"နှလုံးသားဖြင့် နားထောင်ခြင်း" အပိုင်း (၁)

(၅၆)ကြိမ်မြောက် ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းစကား

"နှလုံးသားဖြင့် နားထောင်ခြင်း" အပိုင်း (၁)

(သခင်ယေဇူး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲ - ၂၉.၅.၂၀၂၂)

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊

လွန်ခဲ့တဲ့နှစ်တုန်းက အခြေအနေတစ်ခုခုကို အမှန်အတိုင်း သိရှိနိုင်ဖို့နဲ့ အဲဒီအခြေအနေအတိုင်း လိုက်ပါခံစားရင်း သက်ဆိုင်သူတွေကိုလည်း တွေ့နိုင်ဖို့အတွက် "လာ၍ ကြည့်ကြပါ" ဆိုတဲ့စကားနဲ့အညီ လုပ်ဆောင်ရမယ့်အကြောင်း ကျွန်ုပ်တို့ဆင်ခြင်ထောက်ရှုခဲ့ကြပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို အခြေပြု ပြီးတော့ ဒီနှစ်မှာလည်း "နားထောင်ပေးကြဖို့" လိုအပ်တဲ့အကြောင်း ကျွန်ုပ်ထောက်ပြလိုပါတယ်။ နား ထောင်ခြင်းဆိုတာ လူမှုဆက်သွယ်ရေးကဏ္ဍမှာ အဓိကကျတဲ့အရာဖြစ်သလို စစ်မှန်တဲ့ဆွေးနွေးဖလှယ်မှု မှာလည်း မဖြစ်မနေ ပါဝင်ရမယ့်အရာဖြစ်ပါတယ်။

တကယ်တော့ ကျွန်ုပ်တို့ဟာ နေ့စဉ်ပြောဆိုဆက်ဆံတဲ့နေရာမှာဖြစ်ဖြစ်၊ အရေးကြီးအကြောင်း အရာနဲ့ပတ်သက်ပြီး အချေအတင် ပြောဆိုတဲ့နေရာမှာဖြစ်ဖြစ် ကိုယ့်ရဲ့ရှေ့တည့်တည့်မှာ ပြောဆိုနေတာ ကိုတောင် နားထောင်နိုင်စွမ်းမရှိသလို ဖြစ်နေကြပါတယ်။ အခုဆိုရင် နားထောင်ခြင်းဟာ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက်ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တာဆူနေပါပြီ။ အသံထုတ်လွှင့်ချက်အမျိုးမျိုး ထွက်ပေါ်နေတာကိုကြည့်ရင် နားထောင်ခြင်းဆိုတာ လူသားတွေရဲ့ဆက်သွယ်ရေးကဏ္ဍမှာ မရှိမဖြစ် အနေအထားကို ရောက်လာပါပြီ။

စိတ်ဒဏ်ရာတွေကို သီးသန့်ကုသပေးနေတဲ့ အထင်ကရ ဆရာဝန်ကြီးတစ်ယောက်ကို "လူ့ဘ၀မှာ ဘယ်အရာ အလိုအပ်ဆုံးလဲ" လို့ မေးကြည့်တော့ သူက "လူတွေဟာ မိမိတို့ပြောတာကို နားထောင်စေလို တဲ့စိတ်ဆန္ဒပြင်းပြနေတယ်" လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီလိုစိတ်ဆန္ဒပြင်းပြတာကို သိပ်ပြီးတော့ ထုတ်ဖော် ပြောလေ့မရှိပါဘူး။ ဒါဟာ လူမှုရေး၊ နိုင်ငံရေး အစရှိတဲ့ ဆက်သွယ်ရေးနယ်ပယ်မှာ ထဲထဲဝင်ဝင် ပါဝင် နေကြတဲ့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ ဘုန်းတော်ကြီးတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ ဆက်သွယ်ရေးကဏ္ဍ က ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။

