နှစ်ဟောင်းအတွက် ကျေးဇူးတင်ဆပ်ခြင်းနှင့် နှစ်သစ်ကူး မစ္ဆားအတွင်း ရဟန်းမင်းကြီး ဖရန်စစ်၏ ဒေဿနာတော် ဟောကြားချက်

နှစ်ဟောင်းအတွက် ကျေးဇူးတင်ဆပ်ခြင်းနှင့် နှစ်သစ်ကူး မစ္ဆားအတွင်း ရဟန်းမင်းကြီး ဖရန်စစ်၏ ဒေဿနာတော် ဟောကြားချက်

စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်

စနေနေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ၂၀၂၂ ခုနှစ်

“အမျိုးသမီး တစ်ဦးမှ ဖွားမြင်တော်မူသည်။” (ဂလာတိ ၄:၄)

ဘုရားရှင်၏ အချိန်ကျသော အခါ ဘုရားက လူ့အဖြစ်ကို ယူရာဝယ် ကောင်းကင်ကနေ မြေကြီးပေါ်ကို တရှိန်ထိုး ဆင်းသက်ပြီး လူ့အဖြစ်ကို ယူတာမျိုး မဟုတ်ပါဘူး။ သူဟာ မေရီမှ ဖွားမြင်လာတာ ဖြစ်ပါတယ်။ ယေဇူးသခင်က အမျိုးသမီး ကတဆင့် (အမျိုးသမီးကို အသုံးချခံ သဘော) ဖွားမြင်လာခြင်း မဟုတ်၊ အမျိုးသမီးမှ ဖွားမြင်လာပါတယ်။ ဒီနှစ်ချက်က အလွန်ကွာခြားပါတယ်။ ဒါက ဘုရားရှင်ဟာ မယ်တော် မာရီယာထံမှ အသွေးအသားဖြင့် ဖွားမြင်ဖို့ အလိုရှိတယ်လို့ ဆိုလိုပါတယ်။ ဘုရားက မယ်တော် မာရီးယာကို အသုံးမချခဲ့ပါဘူး။ သူမရဲ့ သဘောထားကို မေးတဲ့ အခါ သူမက “Yes” (သဘောတူပါတယ်) လို့ ဖြေခဲ့ပါတယ်၊ သူမရဲ့ သဘောတူညီချက်ကို ရယူပါတယ်။ လူသားထု တစ်ရပ်လုံး အပြစ်မှ လွတ်မြောက်ဖို့၊ ကျေးဇူးတော်နဲ့ သမ္မာတရားနဲ့ ပြည့်နှက်တဲ့ လူ့အဖြစ်ကို ရရှိဖို့၊ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ခြင်း ပြည့်ဝတြ့ သက်တာကို ပိုင်ဆိုင်နိုင်ဖို့ ရှည်လျားတဲ့ ခရီးလမ်းကို မယ်တော်အားဖြင့် စတင်ခဲ့ပါတယ်။ ဘုရားရှင်၏ ပုံသဏ္ဍာန်တော်နှင့် အညီ လှပပြီး မှန်ကန်၊ မွန်မြတ်တဲ့ လူသားထု တစ်ရပ်ကို ရရှိဖို့ မယ်တော် မာရီးယာရဲ့ အသွေးအသားနဲ့ ပေးဆပ်ပြီး ဖွားမြင်ပေးခဲ့ပါတယ်။ မယ်တော် ကိုယ်တိုင် လိုလိုလားလား၊ လေးစားသမှု၊ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ သဘောတူညီတဲ့ အခါမှသာ၊ သူမရဲ့ လွတ်လပ်စွာ ရွေးချယ်မှုကြောင့်သာ ယေဇူးသခင်ဟာ မာရီးယာ အမျိုးသမီးမှ ဖွားမြင်လာခြင်း ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ ဘုရားရှင်ဟာ လောကကမ္ဘာထဲ ဝင်ရောက်လာပါတယ်၊ လူ့သမိုင်းကြောင်းကို ချဉ်းနင်းဝင်ရောက်လာပါတယ်။ ဒီနည်းနဲ့ပါပဲ။ မယ်တော် မာရီးယာအားဖြင့်သာ ယေဇူးသခင် ကြွလာတယ် ဆိုတဲ့ အချက်က အရှိတရား ဖြစ်ပြီး ဒါကလည်း အရေးကြီးပါတယ်။ မေရီဟာ ဘုရားရဲ့ မိခင်၊ ကညာစင် မိခင်၊ သန္ဓေလွယ်သော ကညာစင် ဖြစ်ပြီး ဒီအချက်တွေအရ ဘုရားရှင်ဟာ ကျွန်တော်တို့ လူသားများရဲ့ လွတ်လပ်မှု အတွက် လေးစားသမှု ဘယ်လောက်ရှိတယ် ဆိုတာကို ဖော်ပြနေပါတယ်။ ကျွန်တော်တို့ လူသားတွေ မပါဝင်ဘဲ လူသားများကို ဖန်ဆင်းခဲ့သူ ဘုရားရှင်ဟာ ကျွန်တော်တို့ မပါဝင်ဘဲ ကျွန်တော်တို့ကို မကယ်တင်လိုပါဘူး။ (ကိုးကား၊ စိန့်သြဂတ်စတင်း၊ ဒေဿနာတော် အမှတ် CLXIX, 13)

