပတဲ့ ဆုတောင်းခြင်းတစ်ခုပါပဲ။ တကယ်တော့ ဆေးကြောခြင်းဆိုတာ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ အလင်းကျေးဇူးကို ခံယူပြီး ခရစ်တော်ရှင်ရဲ့ သတင်းကောင်းကို တုန့်ပြန်ကြဖို့ ယုံကြည်ခြင်း စက္ကရမင်တူးတစ်ပါးဆိုလည်း မမှားပါဘူး။ ဒီယုံကြည်ခြင်း စက္ကရမင်တူးကို ခရစ္စတူးအမှတ် သားခြင်းအားဖြင့် စတင်ကြတယ်။ ကလေးတွေရဲ့နဖူးပေါ်မှာ ခရစ္စတူးအမှတ် သားပေးကြတယ်။ ကားတိုင်အမှတ်အသားဖြစ်တဲ့ ခရစ္စတူးအမှတ်ကို သားခြင်းအားဖြင့် ကျွန်ုပ်တို့ ဘယ်သူ ဘယ်ဝါလဲဆိုတာကို သိစေပါတယ်။ ကားတိုင်ဆိုတာ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတ။ ကျွန်ုပ်တို့ရဲ့ အပြောအဆို၊ အတွေးအခေါ်၊ အပြုအမူအားလုံးဟာ ခရစ်တော်ရဲ့ ချစ်ခြင်း မေတ္တာအောက်၌ ထားရှိရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ခရစ္စတူးအမှတ်အသားကို နား၊ မျက်စိ၊ နှုတ်ခမ်း၊ နှလုံးသား၊ ပုခုံး တွေပေါ်မှာ သားခြင်းအားဖြင့် ခရစ်တော်ကို ကျွန်ုပ်တို့ဘ၀ထဲမှာ တံဆိပ်ခပ်နှိပ် ပေးလိုက်ပါတယ်။ ၀ိညာဉ်မှာ ခပ်နှိပ်ထားတဲ့ ခရစ်ယာန်တစ်ယောက်ရဲ့အမှတ်အသားဟာ ခရစ်ယာန်ဘ၀ကို ရှင်သန်ကြတဲ့အခါမှာ မြင်သာထင်သာ ရှိစေလာပါတယ်။ အိပ်ယာထ၊ အိပ်ယာဝင်၊ ထမင်းမစားခင်နဲ့ စားပြီးတဲ့နောက်၊ အန္တရယ်ကျရောက်ချိန်တွေမှာ ခရစ္စတူးအမှတ်ကို ပြုလုပ်ကြတာဟာ ခရစ်တော်၌ သက်ဆိုင်ကြောင်း သတိရ၀န်ခံကြရာလည်း ရောက်ပါတယ်။ ဒါကြောင့် ကလေးတွေကို ခရစ္စတူးအမှတ် ကောင်းကောင်းသားတတ်ဖို့ သင်ပေးရပါမယ်။ ဘုရားကျောင်းထဲ ၀င်တဲ့အချိန်မှာ မေတ္တာရေကို တို့ကြတယ်။ အိမ်တွေမှာ မေတ္တာရေ ပတ်ဖျန်းကြတာတွေဟာလည်း ကောင်းတဲ့ အကျင့်တွေဖြစ်ပြီး ဆေးကြောခြင်းကို ပြန်လည်အောက်မေ့သတိရစေပါတယ်။

