ခွင့်လွှတ်ခြင်းအား ကျင့်ကြံရာ မိသားစု နေရာ

ခွင့်လွှတ်ခြင်းအား ကျင့်ကြံရာ မိသားစု နေရာ

ပြီးပြည့်စုံသော မိသားစု ဟူသည် မရှိ။
သင်ကိုယ်တိုင် ပြီးပြည့်စုံသော လူမဟုတ်သည့် အတွက်ကြောင့် ကျွန်ုပ်တို့၌ ပြီးပြည့်စုံလှသော မိဘများ မရှိ။
ကျွန်ုပ်တို့ လက်ထပ်သော အိမ်ထောင်ဖက်သည် ပြီးပြည့်စုံသော သူ မဟုတ်သကဲ့သို့ ကျွန်ုပ်တို့တွင်လည်း ပြီးပြည့်စုံသော သားသမီးများ မရှိကြ။

ကျွန်ုပ်တို့ တစ်ဦးအပေါ် တစ်ဦး အားမလို အားမရ ဖြစ်ကာ ပြစ်တင်လိုကြသည်။ ထိုသို့ တစ်ဦးကို တစ်ဦး ဝေဖန်ပြစ်တင်ခြင်း မရှိဘဲ အတူတကွ နေထိုင်နိုင်ကြသည် မဟုတ်။

ကျွန်ုပ်တို့သည် စိတ်ပျက်စိတ်ကုန်မှုများ အစဉ်အမြဲ ကြုံရတတ်သည်ကို သတိချပ်ရမည်။ မတူသည့် အချိန်အခါ နေရာဒေသတွင် အကြောင်းပြချက်များစွာ အတွက် တစ်ဦးကို တစ်ဦး စိတ်ပျက် အားမရ ဖြစ်တတ်ကြသည်ကို အမှတ်ရဖို့ လိုသည်။

ခွင့်လွှတ်ခြင်းအား မကျင့်ကြံသော မိသားစု၊ အိမ်ထောင်စုကို ကိုယ်စိတ် ကျန်းမာမှု ရှိသော အိမ်ထောင်စု သို့မဟုတ် မိသားစု ဟူသည် သတ်မှတ်၍ မရပေ။ ခွင့်လွှတ်ခြင်း ဟူသည်မှာ မိသားစု ဝမ်းမြောက်ခြင်း၊ မိသားစု ပျော်ရွှင်ခြင်း အတွက် ဆေးတစ်ခွက် ဖြစ်သည်။

ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဝိညာဉ်ရေး သက်တာ ဆက်လက် ရှင်သန်နိုင်ရေး အတွက် ခွင့်လွှတ်ခြင်းသည် အဓိက အရေးကြီးလှပါသည်။ မည်မျှပင် ကြီးလေးသော ပြစ်မှုကို မဆို၊ ကျူးလွန်သူကို မဆို ခွင့်လွှတ်နိုင်ရေး ကြိုးစားရမည်။ ခွင့်လွှတ်ခြင်း မရှိလျှင် မိသားစု ဟူသည်မှာ ပဋိပက္ခများ စုပြုံဖြစ်ပွားရာ နေရာ၊ မကောင်းမှု နတ်ဆိုးနတ်မိစ္ဆာ၏ ခံတပ် ဖြစ်လာတတ်သည်။

ခွင့်လွှတ်ခြင်း ဟူသည်မှာ မိမိ ဝိညာဉ်ရေးရာ အနာရောဂါကင်း ကျန်းမာစေဖို့၊ နှလုံးသား ဖြူစင်သန့်ရှင်းစေဖို့နဲ့ စိတ်၏ လွတ်မြောက်ခြင်း ရရှိဖို့ အတွက် အခရာ ဖြစ်သည်။ ခွင့်လွှတ်၍ မရသော အပြစ်ဟူသည် မရှိ။

