ကျွန်ုပ်တို့အားလုံးသည် ဘုရားရှင်၏မျက်မှောက်တော်၌ သူတောင်းစားများဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မိန့်ကြား (Pope at Audience: “We are all beggars before God”)

ကျွန်ုပ်တို့အားလုံးသည် ဘုရားရှင်၏မျက်မှောက်တော်၌ သူတောင်းစားများဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မိန့်ကြား (Pope at Audience: “We are all beggars before God”)
ကျွန်ုပ်​တို့အားလုံးသည် ဘုရားရှင်၏မျက်မှောက်တော်၌ သူတောင်းစားများဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မိန့်ကြား (Pope at Audience: “We are all beggars before God”)

၂၀၂၀၊ မေလ ၆ ရက်၊ အပတ်စဉ်ပြုလုပ်နေကျ လူထုပရိတ်သတ်နှင့်တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ကက်သလစ်ခရစ်ယာန်အယူဝါဒ သင်ကြားရေးနှင့်ပတ်သက်၍ ဆုတောင်းမေတ္တာအကြောင်း သြဝါဒမြွက်ကြားရာ၌ မျှော်လင့်ခြင်းနှင့်ကယ်တင်ခြင်းတွက် ဘုရားရှင်ထံတောင်းလျောက်သည့်အခါ မည့်သည့် အခါမျှ လက်မြှောက်အရှုံးမပေးရန် ကက်သလစ်ဘာသာဝင်သားသမီး တို့အားဖိတ်ခေါ် လိုက်သည်။

ခရစ်တော်ယေဇူးကိုယုံကြည်ကြောင်း ဝန်ခံခဲ့ပြီးနောက် မျက်စိပြန်မြင်ခွင့်ရခဲ့သော ဂျေရီခိုမြို့မှ မျက်မမြင်သူတောင်းစားဘာတီမေဦး၏ ရှင်မာကုဧဝံဂေလိကျမ်း (၁ဝး၄၇)လာ ပုံဥပမာကိုယူလျက် “ဆုတောင်းမေတ္တာပြုခြင်းအားဖြင့် ဘုရားရှင် ထံတော်ပါးသို့ အရောက်လှမ်းကြရန်နှင့် ယုံကြည်ခြင်းခရီးလမ်း၌အားမလျော့ဘဲ ဇွဲလုံ့လရှိကြရန်” ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ခရစ်ယာန်ဘာသာဝင် များအား ဖိတ်ခေါ်လိုက်သည်။

ဆုတောင်းမေတ္တာပြုခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အသက်သွေးကြောဖြစ်ပြီး ၄င်းသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသက်ဝင်သူတို့၏ နှလုံးသည်းပွတ်မှစီးဆင်း လာသော တောင်းလျောက်မှုဖြစ်ကြောင်း ရောမမြို့၊ ရဟန်းမင်းကြီးစံနန်း တော်ရှိ စာ ကြည့်တိုက်မှ ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွင့်၍ လူထုပရိတ်သတ်နှင့် တွေ့ဆုံ ရာတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မိန့်ကြားခဲ့သည်။

ဘာတီမေဦးသည် မျက်မမြင်တစ်ဦးဖြစ်သော်ငြား မိမိထံသို့ ခရစ်တော်ဘုရားကြွလာ ကြောင်းသတိပြုမိလျက် “ဒါ၀ိတ်၏သားတော် ကျွန်ုပ်ကိုသနားတော်မူပါ” ဟုအသံကုန် ဟစ်အော်ခဲ့ကြောင်း၊သူ့အားမာန်မဲကာ တိတ်ဆိတ်စွာနေရန်ဟိန်းဟောက်နေကြသော လူအများကိုလစ်လျူရှုလျက် တစ်ခုတည်းသော အားကိုးရာလက်နက်ဖြစ်သော မိမိ၏ “အသံ” ကို အသုံးပြုကာ “ဒါ၀ိတ်၏သားတော်” ဟုဟစ်ကြော်ခြင်းဖြင့်ယေဇူး ခရစ်တော်ကို ကယ်တင်ရှင်မက်ဆီးယားအဖြစ်သူ၏ယုံကြည်ခြင်းကို ဝန်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ မျက်မမြင်သူတောင်းစား၏ ဆုတောင်းသံသည် ဘုရားသခင်၏ နလုံးသားကိုရိုက်ခတ်ခဲ့သောကြောင့် မျက်စိအလင်းပြန်မြင်ခွင့်ရခဲ့ပြီး၊၄င်းအခြင်း အရာသည် သူ့အတွက်ကယ်တင်ခြင်းဂိတ်တံခါးတို့ပွင့်သွား ပြီဟူသည့် အဓိပ္ပါယ်ဆောင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆက်လက်ရှင်းပြ တော်မူခဲ့သည်။