ကျွန်တော်တို့ လူသားကို ကယ်တင်ဖို့ ရွေးချယ်တဲ့ ဘုရားရှင်ရဲ့ နည်းလမ်းဟာ ကျွန်တော်တို့ သူ့နောက်ကို လိုက်ဖို့ ဖိတ်ခေါ်တဲ့ နည်းလမ်းသာ ဖြစ်ပါတယ်။ ဘုရားရှင်ဟာ သစ်လွင်တဲ့၊ လွတ်လပ်တဲ့၊ ပြန်လည် ကျေအေးသင့်မြတ်တဲ့ နည်းအားဖြင့်သာ ကျွန်တော်တို့နဲ့ အတူ လူသားထုကို ဆက်လက် စီမံပါတယ်။ ပြန်လည် ကျေအေးသင့်မြတ်သော လူသားထု (Reconciled Humanity) ဆိုတဲ့ စကားတစ်ရပ်ကို ပြောပါမယ်။ ကျေအေး သင့်မြတ်တဲ့ နည်းအားဖြင့် ဘုရားရှင်ဟာ လူသားကို ချိတ်ဆက်ဆက်ဆံတဲ့ ပုံဖြစ်ပါတယ်။ ကောင်းမြတ်ခြင်း ပါရမီများ၊ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်ဝသော အသက်တာ ရောထွေပေါင်းစပ်ပြီးမှ ကျေအေးသင့်မြတ်ခြင်း ဆိုတာ ဆင်းသက်လာတာပါ။ ကောင်းမြတ်တဲ့ ပါရမီ တစ်ခုကတော့ သိမ်မွေ့နူးညံ့ခြင်း ဖြစ်ပါတယ်။ သိမ်မွေ့နူးညံ့ခြင်း အားဖြင့်သာ ညီအစ်ကိုချင်း အားပေးချစ်ခင်မှု၊ လူမှုရေးအရ မိတ်ဖက်မှုတွေကို အားပေးတဲ့ သက်တာကို ရရှိစေမှာ ဖြစ်ပါတယ်။ (ပုပ်ဖရန်စစ် စာချွန်တော် Fratelli tutti/ စာမျက်နှာ ၂၂၂ - ၂၂၄)

သိမ်မွေ့နူးညံ့ခြင်း အကြောင်း ပြောရရင် ဒီနေ့မနက်ဘဲ ကျွန်တော်တို့ကို ထားခဲ့ပြီ ဖြစ်တဲ့ ကျွန်တော်တို့ အားလုံး ချစ်ခင်ရပါတဲ့ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကို မြင်ကြည့်ရပါမယ်။ သူဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်၊ အလွန်သိမ်မွေ့နူးညံ့သော ပုဂ္ဂိုလ် ဆိုတာ ပြန်လည် သတိတရ စဉ်းစားမိတဲ့ အခါ ကျွန်တော်တို့ စိတ်လှုပ်ရှားကြပါတယ်။ ကျွန်တော်တို့ထံ၊ အမိ အသင်းတော်ထံ၊ ကမ္ဘာကြီးထံ ရဟန်းမင်းကြီး ဘက်နဒစ်ကို စေလွှတ်ခဲ့တဲ့ ဘုရားရှင် အပေါ် ကျေးဇူးတင်တဲ့ စိတ်တွေ၊ ရဟန်းမင်းကြီး ဘက်နဒစ် ဆောင်ရွက်ခဲ့တဲ့ ကောင်မှုကုသိုလ်တွေ၊ အထူးသဖြင့် သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်း သက်တာ အပေါ် အာရုံစိုက်ခဲ့တာတွေကို ကျွန်တော်တို့ နှလုံးသားမှာ အမှတ်ရနေပါတယ်။ ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကြားဝင် ဆုတောင်းမှုရဲ့ စွမ်းပကားတွေ၊ ၎င်းရဲ့ တန်ဖိုးတွေ၊ အမိအသင်းတော်ရဲ့ ကောင်းကျိုးအတွက် သူရဲ့ ပေးဆပ်မှုတွေကို ဘုရားရှင်သာလျှင် သိမှာပါ။