၃။ အသင်းတော်နှင့်အတူ

နောက်ထပ်ပြောချင်တာတစ်ခုက ကျွန်ုပ်တို့ ဆေးကြောခြင်းခံယူတဲ့အခါမှာ ဘယ်တော့မှ တစ်ယောက်ထဲ မဟုတ်ပါဘူး။ အသင်းတော်တစ်ခုလုံးကပါ အတူရှိနေပါတယ်။ ရဟန္တာတွေရဲ့ လစ်တာနီကို ရွတ်ဆိုပြီး သူတို့ရဲ့ အကူညီကို တောင်းခံတယ်။ အသင်းတော်ကြီးက ဒီလိုဆုတောင်းပါဝင်ခြင်းအားဖြင့် အပြစ်ဒုစရိုက်ကိုရှောင်ပြီး ကောင်းတဲ့ပါရမီတွေကို ကျင့်နိုင်ဖို့ ကူညီအားဖြည့်ပေးပါတယ်။ အမိအသင်းတော်က အယောက်စီတိုင်းအတွက် အမြဲဆုတောင်းပေးနေပါတယ်။ အသင်းတော်ကြီးဖြစ်တဲ့ ကျွန်ုပ်တို့ကလည်း တစ်ယောက်နဲ့ တစ်ယောက် အတွက် ဆုတောင်းပေးကြတယ်။ တစ်ပါးသူအတွက် ဆုတောင်းပေးတယ်ဆိုတာ သိပ်ကို ချစ်စရာကောင်းတဲ့ အပြုအမှုတစ်ခုဖြစ်ပါတယ်။ အသင်းတော်နဲ့ ပေါင်းစည်းပြီး အများအတွက် ဆုတောင်းပေးရဖို့လိုပါတယ်။ ဆေးကြောခြင်းခံတဲ့ သူတွေအတွက်လည်း အပြစ်ရင်းမှ လွတ်မြောက်ပြီး ဘုရားသခင်ကိန်းဝပ်တဲ့ ဘုရားသား သမီးတွေ အမှန်ဖြစ်လာဖို့ ဆုတောင်းပေးရမယ်။

မကောင်းဒုစရိုက်နတ်ဆိုးကို တိုက်ခိုက်အောင်နိုင်ဖို့ ၀ိညာဉ်တော်ဘုရားကို ခံယူရှိစေတဲ့ ကျေးဇူးတော် စက္ကရမင် တူးလည်းဖြစ်ပါတယ်။ ခရစ်ယာန်ဘ၀ဟာ နတ်ဆိုးရဲ့ စုံစမ်းနှောက်ယှက်ခြင်းနဲ့ မကင်းပါဘူး။ ဘုရားနဲ့ ဝေးကွာသွားအောင် နတ်ဆိုးက မရရအောင် ခွဲပြီး လောကရဲ့ ဆွဲဆောင်မူအောက်မှာ ကျရှုံးစေဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဆေးကြောခြင်း စက္ကရမင်တူးရဲ့ ကျေးဖူးတော်တွေက ခြင်္သေ့တစ်ကောင်လို မာန်ဖီခြိမ်းခြောက်လေ့ရှိတဲ့ နတ်ဆိုးရဲ့ အတိုက်အခိုက်တွေကို ခုခံရှင်သန်နိုင်ဖို့ နေ့စဉ်ခွန်အားကို ပံ့ပိုးပေးပါတယ်။