 

ယုံကြည်ခြင်းဟူသည် ကယ်တင်ခြင်းအတွက်တောင်းလျောက်သံ (Faith is a cry for salvation)

“ယုံကြည်ခြင်းဟူသည် ကယ်တင်ခြင်းအတွက်တောင်းလျောက်သံ” ဖြစ်ကြောင်းကို မျက်မမြင်ဘာတီမေဦး၏ အဖြစ်အပျက်ကညွှန်ပြနေကြောင်း၊ ခရစ်ယာန်များသာမက လောကခရီးကိုလျောက်လှမ်းနေစဉ်ဝယ် ဘဝ၏အဓိပ္ပါယ်ကိုရှာဖွေနေကြသူ အမျိူးသား၊ အမျိူးသမီးအားလုံးတို့သည်လည်း ဆုတောင်းမေတ္တာပြုနေကြသူများဖြစ်ကြောင်း အရှင် သူမြတ်မှထပ်လောင်းမိန့်ကြားခဲ့သည်။

သို့ဖြစ်၍ ယုံကြည်ခြင်းဘုရားဖူးခရီး (Pilgrimage of faith) ကိုလျောက်လှမ်းရာ၌ ကျွန်ုပ်တို့အားလုံးသည်လည်း ဇွဲလုံ့လဖြင့်ဆုတောင်းကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဘဝ၏မှောင်မိုက်ဆုံးအချိန်များတွင် “ယေဇူးဘုရားတပည့်တော်ကိုသနားတော်မူပါ၊ ယေဇူးဘုရား တပည့်တော်တို့အားလုံးကိုသနားတော်မူပါ” ဟု ခရစ်တော်သခင်ထံ ယုံကြည်ချက်ခိုင်မာစွာ တောင်းလျောက်ကြရမည်ဖြစ်ကြောင်းလည်း မိန့်မှာခဲ့သည်။

ဆက်လက်၍ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ခရစ်ယာန်တို့၏ယုံကြည်ခြင်း ဟူသည် “မြှောက်ထားသောလက်နှစ်ဖက်” နှင့် ကယ်တင်ခြင်းဆုကျေးဇူးတွက် သနားခံနေသော “တောင်းလျောက်သံ” တို့ပါရှိနေရမည်ဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် နှိမ့်ချညွတ်တွားတတ်သောစိတ်နှလုံးသည် ဆုတောင်းမေတ္တာ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကက်သလစ်သနာတော်၏ မွန်မြတ်သောသွန်သင် ချက်များ (Catechism of the Catholic Church) ကလည်း ဤအကြောင်းအရာကို သက်သေပြုသင်ကြားပေးထားကြောင်း၊ ဆုတောင်းမေတ္တာသည်ကမ္ဘာမြေပေါ်တွင် စတင်သန္ဓေတည်ပေါက်ဖွားသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ “နှိမ့်ချညွတ်တွားတတ် သောစိတ်နှလုံး” (Humility) ဟူသောစကားရပ်သည် ကမ္ဘာမြေကြီး (humus) ဟုအဓိပ္ပါယ်ဆောင်သည့် လက်တင် (Latin) စကားမှဆင်းသက်လာကြောင်း၊ သို့ ဖြစ်၍ ဆုတောင်းမေတ္တာပြုခြင်းအမှုသည် ကျွန်ုပ်တို့၏ မရေရမသေချာသော ဘဝအခြေအနေ များကိုရင်ဆိုင်နေရခြင်းနှင့် ဘုရားသခင်အား ဆာလောင်မွတ်သိပ်ခြင်း တို့မှမြစ်ဖျားခံ စီးဆင်းလာခြင်း ဖြစ်ကြောင်းစသည်တို့ကိုလည်း ရှင်းပြခဲ့သည်။