ဒီညနေပိုင်းမှာ သိမ်မွေ့နူးညံ့ခြင်းကို လူ့ယဉ်ကျေးမှု အတွက် လိုအပ်တဲ့ ပါရမီ အကျင့်ကောင်း အဖြစ် စဉ်းစားရင်း ရောမသာသနာနယ် အတွက် ပြန်လည် သတ်မှတ်ကျင့်သုံးရအောင်။

သိမ်မွေ့နူးညံ့ခြင်းဟာ ဒိုင်ယာလော့ ဆိုတဲ့ (မတူညီတဲ့ အမြင်ရှုထောင့်များအား အပြန်အလှန် ဆွေးနွေးတဲ့) ယဉ်ကျေးမှု အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒိုင်ယာလော့ဟာ ညီအစ်ကို မောင်နှမများ အဖြစ် ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ညီအစ်ကို မောင်နှမများ ကဲ့သို့ အချင်းချင်း အမြင်မတူ၊ သဘောထား ကွဲလွဲတာက ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ သဘောထား ကွဲလွဲပါစေ လူအချင်းချင်း၊ ညီအစ်ကို အချင်းချင်း ဆက်ဆံ စကားပြောနေရပါမယ်၊ တစ်ဦးအမြင်ကို တစ်ဦးက အချင်းချင်း နားထောင်ရပါမယ်၊ အချင်းချင်း နားလည်ဖို့ ကိုယ်ချင်းစာဖို့ ကြိုးစားရပါမယ်၊ အတူတကွ ရှေ့တက်လှမ်းဖို့ ကြိုးပမ်ရပါမယ်။ “မိသားစုတွေ၊ လူထု အသိုက်အဝန်းတွေကို စုစည်းပေးတဲ့ စိတ်သဘောထား ဖြူစင်ရက်ရောသူတွေ အကြား စိတ်ရှည်လက်ရှည် (အမြင်မတူမှုတွေကို ဆွေးနွေးခြင်း) ဒိုင်ယာလော့ လုပ်ခြင်း မရှိတဲ့ ကမ္ဘာကြီးက ဘယ်လိုတွေ ဖြစ်ကုန်မလဲလို့ ကျွန်တော်တို့ မှန်းဆကြည့်ရပါမယ်။ သဘောတူညီမှု ပျက်ပြားခြင်း၊ ပဋိပက္ခတွေနဲ့ မတူတာကတော့ ငြိမ်းချမ်းရေး အတွက် ဇွဲနဘဲနဲ့ ကြိုးပမ်းမှု၊ သတ္တိရှိရှိနဲ့ အမြင်မတူမှုတွေ/ ငြိမ်းချမ်းရေး ဆွေးနွေးမှုများက သတင်း ခေါင်းဆောင်ကောင်း မဖြစ်လာတတ်ပါဘူး။ “ငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးမှုများဟာ နာမည်ကြီး သတင်းခေါင်းစဉ် အနေနဲ့ မတက်လာဘူး ဆိုပေမယ့် ဒီလိုမျိုး ငြိမ်းချမ်းရေး စကားဝိုင်းများဟာ ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး အတွက် တိတ်တဆိတ် အထောက်အကူ ပြုပါတယ်” (ibid., 198)။ သိမ်မွေ့နူးညံ့ခြင်းဟာ (အမြင်မတူမှုများအား ဆွေးနွေးမှု) ဒိုင်ယာလော့ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ သိမ်မွေ့နူးညံ့ခြင်းဟာ “အလေ့အကျင့်ကောင်း/ ဧည့်ဝတ်ကျေပွန်တဲ့ အကျင့်ကောင်း” ဖြစ်ခြင်း သက်သက်ကို ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက သိမ်မွေ့နူးညံ့စွာ ပြောဆိုတဲ့ အပေါ်ယံဆက်ဆံရေးကို ပြောနေတာ မဟုတ်ပါဘူး။ သိမ်မွေ့နူးညံ့ခြင်း ဆိုတာဟာ ခေတ်ရေစီးကြောင်းကို တွန်းလှန်ရန် အလို့ငှာ၊ လူ့အဖွဲ့အစည်းကို လူသားဆန်စေရန် အလို့ငှာ နေ့စဉ်နေ့တိုင်း ထိန်းသိမ်း၊ လိုက်နာကျင့်ကြံရမယ့် အကျင့်ပါရမီ တစ်ရပ် ဖြစ်ပါတယ်။

