'နိုးကြားစွာနေပါ။ နတ်ဆိုးသည်ကျွန်ုပ်တို့အလယ်သို့ခြေသံလုံစွာတိုးလျိုး၀င်ရောက်နေသည်'

'နိုးကြားစွာနေပါ။ နတ်ဆိုးသည်ကျွန်ုပ်တို့အလယ်သို့ခြေသံလုံစွာတိုးလျိုး၀င်ရောက်နေသည်'

 

ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်ရုံးတော်များ၌အမှုထမ်းနေသောဘာသာရေးခေါင်းဆောင်များအားမိန့်ကြားခဲ့

ရဟန်းမင်းကြီး က အလွန်လိမ္မာပါးနပ်စွာနတ်ဆိုးသည်ကျွန်ုပ်တို့၏အလယ်သို့၀င်ရောက်နှောက်ယှက်နေမှုကိုနိုးကြားစွာဖြင့်ရှောင်ရှားဟန့်တားရန်လိုအပ်ကြောင်း၊ သာသနာ၏ဗဟိုရုံးချုပ်၌အမှုထမ်းနေသောသူများ၌နှောက်ယှက်ခြင်းတစ်ခုရှိကြောင်း၊ ထိုနှောက်ယှက်ခြင်းကား မိမိသာသိ၊ တတ်၊ နားလည်၊ ကျွမ်းကျင်သည်။ အဘယ်သူ့ကိုမျှမေးမြန်းနှီးနှောရန်မလိုဟုတွေးနေသူများရှိကြောင်း၊ ကျွန်ုပ်တို့သည်အခြားသူများထက်ပို၍အန္တရာယ်ရှိကြောင်း၊ အလွန်ပါးနပ်စင်းလဲသောနတ်ဆိုးများ၏၀န်းရံခံထားရကြောင်း၊ ထိုနတ်ဆိုးသည်အသံကျယ်လောင်စွာပြု၍၀င်ရောက်လာခြင်းမဟုတ်ဘဲ လက်ထဲ၌ပန်းဆောင်၍လာကြောင်းမိန့်ကြားခဲ့သည်။

မကောင်းမှုကိုပြစ်တင်ရှုတ်ချရုံ၊ ကျွန်ုပ်တို့အထဲသို့ပုန်းခိုနေသောနတ်ဆိုးများကိုထုတ် ဖော်ပြောရုံဖြင့်မပြီး။ ၄င်းတို့ကိုပြုပြင်ပြောင်းလဲလာရန်တုန့်ပြန်ရမည်။ ရှုတ်ချရုံမျှသည်တစ်ခါ တစ်ရံထင်ယောင်ထင်မှားဖြစ်သွားစေနိုင်သည်။ ရှုတ်ချရုံသည် ထိုပြဿနာကိုဖြေရှင်းခြင်းမဟုတ်။ ပြဿနာရှိသည်ကိုအသိပေးလိုက်ရုံသာဖြစ်သည်။ ၄င်းတို့ကိုပြုပြင်ပြောင်းလဲပစ်ရမည်။ သို့မှသာ ကျွန်ုပ်တို့သည် မကောင်းမှု၏ချုပ်နှောင်ခြင်း၊ တွေးခေါ်ခြင်း၊ လောကီဆန်သောနေထိုင်ပုံများမှလွှတ်မြောက်ပြီဖြစ်ကြောင်းပြသလိုက်ခြင်းဖြစ်သည်။

