"နှလုံးသားဖြင့် နားထောင်ခြင်း" အပိုင်း (၃)

(၅၆)ကြိမ်မြောက် ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

"နှလုံးသားဖြင့် နားထောင်ခြင်း" အပိုင်း (၃)

(သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲ - ၂၉.၅.၂၀၂၂)

 

ဒါဆိုရင် နားထောင်ခြင်းဟာ ဘာလို့အရေးကြီးရတာလဲ။ အသင်းတော်ရဲ့ အထင်ကရ သံတမန် တစ်ပါးဖြစ်တဲ့ ကာဒီနယ် အာဂုတ်စတီးနိုက လွတ်လပ်မျှတမှုနည်းပါးတဲ့အခြေအနေနဲ့ နှစ်ဖက်အကြား တင်းမာနေတဲ့အခါ အတတ်နိုင်ဆုံး ကောင်းကျိုးထွက်ပေါ်စေဖို့အတွက် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးဖို့ လိုအပ်သလို တစ်ဖက်လူနားလည်အောင် ပြောဆိုတတ်ဖို့လည်း လိုအပ်တယ်လို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ အဲဒီလောက် တင်းမာမှုမရှိတဲ့အခြေအနေမျိုးမှာတောင် စိတ်ရှည်ဖို့ အရေးကြီးပြီး တစ်ဖက်က ပြောလာ တာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလက်ခံနိုင်မှသာ အသိအမြင်ပိုကျယ်လာမှာ ဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက် သူ့ပတ်ဝန်းကျင်ကို မျက်လုံးအဝိုင်းသားနဲ့ အဆက်မပြတ် စူးစမ်း ကြည့်ရှုနေတဲ့ပုံမျိုးကို မြင်ယောင်ကြည့်လိုက်ပါ။ ဒီလိုစိတ်မျိုးထားရှိမှသာလျှင် ကျွန်ုပ်တို့ဟာ အသိအမြင် တိုးပွားလာမှဖြစ်ပါတယ်။ တစ်ဖက်လူပြောတဲ့အရာက အသေးအဖွဲကိစ္စလေးဖြစ်နေပါစေ ကျွန်ုပ်တို့ဟာ သူ့ဆီကနေ သင်ယူနိုင်ပြီး ကျွန်ုပ်တို့ဘ၀တိုးတက်ရေးအတွက် ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကြာရှည်လာပြီဖြစ်တဲ့ ကပ်ရောဂါကာလမှာ တစ်ဖက်လူ့အဖွဲ့အစည်းရဲ့တင်ပြချက်ကို နားထောင် နိုင်ခြင်းဟာ ယခင်ကထက် များစွာအကျိုးပွားစေပါတယ်။ တရားဝင်သတင်းထုတ်ပြန်ချက်တွေအပေါ် အယုံအကြည်ကင်းမဲ့လာတဲ့ပြဿနာဟာ ပွင့်လင်းခိုင်မာပြီး ယုံကြည်နိုင်လောက်တဲ့ သတင်းလောကကို တည်ဆောက်ဖို့ အခက်အခဲဖြစ်ပေါ်စေပါတယ်။ ကျွန်ုပ်တို့ဟာ စီးပွားရေးအလုပ်အကိုင် ခက်ခဲကျပ်တည်း တဲ့ အခုလိုကာလမျိုးမှာ တစ်ပါးသူအပေါ် အလေးအနက်ထား နားထောင်တတ်ဖို့ လိုနေပါပြီ။