စားသုံးသူဝါဒကို အားပေးတဲ့ တစ်ကိုယ်တည်း သီးသန့်နေလိုတဲ့ ဝါဒ (Consumeristic Individualism) ရဲ့ ဆိုးကျိုးကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ တစ်သီးပုဂ္ဂလ နေလိုတဲ့ အယူကြောင့် လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ့်ရဲ့ အေးဆေးတည်ငြိမ်မှု အပေါ် အနှောင့်အယှက် အတားအဆီးများလို့ ယူဆလာစေပါတယ်။ ဘေးလူတွေက ကျွန်တော်တို့ အပေါ် “စိတ်အ‌နှောင့်အယှက် ဖြစ်စေတယ်၊” ကိုယ်လုပ်ချင်တာ လုပ်လို့ မရဘဲ ကိုယ့်အချိန်နဲ့ လူအင်အား၊ ငွေအင်အားကို ဖြုန်းတီးပစ်တယ်လို့ ယူဆစေပါတယ်။ တသီးပုဂ္ဂလဝါဒကို အားပေးလာတဲ့ လူ့အဖွဲ့အစည်း (Individualistic Society)၊

စားသုံးသူဝါဒ/ သုံးပြီးတန်ဖိုး မထားတဲ့ ဝါဒကို အားပေးလာတဲ့ လူ့အဖွဲ့အစည်း (Consumeristic Society) ဟာ အချင်းချင်း အပြိုင်အဆိုင် အဖြစ် မြင်လာပြီး ရန်လိုလာပါတယ်၊ (cf. ibid., 222)။ ဒါပေမယ့် အခက်အခဲများစွာ ကြုံနေရတဲ့ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ သူတပါး အပေါ် “လူသားအကျိုးပြု သိမ်မွေ့နူးညံ့ခြင်း”ကို ပြသနေတဲ့ လူတွေ ရှိပါသေးတယ်၊ “အမှောင်ထုမှာ အလင်းဆောင်နေတဲ့ ကြယ်ပွင့်များ အလား” သူတို့ရဲ့ နေထိုင်ပုံ ဘဝသက်တာနဲ့ ဥပမာကောင်းပြနေပါတယ်။

ဂလာတိမြို့သားတို့ထံ ရေးသားတဲ့ စိန့်ပေါလ်ရဲ့ စာမှာ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရဲ့ ကျေးဇူးတော်၊ အသီးအပွင့်များကို ဖော်ပြထားပါတယ်။ အဲဒီက တစ်ခုကတော့ ဂရိဘာသာစကားအားဖြင့် Chrestotes လို့ ခေါ်ပါတယ်၊ (cf. 5:22)။ ဒါကို သိမ်မွေ့နူးညံ့ခြင်း Kindness လို့ မှတ်ယူနိုင်ပါတယ်။ သိမ်မွေ့နူးညံ့ခြင်းဟာ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရဲ့ ကျေးဇူးတော် တစ်ရပ် ဖြစ်ပြီး သူတပါးကို မေတ္တာပြခြင်း၊ နှစ်သိမ့်ပေးခြင်းကို ဆိုလိုသလို ကြမ်းတမ်း၊ခက်ထန်ခြင်းမှ ရှောင်ရှားစေတဲ့ ပါရမီအကျင့် တစ်ခု ဖြစ်ပါတယ်။ သိမ်မွေ့နူးညံ့ခြင်း အားဖြင့် ပတ်ဝန်းကျင်က လူတွေကို ထိပါးနစ်နာစေမယ့် ကိုယ်နှုတ်၊ အမူအရာများကို ရှောင်ရှားကြရပါမယ်၊ အများရဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပေးရပါမယ်၊ ခွဲခြားဆက်ဆံခြင်း/ နှိမ့်ချပြောဆိုခြင်း အလျှင်းမရှိဘဲ သူတပါးကို အားပေးရပါမယ်၊ အားပေးနှစ်သိမ့်ရပါမယ်၊ (ကိုးကား - ပုပ်ဖရန်စစ် စာချွန်တော် Fratelli tutti/ စာမျက်နှာ ၂၂၃)။