နှောက်ယှက်ခြင်းကိုတွန်းလှန်အောင်မြင်ရန် အလွန်အကျိုးရှိထိရောက်သောအခြေအနေများအနက်တစ်ခုကား 'နိုးကြားစွာနေခြင်း' ပါရမီဖြစ်သည်။ နတ်ဆိုးသည်ပုံသေနည်းလမ်းတစ်ခုတည်းကိုသာမသုံး။ ပုံစံအမျိုးမျိုး၊ အသွင်အမျိုးမျိုးပြောင်း၍ချဉ်းကပ်တိုး၀င်လာနိုင်သည်။ နိုးကြားမှုမရှိပါက ကျွန်ုပ်တို့အနေဖြင့်သိနိုင်မည်မဟုတ်ပေ။ သံလုကာ၏ဧ၀ံဂေလိကျမ်းစာ၌ ယေဇူးသခင်သည် နတ်ဆိုးကိုနင်ထုတ်လိုက်သောအခါ ထွက်သွား၍အခြားသူနှင့်စရိုက်တူ၊ အကျင့်တူသောနတ်ဆိုးခုနှစ်ကောင်ကိုခေါ်လာ၍ပိုမိုဆိုးရွားသောအခြေအနေကိုကျရောက်စေခဲ့သည်။ နှောက်ယှက်သူသည်မည်သည့်အခါမျှကျွန်ုပ်တို့အားလွှတ်ထားမည်မဟုတ်။ အခွင့်အခါသာသည်နှင့်ပြန်လာပေလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ရင်းနှီးသောအခြေအနေမျိုးနှင့်မဟုတ်သောနည်းလမ်းများကိုအသုံးချမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ပြုပြင်ပြောင်းလဲခြင်းအစ၌ ပုံစံတစ်ခုခုကိုလိုက်နာလေ့ရှိသည်။ ထိုအခါ နတ်ဆိုးသည်ကျွန်ုပ်တို့ထံမှထွက်ခွာသွားသည်။ ထိုသို့ထွက်ခွာသွားသည်ကို ၄င်းတို့ရန်မှထာ၀ရချုပ်ငြိမ်းသွားပြီဟုမတွေးနှင့်။ ပုံဖျက်၍အခြားသောပုံစံဖြင့်ချဉ်းကပ်လာတတ်သည်။ ထိုအခါမျိုး၌ ယခင်ထက်ပို၍ကြမ်းတမ်းမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနုနည်းဖြင့်မရသောကြောင့်ဖြစ်သည်။ အကြမ်းဖက်ခြင်းဖြင့်သူသည် အသာစီးရနေသည်၊ ဟန်ကျနေသည်ဟုတွေးနေတတ်သည်။

နတ်ဆိုးအား 'လိမ္မာပါးနပ်သော' ဟုသုံးရခြင်းမှာမသင့်လျှော်ပေ။ သို့သော်အပြုသဘောဖြင့်သုံးခြင်းမဟုတ်ပါ။ ဤသို့သုံးရခြင်းမှာ ကျွန်ုပ်တို့ပင်မသိအောင်လိမ္မာပါးနပ်စွာ၀င် ရောက်တတ်သောကလိမ်ဉာဏ်ကိုညွှန်းဆိုလိုခြင်းဖြစ်သည်။ ထိုအခြေအနေကိုသတိရှိရှိဖြင့် မောင်းထုတ်နိုင်ရန်မှာ နေ့စဉ်နှင့်အမျှမိမိတို့၏ဩတ္တပ္ပစိတ်ကိုအချိန်မှန်စစ်ဆေးရမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏လုပ်ဖော်ဆောင်ဖက်များအား နှစ်စဉ်ခရစ္စမတ်ဩ၀ါဒအားချီးမြှင့်လေ့ရှိသည်။ (၂၀၁၄) ခုနှစ်ကချီးမြှင့်ခဲ့သောဩ၀ါဒသည်ဟိုးလေးတစ်ကြော် ကြော်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးအမှုတော်ဆောင်သည့်ဒုတိယနှစ်၌ပင် သူ၏လုပ်ဖော်ဆောင်ဖက်များ၏စိတ်နေသဘောထားများကိုထင်ဟပ်စေသော '၀ိညာဉ်ရေးရောဂါ (၁၅) မျိုး' အမည်ဖြင့် သူ၏လုပ်ဖော်ဆောင်ဖက်များကြား၌စွဲကပ်နေသောရောဂါဆိုးများအကြောင်းကိုဖော်ထုတ်ထောက်ပြခဲ့သည်။