နှလုံးသားဖြင့် နားထောင်ခြင်း

သမ္မာကျမ်းစာကနေ ကျွန်ုပ်တို့သိလာတဲ့အချက်တစ်ခုကတော့ နားထောင်ခြင်းဆိုတာ အသံကြားရုံ သက်သက်မဟုတ်ဘဲ ဘုရားသခင်နဲ့ လူသားမျိုးနွယ်အကြား အပြန်အလှန် ပြောဆိုဆက်ဆံခြင်းနဲ့ ပိုပြီး သက်ဆိုင်တယ်ဆိုတာပါပဲ။ သမ္မာကျမ်းထဲက ပထမပညတ်တော်မှာ အစဖွင့်ထားတဲ့ "အိုအစ္စရာအဲလ် အမျိုးတို့၊ ကြားနာလော့" (တရား ၆း၄) ဆိုတဲ့ကျမ်းစကားကို သမ္မာကျမ်းထဲမှာ အကြိမ်ကြိမ်အသုံးပြုထား တာ တွေ့ရပါတယ်။ ရှင်ပေါလုကတောင် "ယုံကြည်ခြင်းသည် ကြားနာခဲ့ရသောအရာတို့မှလာ၍" (ရောမ ၁ဝး၁၇) လို့ ရေးသားခဲ့ပါတယ်။ တကယ်တော့ ဒါကို အစပြုသူဟာ ကျွန်ုပ်တို့ကို မိန့်မှာတော်မူတဲ့ ဘုရား ရှင်ကိုယ်တော်တိုင်ဖြစ်ပြီး ကျွန်ုပ်တို့ဟာလည်း ကိုယ်တော်ရှင်မိန့်မှာတာကို နားထောင်ကြပါတယ်။ အဆုံး မှာတော့ ဒီလိုနားထောင်နိုင်တာကလည်း ကိုယ်တော်ရှင်ရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်။ ဥပမာပြ ရရင် အဖေ၊ အမေရဲ့အသံနဲ့ ရွှန်းရွှန်းစားစားအကြည့်ကို တုံ့ပြန်တဲ့ မွေးကင်းစကလေးငယ်လိုမျိုးပါပဲ။ အာရုံငါးပါးထဲမှာ ဘုရားသခင်ကျေးဇူးတော်အထူးပေးထားတဲ့အာရုံဟာ အကြားအာရုံလို့ ပြောရင် ရမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြားအာရုံဟာ သူများကို ထိခိုက်အောင် မလုပ်သလို အမြင်အာ ရုံထက် ပိုပြီးတော့ သိုသိုသိပ်သိပ် လုပ်ဆောင်တတ်ပါတယ်။ လူကို ချည်နှောင်ခြင်းလည်း မရှိပါဘူး။

နားထောင်ခြင်းဟာ ဘုရားသခင်ရဲ့နှိမ့်ချခြင်းပါရမီတော်ကို ဖော်ညွှန်းပါတယ်။ ဒီအကြားအာရုံရှိ နေတဲ့အတွက် ဘုရားသခင်ဟာ မိမိရဲ့ပုံသဏ္ဌာန်တော်အတိုင်း လူကို နှုတ်တော်ထွက်စကားနဲ့ ဖန်ဆင်း တော်မူခဲ့တဲ့အကြောင်း၊ သူတို့ပြောတာကို နားထောင်ခြင်းအားဖြင့် သူတို့ဟာ မိမိပြောဆိုဆက်ဆံရမယ့်သူ တွေဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတဲ့အကြောင်း သိလာရပါတယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ချစ်မြတ်နိုးတော်မူတယ်။ ဒါကြောင့်မို့လို့လည်း ကိုယ်တော်ရှင်ဟာ လူသားတွေကို မိန့်မှာတော်မူခဲ့သလို သူတို့ပြောတာကို နားထောင်ဖို့အတွက်လည်း နားစွင့်တော်မူခဲ့ပါတယ်။

ဒါပေမဲ့ လူသားတွေကတော့ ဒီဆက်ဆံရေးကို ကျောခိုင်းပြီး ကိုယ်တော်ရှင်ရဲ့မိန့်မှာချက်တွေကို မကြားရစေဖို့အတွက် မိမိတို့ရဲ့နားတွေကို ပိတ်ထားခဲ့ကြပါတယ်။ ဒီလိုနားထောင်လိုစိတ်မရှိခြင်းဟာ မကြာခဏဆိုသလို တစ်ပါးသူအပေါ် ကြမ်းကြမ်းတမ်းတမ်းပြုမူတဲ့အဆင့်အထိ ရောက်သွားတတ်ပါ တယ်။ ဦးပဉ္စင်းကြီး စိန့်စတီးဖင်းရဲ့အဖြစ်အပျက်မှာဆိုရင် သူတို့ဟာ နားတွေကို ပိတ်ပြီး သူ့ဆီကို တစ်ပြိုင်တည်း ပြေးသွားခဲ့ကြပါတယ်။ (တမန် ၇း၅၇)

