"နှလုံးသားဖြင့် နားထောင်ခြင်း" အပိုင်း (၂ )

(၅၆)ကြိမ်မြောက် ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

"နှလုံးသားဖြင့် နားထောင်ခြင်း" အပိုင်း (၂ )

(သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲ - ၂၉.၅.၂၀၂၂)

 

ကျွန်ုပ်တို့အားလုံးမှာ နားတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အကြားအာရုံကောင်းမွန်နေပါ လျက်နဲ့ တစ်ပါးသူကို မကြားနိုင်လောက်အောင် ဖြစ်နေတဲ့ အကြိမ်အရေအတွက် အတော်များပါတယ်။ တကယ်တော့ ကျွန်ုပ်တို့အတွင်းစိတ်နှလုံးထဲမှာ ဆွံအ နားမကြား ဖြစ်နေတာမျိုးရှိပါတယ်။ ဒါဟာ အပြင် မှာ မကြားတာထက် ပိုပြီးဆိုးပါတယ်။ နားထောင်ခြင်းဆိုတာ အကြားအာရုံရဲ့လုပ်ဆောင်ချက်သက်သက် မဟုတ်ဘဲ လူကိုယ်တိုင် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ကောင်းမွန် စွာ နားထောင်တတ်တဲ့အလေ့အကျင့်ဟာ နှလုံးသားကနေ လာပါတယ်။ ဆော်လမွန်ဘုရင်ဟာ လွန်စွာ ငယ်ရွယ်တဲ့အချိန်ကတည်းက "နားထောင်တတ်သောစိတ်နှလုံး" ကို ပေးဖို့ ဘုရားသခင်ဆီမှာ တောင်းခံခဲ့ တဲ့အတွက် (cf. 1 Kings ၃:၉) သူဟာ တကယ်ပဲ ပညာရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ စိန့်ဩဂတ် စတင်းကလည်း နှလုံးသားနဲ့ နားထောင်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဆိုလိုတာက နားနဲ့ နားထောင်ရုံ မဟုတ်ဘဲ ဝိညာဉ်နှလုံးသားနဲ့ နားထောင်ဖို့ အရေးကြီးကြောင်း ပြောချင်တာပါ။ စိန်ဖရန်စစ်အစီစီက လည်း သူ့ရဲ့ညီအစ်ကိုရသေ့တွေကို "နှလုံးသားနဲ့ နားထောင်တတ်ဖို့" တိုက်တွန်းခဲ့ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့လူမှုဆက်ဆံရေးရှိဖို့အတွက် ကြိုးစားတဲ့နေရာမှာ မိမိကိုယ်ကို သိရှိဖို့၊ မိမိရဲ့ အမှန်တကယ်လိုအပ်ချက်တွေကို သိရှိဖို့ အရင်ဦးဆုံး မိမိရဲ့အတွင်းစိတ်နှလုံးကို ပြန်နားထောင်နိုင်ရပါ မယ်။ ဖန်ဆင်းခံသတ္တဝါတွေထဲမှာမှ ကျွန်ုပ်တို့ကို ဘယ်အရာက တထူးတခြားဖြစ်စေသလဲဆိုတာကို ကျွန်ုပ်တို့နားလည်နိုင်အောင် လုပ်ရပါမယ်။ တစ်ပါးသူတွေနဲ့ပေါင်းသင်းဆက်ဆံလိုစိတ်၊ ကိုယ်တော်ရှင်နဲ့ ပေါင်းသင်းဆက်ဆံလိုစိတ်ရှိရပါမယ်။ ကျွန်ုပ်တို့ဟာ လူ့သဘာ၀အရ တသီးတခြား နေထိုင်လို့မရဘဲ ပေါင်းသင်းဆက်ဆံကြရပါမယ်။