ဆက်လက်၍ ရဟန်းမင်းကြီးမှ “ယုံကြည်ခြင်း” (Faith) ဟူသည် ကျွန်ုပ်တို့၏ဇွဲထက် သန်သော တောင်းလျောက်သံဖြစ်ပြီး လူသားတို့နားမလည်နိုင်သော နာကျင်ကြေကွဲ ဖွယ်ရာအခြေ အနေများကို တွန်းလှန်တိုက်ခိုက်ပေးသည့် အရာဖြစ်ကြောင်း၊ မယုံကြည် တတ်သော စိတ်နှလုံးသားသည်ကား မိမိကိုယ်ကိုမိမိ ဘောင်ခတ်အကျဉ်းချပြီး လူသား တို့အား ဖိနှိပ်ချုပ်ခြယ်နှိပ်စက်ကလူပြုနေသော မကောင်းမှုအနိဋ္ဌာရုံတို့နှင့် ယဉ်ပါးစေ တတ်ကြောင်း၊ ယုံကြည်ခြင်းသည်ကား ကယ်တင်ခြင်းအတွက် မျော်လင့်ချက်ဖြစ် ကြောင်း သြဝါဒစကားမြွက်ကြားတော်မူခဲ့သည်။

 

ဆုတောင်းမေတ္တာသည် အပြန်အလှန်ငြင်းခုန်မှုများထက်ပို၍ခွန်အားရှိ (Prayer is stronger than any argument to the contrary)

လူသားတို့၏ အတွင်းအဇ္ဈတ္တ၌ ဆုတောင်းမေတ္တာပြုတတ်သော အသံရှိနေပြီး ယင်းဆု တောင်းသံသည် အပြန်အလှန်ငြင်းခုန်နေမှုများထက်ပို၍ခွန်အားရှိကြောင်း၊ ထိုတောင်း လျောက်သံသည် မည်သူတစ်ဦးတစ်ယောက်၏စေခိုင်းခြင်းမရှိဘဲ အလိုအလျောက်စီး ဆင်းလာကာ ကျွန်ုပ်တို့လျောက်လှမ်းနေသော လောကဘဝခရီး၏ အဓိပ္ပါယ်ကို စီစစ် ပေးတတ်ကြောင်း၊ အထူးသဖြင့် အမှောင်ထုထဲသို့ ကျွန်ုပ်တို့ကျရောက်ချိန်၌ ထိုတောင်း လျောက်သံက “ယေဇူးဘုရား တပည့်တော်ကို သနားတော်မူပါ၊ ယေဇူးဘုရား တပည့် တော်တို့အားလုံးကို သနားတော်မူပါ” ဟူ၍ ဆုတောင်းမေတ္တာ ပြုစေတတ်ကြောင်း ကိုလည်း ရဟန်းမင်းကြီးမှ ဆက်လက်မိန့်ကြားခဲ့သည်။

 

ခရစ်ယာန်ဘာသာဝင်တို့သာလျင် ဆုတောင်းမေတ္တာပြုကြသည်မဟုတ် (It’s not only Christians who pray)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က “ဤစကားရပ်များသည် ဖန်းဆင်းခံအရာ သတ္တဝါ အားလုံးတို့အပေါ်တွင် ကဗ္ပည်းအက္ခရာတင်ထားလျက်ရှိ ကြောင်း၊ဘုရားရှင်၏ နက်နဲသောမဟာမေတ္တာဂရုဏာတော်သည် အဆုံးသော ပြီးပြည့်စုံခြင်းသို့ရောက်ရန်  အလို့ငှာ ခပ်သိမ်းသောအရာသတ္တဝါတို့သည် ဆုတောင်းမေတ္တာပြုလျက် တောင်း လျောက် နေကြကြောင်း၊ ခရစ်ယာန်ဘာဝင်များသာမက လောကရှိအမျိုးသား၊ အမျိုး သမီး အယောက်စီတိုင်းသည်လည်း ကယ်တင်ခြင်းရရှိရန် ပြင်းပြသော လိုအင်ဆန္ဒရှိ နေကြကြောင်း နှင့် “လူသည် ဘုရားရှင် ၏မျက်မှောက်တော်၌ သူတောင်းစားမျှသာ” ဖြစ်ကြောင်း မိန့်မြွက်တော်မူကာ ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များနှင့် ပတ်သက်သော ၄င်း၏သြဝါဒကို နိဂုံးချုပ်ထားတော်မူသည်။

 

ဘာသာပြန်ဆိုသူ - Fr. Stephen Aung Min

Add new comment

2 + 5 =