၎။ ဆေးကြောခြင်း ရေ

ဆေးကြောခြင်းဝိနည်းမှာ ကျွန်ုပ်တို့အသုံးပြုကြတဲ့ ရေကိုလည်း အနည်းငယ် ထောက်ရှုဝေမျှ ချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရေဆိုတာ အသက်ရှင်ဖို့ အရေးကြီးတဲ့အရာတစ်ခု။ ရေ မရှိရင် သေနိုင်တယ်။ သဲကန္တာရ နွေပူပူဒဏ်ကို ခံစားဖူးသူတိုင်း ရေရဲ့ တန်ဖိုးကို ပိုသိတယ်။ ရေဆိုတာ အသက်။ ရေဆိုတာ သန့်ရှင်း ခြင်းကို သရုပ်ဆောင်တယ်။ မဖြူစင်တာတွေကို ဆေးကြောသန့်စင်အောင်ပြုလို့ရတယ်။ ရေနဲ့ဆေးကြော ခြင်းစက္ကရမင်တူးကို ပေးတာဟာ သိပ်ကို သဘာဝကျပါတယ်။ ရေဆိုတာ သန့်စင်နိုင်စွမ်းရှိတာ မှန်ပေမဲ့လည်း သူကိုယ်တိုင်က မသန့်စင်ပေးနိုင်ပါဘူး။ သန့်စင်စေသူ တစ်ယောက်ယောက်က ရေကို အသုံးပြု လျှော်ဖွတ်မှ သာ သန့်စင်စေတာဖြစ်ပါတယ်။ ဆေးကြောခြင်းမှာလည်း ရေက အပြစ်ရဲ့ ညစ်ညမ်းမှုတွေကို ဆေးကြောပေးတာ မဟုတ်ပါဘူး။ ဆေးကြောသန့်စင်သူက ခရစ်တော်ဘုရားရှင်ပဲဖြစ်ပါတယ်။ ရေက စင်ကြယ်နိုင်စွမ်းရှိတယ်။ စင်ကြယ်အောင်ပြုလုပ်သူ အကျိုးဖြစ်ထွန်းစေသူကတော့ သန့်ရှင်းသောဝိညာဉ်တော် ဘုရားပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဆေးကြောခြင်းကို ပေးတဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အကူအညီကို တောင်းခံကြရတယ်။ ဒါမှသာ ရိုးရိုးရေအဖြစ်ကနေ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ တန်ခိုးအစွမ်းကို ဆောင်ကြဉ်းပေးတဲ့ ရေဖြစ်လာပါတယ်။ အဲ့ဒီရေ၊ အဲ့ဒီသန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးနဲ့ ကျွန်ုပ်တို့အားလုံးက ဆေးကြောခြင်း ခံယူကြတာပဲလေ။

ဆေးကြောခြင်းစမ်းအိုင်က ရေကို ကောင်းကြီးပေးပြီးတာနဲ့ တစ်ပြိုင်နက် ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေ ကလည်း ဆေးကြောခြင်းကို ခံယူဖို့ ပြင်ဆင်ရပါတယ်။ နတ်ဆိုးနဲ့ နတ်ဆိုးရဲ့ လုပ်ငန်းတွေကို ပစ်ပယ်ပြီး ယုံကြည်ခြင်းကို ၀န်ခံကြတယ်။ လူနဲ့ ဘုရား စိတ်ဝမ်းကွဲအောင် ခွဲတတ်တဲ့ နတ်ဆိုးကို ငြင်းပယ်ပြီး ဘုရားရှင်ရဲ့ အသက်တာမှာ ပိုပြီးပြည့်ဝစွာ ပါဝင်နိုင်ဖို့ တုန့်ပြန်ကြပါတယ်။ ခွဲခွာစေသူက နတ်ဆိုးပါ။ ဘုရားရှင်ကတော့ အမြဲ တစ်လုံးတစ်ဝ တည်းဖြစ်အောင် ပေါင်းစည်းပေးတယ်။ နတ်ဆိုးကိုပယ်မလား၊ ဘုရားကို ရွေးမလားဆိုတာကို ဆုံးဖြတ်ရပါ တယ်။ မိမိကိုယ်ကို တာဝန်ယူပြီး ဘုရားရဲ့ ကျေးဇူးတော်နဲ့ ပြုပြင်ပြောင်းလဲကာ ဘ၀သစ်ကို လျှောက်လှမ်းနိုင်ဖို့ ရင့်ကျက်စွာ ရွေးချယ်ကြရတယ်။ ဒါဟာ ဆေးကြောခြင်းစက္ကရမင်တူးရဲ့ အခြေခံ အုတ်မြစ်ပါပဲ။