နေရပ်စွန့်ခွာထွက်ပြေးဖို့ အတင်းအကြပ် ဖိအားပေးခံရတဲ့ကိစ္စရပ်တွေမှာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ဖြေဆေးဆိုတာ မရှိပါဘူး။ ဒီလိုနေရပ်စွန့်ခွာသူတွေရဲ့အဖြစ်အပျက်တွေကို နားထောင် ပြီး နွေးထွေးတဲ့စိတ်ထားမျိုးမွေးမြူနိုင်မှသာ သူတို့အပေါ် လွဲမှားတဲ့အမြင်နဲ့ ကြည့်ပြီးဆုံးဖြတ်တာကို အဆုံးသတ်နိုင်ပါလိမ့်မယ်။ သူတို့တွေရဲ့နာမည်နဲ့ ပြောကြားချက်တွေကို လေ့လာမှတ်သားပါ။ သတင်း သမားကောင်းတွေကတော့ ဒီလိုပဲလုပ်ဆောင်နေကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး တခြား သူတွေလည်း အဲဒီအတိုင်း ထပ်တူလုပ်ဆောင်လာကြပါလိမ့်မယ်။ သူတို့ကို အားပေးနှစ်သိမ့်ပါ။ သူတို့ ပြောတာတွေကို ဂရုစိုက်နားထောင်ပါ။ ဒီလိုစိတ်မျိုးထားမယ်ဆိုရင် ကိုယ့်နိုင်ငံအတွက် သင့်တော်မယ့် ရွှေ့ပြောင်းအခြေချခြင်းမူဝါဒကို ချမှတ်နိုင်ပါလိမ့်မယ်။ ကျွန်ုပ်တို့သတိပြုရမှာက ဒီလူတွေကို အရေ အတွက် ကိန်းဂဏန်းတွေ၊ အန္တရာယ်ပေးမယ့်သူတွေအဖြစ် မသတ်မှတ်ဘဲ ဘ၀ပေးအခြေအနေအမျိုးမျိုး က လာတဲ့လူသားအစစ်အမှန်တွေ၊ ကျွန်ုပ်တို့နားထောင်ပေးရမယ့်သူတွေအဖြစ် ရှုမြင်နိုင်ဖို့ပဲဖြစ်ပါတယ်။

အသင်းတော်ထဲမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားထောင်ပေးခြင်း

အသင်းတော်ထဲမှာ ဒီလိုမျိုး အပြန်အလှန်နားထောင်ပေးဖို့ လိုအပ်နေပါတယ်။ ဒါဟာ ကျွန်ုပ်တို့ အချင်းချင်းအကြား ပေးနိုင်တဲ့ အဖိုးတန်လက်ဆောင်တစ်ခုပါပဲ။ "ခရစ်ယာန်တွေအနေနဲ့ မေ့လျော့နေတဲ့ အချက်က မိမိတို့ဟာ တစ်ပါးသူရဲ့ခံစားချက်ကို အလေးထားနားထောင်တဲ့ ကိုယ်တော်ဘုရားရှင်ရဲ့အမှု တော်ကို ထမ်းဆောင်သူတွေဖြစ်တဲ့အတွက် ကိုယ်တော်ရှင်ကဲ့သို့ အလေးအနက်ထားပြီး နားထောင်ပေးဖို့ တာဝန်ရှိတယ်ဆိုတာပါပဲ။ ဘုရားသခင်ရဲ့နှုတ်ကပါဋ္ဌ်တော်ကို ဟောပြောဖို့ဆိုရင် ဘုရားသခင်ရဲ့နားမျိုးနဲ့ နားထောင်တတ်ဖို့ လိုအပ်ပါတယ်။" ဒါကြောင့် ထင်ရှားတဲ့ ပရိုတက်စတင့်ဓမ္မပညာရှင် ဒီယေထရစ်ဘွန် ဟိုဖာက အသင်းအဖွဲ့တစ်ခုမှာ တစ်ပါးသူအတွက် ကျွန်ုပ်တို့လုပ်ပေးရမယ့်အရာတစ်ခုကတော့ သူတို့ ပြောတာကို နားထောင်ပေးခြင်းပါပဲလို့ သတိပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ညီအစ်ကို မောင်နှမတွေကို နား ထောင်ပေးဖို့ ပျက်ကွက်သူဟာ မကြာခင်မှာ ဘုရားသခင်ကို နားထောင်ဖို့လည်း ပျက်ကွက်လာပါလိမ့် မယ်။