သိမ်မွေ့နူးညံ့ခြင်း ပါရမီဟာ လူ့အဖွဲ့အစည်းမှာ အဆိပ်အတောက် ဖြစ်စေတဲ့ အရာများ အတွက် ဖြေဆေး ဖြစ်ပါတယ်။ ခင်မင်မှုများ ပျက်ပြယ်စေတဲ့ စိတ်ဓာတ် ကြမ်းတမ်းခြင်း၊ နှလုံးသားတွင်း တဖြည်းဖြည်း အဆိပ်အတောက် ဖြစ်လာစေတဲ့ ရက်စက်တဲ့ စိတ်၊ ပူပင်သောကများတဲ့ စိတ်၊ ကိုယ့်ဖို့ အတွက်သာ ကြည့်တဲ့ တကိုယ်ကောင်းစိတ်၊ တခြားလူတွေကို ထည့်မတွက်တဲ့ စိတ်တွေအတွက် သိမ်မွေ့နူးညံ့ခြင်းက ဖြေဆေးဖြစ်ပါတယ်။ ဒီလိုမျိုး “အနာရောဂါနဲ့ တူတဲ့ စိတ်ထားတွေ”ကြောင့် ကျွန်တော်တို့ဟာ နေ့တဓူဝ သက်တာမှာ ရန်လိုလာပါတယ်၊ အများကို အားနာတတ်တဲ့ စိတ်တွေ လစ်ဟင်းလာပါတယ်၊ ကျေးဇူးကန်းလာတယ်၊ ဝမ်းမနည်းတတ်လာတော့ပါဘူး။ ဒီတော့ အများကို နားလည်မှုနဲ့ ခွင့်ပန်တတ်အောင် “May I”၊ ဝမ်းနည်းကြောင်း ပြသတတ်အောင် “Sorry” နဲ့ အများကို ကျေးဇူးတင်တတ်တဲ့ စိတ်ရှိအောင် “Thank you!” ဆိုတဲ့ စကားသုံးရပ်ကို လူအများနဲ့ သဟဇာတ ရှိရှိ နေတတ်အောင် မှတ်သားပြောဆိုဖို့ လိုပါတယ်။ ဒီစကားရပ် သုံးခုဟာ လူ့အဖွဲ့အစည်းမှာ မိတ်ဆွေသဟရများနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ လိုအပ်တဲ့ စိတ်ကို ပြင်ဆင်ပေးပါတယ်။ (May I, Sorry, Thank you) ဆိုတဲ့ စကားရပ် သုံးခုဟာ ကျွန်တော်တို့ အစဉ်ပြောဆိုသုံးနှုန်းသင့်တဲ့ သိမ်မွေ့နူးညံ့တဲ့ စကားတွေ ဖြစ်ပါတယ်။ စျေးသွားရင်၊ လမ်းမှာ ဖြစ်ဖြစ်၊ ရုံးမှာ ဖြစ်ဖြစ် တွေ့တဲ့ လူကို ဒီလို ကြင်နာတဲ့ စကားများ ပြောခြင်းအားဖြင့် ကိုယ်တိုင်က နေ့တဓူဝ အံ့ဖွယ်တန်ခိုး လက္ခဏာများ ဖန်တီးပေးနေတာနဲ့ တူပါတယ်။ လူ့အဖွဲ့အစည်း အတွင်း သိမ်မွေ့နူးညံ့စွာ ပြောဆိုမှုတွေက တဖြည်းဖြည်း ခမ်းခြောက်လာပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ ကိုယ့်အကျိုးထက် အများအကျိုးကို ရှေ့တန်းတင်တဲ့ သိမ်မွေ့နူးညံ့တဲ့၊ စိတ်ထားကောင်းတဲ့ သူတွေက ရှိနေပါသေးတယ်။ သူတို့က အများကို ပြုံးပြတတ်တယ်၊ အားပေးစကားပြောတတ်တယ်၊ ရင်ဖွင့်လိုသူများရဲ့ စကားသံများကို နားထောင်ပေးတတ်ပါတယ်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ဒီလို တမူထူးခြားတဲ့ သိမ်မွေ့နူးညံ့ခြင်း ပါရမီဟာ မိသားစု သက်တာ၊ လူ့အသိုက်အဝန်းနဲ့ မြို့နေကျေးလက်နေ သက်တာများမှာလည်း လူသားအကျိုးပြု ပါရမီကောင်း တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သစ်ကူးကာလမှာ သိမ်မွေ့နူးညံ့ခြင်း Kindness ဆိုတဲ့ ပါရမီ အားကောင်းစေဖို့ လူသားအပေါင်း ကြိုးစားကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သိမ်မွေ့နူးညံ့ခြင်းကို ကိုယ့်ရဲ့ Life style အဖြစ် ကျင့်သုံးရင် အများနဲ့ အတူ ကျန်းမာပျော်ရွှင်တဲ့ သက်တာကို ဖန်တီးပေးနိုင်ကြောင်း၊ လူမှု ဆက်ဆံရေး အားကောင်းစေကြောင်း၊ ရန်လိုမှုနဲ့ သူများကို လစ်လျူရှုမှု ပပျောက်စေကြောင်း စတဲ့ အတွေ့အကြုံက သင်ပေးပါတယ်။