ဘုရားသခင်ဟာ လူတွေကို အမြဲတစေ လွတ်လွတ်လပ်လပ် ဆက်သွယ်ပြီး မိမိကိုယ်ကို ဖော်ပြ တော်မူလေ့ရှိတဲ့အတွက် လူသားတွေအနေနဲ့လည်း ကိုယ်တော်ရှင်မိန့်မှာတာကို လိုလိုလားလားနဲ့ နား ထောင်ဖို့ လိုပါတယ်။ ဘုရားသခင်ဟာ လူသားတွေကို ချစ်ခြင်းမေတ္တာရဲ့ပဋိညာဉ်မှာ ပါဝင်ဖို့ အထင် အရှား ဖိတ်ခေါ်ထားပါတယ်။ ဒီလိုပါဝင်မှသာ လူသားတွေဟာ ကိုယ်တော်ရှင်ရဲ့ပုံသဏ္ဌာန်တော်အတိုင်း တစ်ပါးသူကို နားထောင်တာ၊ ကြိုဆိုလက်ခံတာ၊ နေရာပေးတာတွေကို အပြည့်အဝ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ နားထောင်ခြင်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့သွင်ပြင်လက္ခဏာတွေထဲက တစ်ခု ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ယေဇူးဘုရားရှင်ဟာ သူ့ရဲ့တပည့်တော်ကြီးတွေကို မိမိတို့နားထောင်နိုင်စွမ်းဘယ် လောက်ရှိသလဲဆိုတာ ဆန်းစစ်ဖို့ မိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ "သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားနာရ သည်ကို သတိပြုကြလော့။" (လု ၈း၁၈) မျိုးကြဲသူရဲ့ပုံဥပမာကို မိန့်ကြားပြီးတဲ့အခါမှာလည်း ကိုယ်တော်ရှင်ဟာ သူတို့ကို သာမန်နားထောက်ရုံလောက်နဲ့ မလုံလောက်ဘဲ ကောင်းမွန်စွာ နား ထောင်ဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ နှုတ်ကပါဋ္ဌ်တော်ကို "ရိုးသားကောင်းမွန်တဲ့" စိတ်နှလုံးနဲ့ နာယူပြီး သစ္စာရှိရှိ ကျင့်ကြံတဲ့သူတွေသာလျှင် အသက်နဲ့ ကယ်တင်ခြင်းကျေးဇူးကို ရရှိခံစား ရမှာဖြစ်ပါတယ်။ (လု ၈း၁၅) ကျွန်ုပ်တို့ ဘယ်သူ့ကို နားထောင်တယ်၊ ဘာကို နားထောင်တယ်၊ ဘယ်လို နားထောင်တယ်ဆိုတဲ့အချက်ကို အထူးသတိပြုမယ်ဆိုရင် လူမှုဆက်သွယ်ရေးအနုပညာမှာ ကျွန်ုပ်တို့ပိုမို ကျွမ်းကျင်လာမှာဖြစ်ပါတယ်။ တကယ်တော့ စိတ်နှလုံးချည်းပဲသက်သက်ဆိုရင် ဘာသက်ရောက်မှုမှ မရှိ ပါဘူး။ အဲဒီစိတ်နှလုံးကို ဖွင့်ထားမှသာလျှင် လူသူချင်းအကြား နီးစပ်နွေးထွေးမှုကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ (cf. Apostolic Exhortation Evangelii Gaudium, ၁၇၁)
 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
စိန့်ဂျွန်လာတဲရန်ဘာစီလီကာကျောင်းတော်ကြီး၊
ရောမမြို့ 

(ဇန်နဝါရီ ၂၄၊ ၂၀၂၂  စိန့်ဖရန်စစ်ဒီဆေးလ်ပွဲနေ့တွင် ထုတ်ပြန်သည်။)

courtesy: https://bit.ly/3DWOazz

Add new comment

4 + 5 =