ခွင့်လွှတ်ခြင်း မရှိသူသည် စိတ်နှလုံး ဝိညာဉ်၌ ငြိမ်းချမ်းခြင်း ရလိမ့်မည် မဟုတ်။ မခွင့်လွှတ်တတ်သူသည် ဘုရားသခင်နှင့် ပေါင်းစည်း၍ မရနိုင်။

မခွင့်လွှတ်နိုင်ခြင်းသည် သူတစ်ဦးအား အဆိပ်အတော် ဖြစ်စေသည်။ မခွင့်လွှတ်နိုင်သည့် အဆိပ်အတောက်သည် ထိုသူအား အတွင်းမှ လှိုက်စား အသက်တိုစေသည်။

မခွင့်လွှတ်နိုင်သည့် အတွက် နှလုံးသား နာကျင်မှု ဝေဒနာ ခံစားရလျှင် ၎င်းသည် မိမိကိုယ်ကို ပျက်စီးစေမည့် လက္ခဏာ ဖြစ်သည်။ ထိုအခြေအနေသည် မိမိအသား မိမိပြန်စားသည့် ရောဂါနှင့် တူသည်။

မခွင့်လွှတ်တတ်သူသည် ကိုယ်ရော စိတ်ပါ ဖျားနာသူဖြစ်သည်။ ထိုသူသည် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ထိခိုက်လိမ့်မည်။

ထို့ကြောင့် မိသားစုသည် အသက်တာကို ပေးသော နေရာဖြစ်ရမည် ဖြစ်ပြီး ပျက်စီးခြင်းတရား၊ သေခြင်းတရား ကြီးစိုးသော နေရာ မဖြစ်စေရ။ မိသားစုသည် ကောင်းကင်သုခပေးသော နေရာ ဖြစ်စေရမည်၊ ငရဲဒုက္ခပေးသော နေရာ မဖြစ်စေရ။ မိသားစုအားဖြင့် ကုသခြင်း ရရှိစေရမည်၊ မိသားစုမှ ရောဂါမဖြစ်ပွားစေရ။ မိသားစုသည် ခွင့်လွှတ်ခြင်း ကျင့်ကြံရာ နေရာဖြစ်ရမည်၊ အပြစ်ဖို့ရာ နေရာ မဖြစ်စေရ။

ခွင့်လွှတ်ခြင်း အားဖြင့် ဝမ်းနည်းကြေကွဲနေသော နေရာ၌ ဝမ်းမြောက်ရွှင်လန်းခြင်းကို ဖြစ်စေသည်၊ ကုသခြင်းကို ပေးသည်။

မိသားစု ဟူသည်မှာ အတင်းပြောသော နေရာ၊ အချင်းချင်း အသရေ ပျက်အောင် အပုတ်ချ ပြောဆိုသော နေရာ မဟုတ်ရ။ မိသားစု ဟူသည်မှာ အားဖြည့်ပံ့ပိုးပေးသော နေရာ ဖြစ်ရမည်။
မိသားဟု ဟူသည်မှာ ငြင်းပယ်သော နေရာ မဖြစ်ရ၊ ကြိုဆိုလက်ခံသောနေရာ ဖြစ်ရမည်။
အခြားသူအား မဟုတ်မမှန် ချောက်တွန်းဂွင်ဆင်သော သူသည် အင်မတန် ရှက်စရာ ကောင်းသည်။
ကျွန်ုပ်တို့သည် ရန်သူများ မဟုတ်၊ မိသားစုဝင်များ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးသည် စိန်ခေါ်မှု အခက်အခဲများအား ရင်ဆိုင်နေရပါက ထိုသူလိုအပ်သည်မှာ အပြစ်တင် ရှုံချခြင်း မဟုတ်၊ ပံ့ပိုးအားပေးမှုသာ အဓိက လိုအပ်သည်။

Credit: Lawrence Jangma Mung Song

Add new comment

1 + 0 =