(၂၀၂၀) ၌မူ ရဟန်းမင်းကြီးသညသူ၏ခရစ္စမတ်ဩ၀ါဒ၌ 'crisis' (အကြပ်အတည်း) စကားလုံးကို (၄၄) ကြိမ်အသုံးပြု၍ သာသနာတော်ကြီးအနေဖြင့်ပြုပြင်ပြောင်းလဲဆန်းသစ်ရန်လိုကြောင်းမိန့်ကြားခဲ့သည်။

ယခုနှစ် (၂၀၂၂) ခုနှစ် ခရစ္စမတ်ဩ၀ါဒ၌မူ ရဟန်းမင်းကြီးသည် 'ပြုပြင်ပြောင်းလဲခြင်း' အကြောင်းကိုထပ်မံထောက်ပြလာပြန်သည်။ ဤ‌ေ၀ါ်ဟာရသည် ဗာတီကန် (၂) အစည်းအ‌ေ၀းကြီးကျင်းပပြီးစီးခဲ့သည် နှစ် (၆၀) ပြည့်နှစ်ပတ်လည်နှစ်၏ ဆောင်ပုဒ်ဖြစ်သည်။ အကယ်၍သာသနာတော်ကြီးသည် ပြုပြင်ပြောင်းလဲခြင်းမပြုပါက အဆိုပါအစည်းအ ေ၀းသည်မည်သည့်အကျိုးရှိမည်နည်း။ ဗာတီကန် (၂) အစည်းအ‌ေ၀းကြီးအားဦးဆောင်ဦးရွက်ပြုခဲ့သော ရဟန္တာဂျွန် (၂၃) မိန့်ကြားခဲ့သကဲ့သို့ 'ဧ၀ံဂေလိတရားကို လေးနက်စွာနားမလည်မချင်း ဧ၀ံဂေလိကျမ်းစာသည် ကျွန်ုပ်တို့အားမပြောင်းလဲပေးနိုင်' ဟုဖြစ်သည်။ ဗာတီကန် (၂) အစည်းအ‌ေ၀းကြီးညွှန်းဆိုသောပြုပြင်ပြောင်းလဲခြင်းမှာ ဧ၀ံဂေလိတရားကိုစေ့စပ် သေချာစွာနားလည်ရန်၊ မိမိတို့ရှင်သန်နေသော၀န်းကျင်၏အခြေအနေအားထင်ဟပ်ပေါ်လွင်စေရန်၊ ရှင်သန်ရန်၊ လက်တွေ့၌အကျိုးရှိထိရောက်စေရန်ဖြစ်သည်။

ယေဇူးသခင်၏တရားတော်ကိုပြုပြင်ပြောင်းလဲမရသည့်ပုံဆောင်ခဲကဲ့သို့ကိုင်ဆောင်ထားခြင်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့်လွဲချောနေသည်။ စိန့်ပေါလ်ဟောကြားခဲ့သကဲ့သို့ လွှဲချောသောအယူအဆသည် ဧ၀ံဂေလိတရားတော်နှင့်ဆန့်ကျင်သောဟောပြောခြင်း၌သာရှိနေသည်မဟုတ်။ (ဂါလားဆီးယား ၁း၉) ယနေ့ခေတ်ကာလ၏ကြေးမုံပြင်အားထင်ဟပ်ပေါ်လွင်မှုမရှိလျှင်လည်းလွှဲချောနေသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးခြားတို့ထံ ဧ၀ံဂေလိတရားဟောကြားခဲ့သော တမန်တော်သည်ခေတ်ကြေးမုံကိုထင်ဟပ်ပေါ်လွင်စေခဲ့သည်။ ထိန်းသိမ်းသည်ဆိုရာ၌ ရှင်သန်ကြီးထွားစေရမည်။ ပုံသေကားချပ်ကြီးခတ်နှိပ်ထားရန်မဟုတ်ပေ။