၅။ မဖျောက်ဖျက်နိုင်သော အဆင့်မြင့်ဂုဏ်သိက္ခာ

မိဘတွေက လောကအသက်တာကို ရှင်သန်ခွင့်ပေးစေတယ်ဆိုရင် အမိအသင်းတော်ကလည်း ဆေးကြောခြင်းအားဖြင့် ထာဝရအသက်တာကို ရှင်သန်ခွင်ပေးတယ်လို့ ဆိုရမှာပါ။ သခင်ခရစ်တော်၌ ဘုရားရှင်ရဲ့ သားသမီးတွေဖြစ်လာကြတဲ့ ကျွန်ုပ်တို့တွေဟာ ရေအားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အထူးချစ်ခင်ခံရသော သားသမီးတွေဖြစ်လာကြတယ်။ ဘုရားရှင်ဟာ ဖခင်ပမာ ကျွန်ုပ်တို့ကို ချစ်မြတ်နိုးတော်မူ တယ်။ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး။ ဆေးကြောခြင်း ခံတဲ့နေ့မှာ ဘုရားရဲ့ သားသမီးတွေ ထာဝရ ဖြစ် တည်သွားရပါတယ်။ ဘုရားသားသမီး ဖြစ်ရခြင်းဆိုတဲ့ ၀ိညာဉ်၌ တံဆိပ်ခပ်နှိပ်မှုကို ဘယ်တော့မှ ဖျောက်ဖျက် ပစ်လို့ရမှာ မဟုတ်ဘူး။ အပြစ်အနာအဆာ၊ အားနည်းချက်တွေကတောင် ဒီတံဆိပ်ကို ဖျက်နိုင်စွမ်းမရှိပါဘူး။ မဖျောက်ဖျက်နိုင်တဲ့ တံဆိပ်နဲ့အတူ ခရစ်တော်၌ ပါဝင်ကြရတဲ့ ကျွန်ုပ်တို့တွေဟာ ခရစ်တော်နှင့် တူအောင် ပြုကြရမှာဖြစ်တယ်။ သန့်ရှင်းသော ၀ိညာဉ်တော်က သန့်စင်မွန်မြတ်စေပြီး ခရစ်တော်ရဲ့ ခန္ဓာကိုယ်၌ ပါဝင်စေတယ်။ ဒါကို ဆီလူခြင်းဖြင့် ခရစ်တော်နှင့် ပိုပြီးထပ်တူကျစေပါတယ်။ ဆီလူးတာဟာ ဘိသိတ်ပေးခြင်း တစ်မျိုးပါပဲ။ ခရစ်တော်ရဲ့ ရဟန်းအဖြစ်၊ ပရောဖက်အဖြစ်၊ ဘုရင်အဖြစ်မှာ ပါဝင်ဝေမျှခွင့်လည်း ရှိလာတာမို့ ဆီလူးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ လူ့ဂုဏ်သိက္ခာဟာ ပိုပြီး မြင့်သထက် မြင့်လာပါတယ်။ ဂုဏ်သိက္ခာက မြင့်လာ သလို ဒီဂုဏ်သိက္ခာကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ တာဝန်ကလည်း ကြီးပါတယ်။

ဒီအတွက်ကြောင့် ဆေးကြောခြင်းခံတဲ့အခါမှာ ခရစ်တော်ရဲ့ အလင်းတော်ကို ခံယူလော့ဆိုပြီး ဆေးကြောခြင်း ဖယောင်းတိုင်ကို ပေးပါတယ်။ ဒါဟာ လောကရဲ့ အလင်းဖြစ်စေဖို့ ခရစ်တော်ရဲ့ အလင်းကို ပိုမို ထွန်းလင်းစေဖို့ တာဝန်ပေးအပ်ခြင်းဖြစ်ပါတယ်။ ဒီလိုအားဖြင့် ကျွန်ုပ်တို့တွေဟာ ခရစ်တော်ရဲ့ ရှင်သန်တည်ရှိမှုကို လူအများ ပိုသိလာနိုင်စေပါတယ်။ ဆေးကြောခြင်းရဲ့ ကျေးဇူးတော်အားဖြင့် ၀ိညာဉ်တော် နှင့် သန့်ရှင်းပြည့်ဝကာ ကျေးဇူးတော် အသီးပွင့်များလည်း သီးပွင့်ဝေဆာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သီကိုရှင်း

(၂၀၁၈ ခုနှစ် ဧပြီလ နှင့် မေလ အတွင်း
ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ သွန်သင်ချက်)

Add new comment

1 + 0 =