သာသနာ့အမှုထမ်းဘ၀မှာ ပြုလုပ်ရမယ့် အရေးအကြီးဆုံးအလုပ်တစ်ခုကတော့ ပြောဆိုတာ မလုပ်ခင် အရင်ဆုံး နားထောင်တတ်ဖို့ပါပဲ။ တမန်တော်ကြီး ရှင်ယာကုပ်က "ညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်း၌ လျင်မြန်ကြရမည်။ ပြောဆိုခြင်းနှင့် အမျက်ထွက်ခြင်း၌ ကား နှေးကွေးကြရမည်" (ယာ ၁း၁၉) လို့ တိုက်တွန်းထားပါတယ်။ တစ်ပါးသူကို နားထောင်ဖို့ အချိန် ပေးခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။

အသင်းတော်တစ်ခုလုံးပါဝင်ရမယ့်ညီလာခံကို ကျွန်ုပ်တို့အစပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီညီလာခံဟာ တစ်ဦးကိုတစ်ဦး နားထောင်တတ်ဖို့ အခွင့်အရေးပေးတဲ့ညီလာခံဖြစ်လာအောင် ဆုတောင်းကြပါစို့။ အသင်းအဖွဲ့ဆိုတာ မဟာဗျူဟာတွေ၊ လုပ်ဆောင်ချက်တွေကနေ ထွက်ပေါ်လာတာမဟုတ်ဘဲ ညီအစ်ကို မောင်နှမအကြား အပြန်အလှန်နားထောင်ပြီး တည်ဆောက်ရာကနေ ထွက်ပေါ်လာတဲ့အရာဖြစ်ပါတယ်။ ကွာယာဆိုတဲ့အဖွဲ့လိုပဲ ကျွန်ုပ်တို့ဟာလည်း အားလုံးတစ်သံတည်း ထွက်နေဖို့ မလိုပါဘူး။ အသံအနိမ့် အမြင့်ကွဲပြားပေမဲ့ လိုက်လျောညီထွေမှုရှိရင် အလုပ်ဖြစ်ပါပြီ။ မိမိဆိုရမယ့်သံစဉ်အတိုင်း ဆိုနေစဉ်မှာပဲ တခြားသူတွေဆိုနေတဲ့အသံကိုလည်း နားထောင်နေရပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့သံစုံသီချင်းအဖွဲ့ ဖြစ်လာမှာပါ။ တေးရေးသူက လိုက်လျောညီထွေမှုရှိတဲ့သံစုံသီချင်းထွက်ပေါ်လာအောင် ရေးစပ်ထားပေမဲ့ သီဆိုသူတစ်ဦးတစ်ယောက်ချင်းစီက တစ်ဦးရဲ့အသံကို တစ်ဦးက နားထောင်ပြီး လိုက်လျောညီထွေစွာ သီဆိုနိုင်မှသာ ကောင်းမွန်တဲ့သံစုံသီချင်းသံထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဦးဆောင်ပြီး လက်တွဲခေါ်တဲ့အသင်းအဖွဲ့ထဲမှာ ကျွန်ုပ်တို့ပါဝင်နေတယ်ဆိုတဲ့အချက်ကို သတိပြု လုပ်ဆောင်ကြမယ်ဆိုရင် ညီညာလှပတဲ့အသင်းတော်တစ်ခုကို ကျွန်ုပ်တို့ပြန်လည်ဖော်ဆောင်နိုင်ကြပါ လိမ့်မယ်။ အဲဒီအခါမှာ တစ်ဦးရဲ့အသံကို တစ်ဦးက နားထောင်ရင်း၊ မိမိသီဆိုရမယ့်အပိုင်းကိုလည်း သီဆိုရင်း ဝိညာဉ်တော်မြတ်ဘုရားအစပြုပေးခဲ့တဲ့ လိုက်လျောညီထွေမှုကို ကျွန်ုပ်တို့အားလုံးအတူတကွ ဖော်ဆောင်နိုင်မှာပဲ ဖြစ်ပါတော့တယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
စိန့်ဂျွန်လာတဲရန်ဘာစီလီကာကျောင်းတော်ကြီး၊
ရောမမြို့ 

(ဇန်နဝါရီ ၂၄၊ ၂၀၂၂  စိန့်ဖရန်စစ်ဒီဆေးလ်ပွဲနေ့တွင် ထုတ်ပြန်သည်။)

Photo courtesy : Science and Nonduality/ google images

Script courtesy : https://bit.ly/3DWOazz

Add new comment

8 + 9 =