ရဟန်းမင်းကြီးသည် ယူကရိန်းစစ်နှင့်စပ်လျင်း၍လည်းကောင်း၊ ကမ္ဘာပေါ်၌ဖြစ်ပျက်နေသော ပဋိပက္ခများစွာနှင့်စပ်လျင်း၍လည်း စစ်မီးများကူးစက်လောင်ကျွမ်းနေခြင်း၊ အကြမ်းဖက်မှုများတိုးပွားလာနေခြင်းတို့သည်ကျွန်ုပ်တို့အားနာကြင်စေသည်။ ထို့ကြောင့်ငြိမ်းချမ်းရေးအတွက် တတ်နိုင်သလောက်ပါ၀င်လုပ်‌ဆောင်ရမည်။ ဤသို့လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့နှင့်ယှဉ်တွဲနေထိုင်နေကြသော ညီအစ်ကိုမောင်နှမများအပေါ်ထားရှိသော ကျွန်ုပ်တို့၏စိတ်ထဲမှအမုန်းတရားများကိုအမြစ်မှနုတ်ရမည်။

ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒအဆုံးသတ်၌ စာရေးဆရာ Andrea Tornielli ရေးသားသော 'The Life of Jesus' (ယေဇူးသခင်၏သက်တော်စဉ်) အပါအ၀င်စာအုပ်များကိုလက်ဆောင်ပေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ လုပ်ဖော်ဆောင်ဖက်များအားချီးမြင့်သောခရစ္စမတ်ဩ၀ါဒသည် (၂၀၂၂) ခုနှစ်၏လူထုနှင့်တွေ့ဆုံစကားပြောခြင်းအစီအစဉ်များအနက်နောက်ဆုံးအစီအစဉ်ဖြစ်သည်။ ကျန်ရှိသည့်ရက်များသည် ဘာသာရေး၀တ္တရားများကိုသာလုပ်ဆောင်မည်ဖြစ်သည်။ ၄င်းတို့မှာ ဒီဇင်ဘာလ (၂၄) ရက်ညသန်းခေါင်ယံမစ္ဆားကို ရောမစံတော်ချိန် ည (၇း၃၀) တွင်စိန့်ပီတာဘုရားကျောင်းကြီး၌ပူဇော်မည်ဖြစ်ပါသည်။

'ဘုရားသခင်သည် လူသားတစ်ဦးအဖြစ်ခံယူခဲ့သည်။ ထိုလူသားသည် ကြီးထွားလာပြီးနောက် ကားတိုင်ပေါ်တွင်တင်သတ်ခြင်းကိုခံယူခဲ့သည်။ ကားတိုင်ပေါ်၌တင်သတ်ခံခြင်းလောက်နှိမ့်ကျသောအဖြစ်မရှိတော့ပေ။ ထိုကားတိုင်ပေါ်၌တင်သတ်ခံခဲ့ရသောနှိမ့်ကျလှသည် သေခြင်းသည် ဘုရားသခင်၏စွမ်းပကားကြီးမားသောအင်အားဖြစ်လာခဲ့သည်။ ခွင့်လွှတ်ခြင်း၌ ဘုရားသခင်၏အစွမ်းသည်ထက်လှသည်။ ကျေးဇူးတရားသိတတ်ခြင်း၊ အကျင့်ပြောင်းလဲခြင်းနှင့်ငြိမ်းချမ်းခြင်းသည် ယခုခရစ္စမတ်၏ကောင်းကြီးဖြစ်ပါစေ' ဟုမိန့်ကြားရင်းအဆုံးသတ်ခဲ့သည်။

 

Add new comment

2 + 6 =