ကောင်းမွန်တဲ့ဆက်သွယ်ရေးအင်္ဂါရပ်တစ်ခုဖြစ်တဲ့ နားထောင်ခြင်း

အမှန်တကယ် နားထောင်ခြင်းလို့ သတ်မှတ်မရနိုင်တဲ့ နားထောင်နည်းတစ်မျိုးရှိပါတယ်။ အဲဒါက တော့ ခိုးနားထောင်ခြင်းပါပဲ။ ခိုးနားထောင်တာ၊ လျှို့ဝှက်စုံစမ်းတာ၊ ကိုယ်ကျိုးအတွက် တစ်ပါးသူအပေါ် အမြတ်ထုတ်တာတွေဟာ လူတွေ အမြဲတစေလုပ်နေခဲ့ကြတဲ့အရာတွေဖြစ်တဲ့အလျောက် မျက်မှောက် ခေတ် လူမှုကွန်ယက်ပေါ်မှာ ဒီကိစ္စတွေဟာ ပိုပြီးဆိုးဝါးလာသလိုဖြစ်နေပါတယ်။ တကယ်တော့ လူသား ပီပီသသနဲ့ ကောင်းမွန်တဲ့ဆက်သွယ်ရေးဖြစ်စေချင်ရင် ကိုယ့်ရှေ့မှာရှိတဲ့သူကို မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့် လင်းလင်း မျှမျှတတနဲ့ ယုံယုံကြည်ကြည် ဆက်ဆံဖို့ လိုပါတယ်။

နားထောင်ပေးခြင်းမရှိတဲ့အဖြစ်ကို နေ့စဉ်ဘ၀မှာ ကျွန်ုပ်ကြုံတွေ့နေရသလို ပြင်ပလောကမှာ လည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားထောင်ပေး ရမယ့်အစား မဆိုင်တဲ့အရာတွေကိုပဲ ပြောနေကြပါတယ်။ အမှန်တရားနဲ့ ကောင်းမြတ်ခြင်းကို ရှာဖွေရ မယ့်အစား အားလုံးသဘောတူညီမှုရှိတာကိုပဲ လိုချင်နေကြတယ်။ နားထောင်ပေးရမယ့်အစား ပရိသတ် အားပေးမှုရဖို့ကိုပဲ အာရုံစိုက်နေကြတယ်။ ကောင်းမွန်တဲ့ဆက်သွယ်ရေးမှာ ပရိသတ်အထင်ကြီးဖို့အတွက် တစ်ပါးသူကိုခုတုံးလုပ်ပြီး ရယ်စရာမလုပ်ပါဘူး။ ကောင်းမွန်တဲ့ဆက်သွယ်ရေးဟာ တစ်ပါးသူပြောဆိုတာ ကို အလေးအနက်ထား နားထောင်ပြီး လက်တွေ့ဘ၀က ရှုပ်ထွေးတဲ့အခြေအနေကို နားလည်နိုင်အောင် ကြိုးစားပါတယ်။ ဝမ်းနည်းဖို့ ကောင်းတာက အသင်းတော်ထဲမှာတောင် မူဝါဒတူသူတွေ အချင်းချင်း မဟာမိတ်ဖွဲ့ပြီးတဲ့နောက်မှာ တစ်ပါးသူကို နားထောင်ခြင်းဆိတ်သုန်းသွားရသလို ဆန့်ကျင်ဘက်အတိုက် အခံတွေကိုလည်း မွေးထုတ်ပေးပြီးသား ဖြစ်နေပါတယ်။