ကညာစင် မာရီးယားကို ကျွန်တော်တို့ လေ့လာကြရအောင်။ ဒီနေ့နဲ့ မနက်ဖြန်မှာ စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်ကြီးမှာ Our Lady of Carmine of Avigliano အမိမယ်တော်ကို သဒ္ဓါကြည်ညိုခြင်း ရှိပါမယ်။ အမိမယ်တော်ရဲ့ အစဉ်တစိုက် လက်ခံရရှိနေတဲ့ ကျေးဇူးတော်များကို တန်ဖိုးမထားတာမျိုး မလုပ်ပါနဲ့။ ဘုန်းတန်ခိုးများကို စွန့်ပယ်ပြီး ကျွန်တော်တို့ လူသားများနဲ့ အတူနေတဲ့ ဘုရား၊ ကိုးလလွယ် ဆယ်လဖွား ကလေးသူငယ်တိုင်း ကဲ့သို့ အမိဝမ်းမှ ဖွားမြင်လာတဲ့ ဘုရား၊ ကညာစင် မယ်တော်မာရီးယားရဲ့ သဘောတူညီမှုနဲ့ လွတ်လပ်ခြင်းတို့ဖြင့် ဖွားမြင်လာတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်များ၊ ရွေးချယ်မှုများကို ကျွန်တော်တို့ အံ့အားသင့်စွာ ထောက်ရှုကြရအောင်။ ဘုရားရှင်ရဲ့ ဒီလိုမျိုး ခရစ္စမတ် နက်နဲဖွယ်ရာများကို လစ်လျူရှုမထားပါနဲ့။ ခရစ္စမတ်နက်နဲဖွယ်ရာများမှာ ကယ်တင်ခြင်းရဲ့ နက်နဲဖွယ်ရာ အချက်များ ပါဝင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဘုရားရှင်ရဲ့ အကြံအစည်တော်ကို ထောက်ရှုသုံးသပ်ကြရအောင်။ လူသားကမ္ဘာရဲ့ လမ်းစဉ်ကို ကညာစင် မိခင်/ ဘုရားရဲ့ မယ်တော်မှာ တွေ့မြင်ကြရတာကြောင့် ဘုရားရှင်ရဲ့ “နည်းလမ်း”ကို လေ့လာကြရအောင်၊ လူသားရဲ့ လွတ်လပ်ခွင့်ကို အလေးထားတဲ့ ဘုရား၊ “သိမ်မွေ့နူးညံ့ခြင်း”နဲ့ လူသားကို ဆက်ဆံတဲ့ ဘုရားထံမှ လေ့လာရအောင်။

 

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

https://bit.ly/3WS7wO8

Add new comment

11 + 1 =