တက်ကြွရှင်သန်နေသော လူငယ်တွေအဖြစ် ခရစ်တော်အလိုရှိဟု ပုပ်ဖရန်စစ်မြွက်ကြား

တက်ကြွရှင်သန်နေသော လူငယ်တွေအဖြစ် ခရစ်တော်အလိုရှိဟု ပုပ်ဖရန်စစ်မြွက်ကြား

ပျင်းရိဇိမ်ခံမနေဘဲ တက်ကြွရှင်သန်နေသော လူငယ်တွေအဖြစ် ခရစ်တော်က သင်တို့ကို အလိုရှိနေတယ် ဟု ပုပ်ဖရန်စစ် အရှင်သူမြတ်မှ ဟန်ဂေရီလူငယ်များအား မိန့်ကြားတော်မူ

၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့၊ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ် အားကစားခန်းမမှာ ကျင်းပပြုလုပ်ခဲ့သည့် သင်တန်း၌ တက်ရောက်လာသူ လူငယ်ပေါင်း တစ်သောင်းတစ်ထောင်ကျော်အား ပျင်းရိဇိမ်ခံမနေဘဲ တက်ကြွရှင်သန်နေသော လူငယ်များဖြစ်ကြရန် အရှင်သူမြတ်က မိန့်ကြားတော်မူခဲ့သည်။

ခရစ်တော်ဘုရားသည် လူငယ်များအား ရှင်သန်၊ သက်ဝင် နိုးကြားကြလျှက် တာဝန်ယူအားကိုးထိုက်သောသူများဖြစ်ကြရန် အလိုရှိနေပါသည်။ သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး ဟူသော စကားပုံကို ခရစ်တော်ကိုယ်တိုင်လည်း သဘောတူလိမ့်မည်ဖြစ်ပြီး ၎င်းဆိုရိုးအတိုင်း သတ္တိရှိစွာ စွန့်စားရဲသူတိုင်း သည် အောင်မြင်မှုနှင့် ထိုက်တန်သူများသာဖြစ်ကြောင်း သတိပေးခဲ့သည်။

ခရစ်တော်သည် လူငယ်များအား ကြီးမြတ်သောအရာများကို ဆောင်ရွက်ရန် အလိုရှိ၍ လူငယ်များ၏ မျှော်လင့် ချက်များကိုလည်း ဘယ်တော့မှ ချိုးနှိမ်မှေးမှိန်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဘဝ၌ အောင်မြင်ရန် အဆင့် ၂ ဆင့် လိုအပ်သည်။ တစ်ခုမှာ မြင့်မြင့်မှန်း၍ ရှိသမျှ အစွမ်းအစတို့ဖြင့် ဘဝပန်းတိုင်များကို ရောက်ရှိရန် မြုပ်နှံကြိုးစားရမည် ဖြစ်ပြီး ကြီးမားမြင့်မြတ်သော အရာများကို ရရှိပိုင်ဆိုင်ခြင်းသည် သူတစ်ပါးအပေါ် ချနင်းလျှောက်လှမ်းခြင်းဖြင့် မဟုတ်ဘဲ သူတစ်ပါးအား ပေးဆပ်အစေခံခြင်းဖြင့်သာ ရရှိလာသည့်အရာဖြစ်သည်။ ဒုတိယအဆင့်မှာ ဆရာသမားဖြစ်သူခရစ် တော်နှင့် တစ်ရင်းတစ်နှီး ပေါင်းစည်းတွေ့ဆုံခြင်းမှ ဖြစ်ပေါ်လာသည်။ ခရစ်တော်က သင်တို့ကို အားပေးနေသည်။ ယုံကြည်ပေးနေသည်။ ခရစ်တော်၏ နည်းပြလမ်းညွှန်မှုအောက်၌ သာသနာအတွင်း၊ တိုင်းပြည်အတွင်းမှာ တစ်ဦးထဲ ဖောက်ထွက် ကစားခြင်းမဟုတ်ဘဲ အများနှင့်အတူ လက်တွဲကစားတတ်သောသူ ဖြစ်စေချင်ကြောင်း ဘူဒါပတ်စ် အားကစား ခန်းမရုံအတွင်းရှိ လူငယ်များအား မိန့်မှာပြောကြားခဲ့သည်။

တိတ်ဆိတ်ခြင်း၏ စွမ်းအားကို လူငယ်များ ရှာဖွေတွေ့ရှိရန် ဆက်သွယ်ရေးမီဒီယာ ဖုန်းများနှင့် အလွန်အမင်း သုံးစွဲခြင်းမှ ချင့်ချိန်သတိရှိကြရန် အရေးကြီးကြောင်း အရှင်သူမြတ်မှ သတိပေးခဲ့သည်။ တိတ်ဆိတ်ခြင်းသည် ဆုတောင်းခြင်း တံခါးဝကို ဆွဲဖွင့်ပေးသည်။ သတင်းအချက်အလက်များကို နောက်မကျစတမ်း အမှီ လိုက်နေကြသော ယနေ့ခေတ်ကြီးမှာ တိတ်ဆိတ်ခြင်းအားဖြင့် စိတ်ဝိညာဉ်ကို အားပြန်ဖြည့်ရန် လိုအပ်လာပြီဖြစ်၍ ဆက်သွယ်ရေးမီဒီယာ ဖုန်းများအား နားသင့်ချိန်မှာ အနားပေးရန် သင်ယူကြရမည်ဟု ပုပ်ရဟန်းမင်းကြီးမှ လူငယ်များအား သတိပေးခဲ့ပါသည်။

ခရစ်တော်က လူငါးထောင်ကို ကျွေးမွေးရန် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အားဖြင့် တန်ခိုးလက္ခဏာပြုလုပ်ခဲ့သည် ကျမ်းစကားကို ထောက်ရှုလျှက် ယုံကြည်ခြင်းသည် ရက်ရောစွာ ပေးကမ်းလိုက်ခြင်းမှ စီးဆင်းလာပြီး ရက်ရောခြင်းသည် ကြောက်စိတ်များကို ကျော်လွှားနိုင်လေသည်။ မုန့်ငါးလုံးကိုင်ဆောင်ထားသော လူငယ်လေးကဲ့သို့ ခရစ်တော်၏ လက်ထဲမှာ အရာရာကို အပ်နှံပေးဇော်ပေးတတ်သူများဖြစ်ရန် သင်ယူသင့်ပေသည်ဟု အရှင်သူမြတ်က မိန့်ကြားခဲ့ပါသည်။

အဆိုပါ လူငယ်တွေ့ဆုံ အခမ်းအနား၌ ပုပ်ရဟန်မင်းကြီး အရှင်သူမြတ်အား ဂီတနှင့်အက ပဒေသာများဖြင့်လည်း ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြပြီး ဘူဒါပတ်စ် အထက်တန်းကျောင်းနှင့်တက္ကသိုလ်ကျောင်းသားများ၏ သက်သေခံချက်များကို နားထောင် ၍ လူငယ်များနှင့်အတူ ယုံကြည်ခြင်းခရီးကို ရင်းရင်းနှီးနှီး တွေ့ဆုံပြုလုပ်ခဲ့ပါသည်။
 

 

အာဗီအေဘာသာပြန်- ဖာသာရ်ပါစကား သီကိုရှင်း၊ SDB

https://bit.ly/423BVfx

 

Add new comment

1 + 0 =