လက်တွေ့ဘ၀က တွေ့ဆုံဆွေးနွေးပွဲတွေမှာ ကျွန်ုပ်တို့ဟာ ထိထိရောက်ရောက် ဆက်သွယ်ပြော ဆိုတာမျိုး မရှိသလောက်ပါပဲ။ တစ်ဖက်က ပြောလို့ပြီးတာနဲ့တစ်ပြိုင်နက် ကိုယ့်အယူအဆကို ပြောကြ တာများပါတယ်။ အတွေးအခေါ်ပညာရှင်ကြီး အာဘရာဟံကပ်ပလန်က ဒီလိုပြောဆိုတာမျိုးကို တွေ့ဆုံ ဆွေးနွေးခြင်းလို့ မခေါ်ဘဲ နှစ်ဘက်စလုံးက ကိုယ်ပြောချင်တာကို ပြောဆိုခြင်းလို့ မှတ်ချက်ပြုခဲ့ပါတယ်။ တကယ်စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေမှာ အတ္တစိတ်တွေကို ရှေ့တန်းမတင်ဘဲ တစ်ဖက်သားပြောချင် တာ၊ ဖြစ်ချင်တာကို အလေးထားဆွေးနွေးပြောဆိုကြပါတယ်။

ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုဖို့ဆိုရင် တစ်ပါးသူ ကို နားထောင်ပေးခြင်းဟာ မဖြစ်မနေလိုအပ်ပါတယ်။ နားထောင်ပေးတာမရှိရင် ထိရောက်တဲ့ဆက်သွယ် မှုလို့ မခေါ်နိုင်ပါဘူး။ ထိုနည်းလည်းကောင်းပဲ၊ တစ်ပါးသူပြောတာကို နားထောင်ပေးလိုစိတ်မရှိတဲ့ သတင်းသမားဟာလည်း ကျင့်ဝတ်နဲ့ မညီပါဘူး။ ခိုင်မာတိကျပြီး မျှတတဲ့ သတင်းအချက်အလက်ကို လို ချင်ရင် အချိန်ကောင်းကောင်းပေးပြီး နားထောင်ရပါတယ်။ အဖြစ်အပျက်တစ်ခု၊ အတွေ့အကြုံတစ်ခုကို သတင်းတင်ပြတဲ့နေရာမှာ တစ်ပါးသူပြောတာကို နားထောင်နိုင်ရပါမယ်။ ကိုယ်ကြိုတင်တွေးဆထားတဲ့ အရာတွေမှားယွင်းခဲ့ရင်လည်း ကိုယ့်စိတ်ကို ချက်ချင်းပြောင်းလဲပြီး အမှန်အတိုင်း တင်ပြနိုင်ရပါမယ်။

ကိုယ်ပြောချင်တာချည်းပဲ ပြောတတ်တဲ့အကျင့်ကို ဖျောက်မှသာလျှင် ထိရောက်တဲ့ဆက်သွယ် ပြောဆိုမှုဖြစ်လာမှာပါ။ နားလည်တတ်ကျွမ်းသူတွေပြောပြချက်အရ သတင်းဇစ်မြစ်တစ်ခုတည်းကို အခြေ မခံဘဲ တတ်နိုင်သမျှ သတင်းဇစ်မြစ်များများဆီမှာ စုံစမ်းပြီး တင်ပြနိုင်မှသာ ယုံကြည်နိုင်လောက်တဲ့ သတင်းအချက်အလက်ကို ကျွန်ုပ်တင်ပြနိုင်မှာဖြစ်ပါတယ်။ တစ်ပါးသူတွေရဲ့အသံကို နားထောင်တာ၊ အသင်းတော်ထဲမှာလည်း ညီအစ်ကို မောင်နှမအချင်းချင်း အတွေးအမြင်ဖလှယ်တာမျိုး ရှိမှသာလျှင် ကျွန်ုပ်တို့ဟာ အမှန်တရားနဲ့ မသွေဖည်ဘဲ သေသေချာချာ လေ့လာဆန်းစစ်နိုင်မှာဖြစ်ပါတယ်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
စိန့်ဂျွန်လာတဲရန်ဘာစီလီကာကျောင်းတော်ကြီး၊
ရောမမြို့ 

(ဇန်နဝါရီ ၂၄၊ ၂၀၂၂  စိန့်ဖရန်စစ်ဒီဆေးလ်ပွဲနေ့တွင် ထုတ်ပြန်သည်။)

Photo courtesy : Message Magazine / google images

Script courtesy: https://bit.ly/3DWOazz

Add new comment

18 + 0 =