ကောင်းသောတပည့်သည် နိုးနိုးကြားကြားရှိသည်

ကောင်းသောတပည့်သည် နိုးနိုးကြားကြားရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် 'ဆင်ခြင်ထောက်ရှုခြင်း' နှင့်စပ်လျှင်း၍ ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံစဉ်သင်ကြားလာခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့တိုင်းစိန့်ပီတာရင်ပြင်၌ ဘုရားဖူးများနှင့်တွေ့ဆုံသည့်အခါသင်ကြားရန်အတွက်နှစ်စဉ်ခေါင်းစဉ်တစ်ခုခုကိုရွေးချယ်သင်ကြားပေးလေ့ရှိသည်။ ယခုနှစ်အတွက်မှာမူ 'နိုးနိုးကြားကြားရှိခြင်း၏အရေးကြီးပုံ' အကြောင်းကိုနှစ်သစ်မှစ၍သင်ကြားလာခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် 'ဆင်ခြင်ခြင်း' နှင့်စပ်လျင်း၍ မတူသောရှုထောင့်ဖြစ်သည့် ဆု တောင်းခြင်း၊ မိမိကိုယ်ကိုသိအောင်ဆန်းစစ်ခြင်း၊ ဆန္ဒများကိုထိန်းချုပ်ခြင်းအကြောင်းနှင့်မိမိရွေးချယ်ဆုံးဖြတ်ခဲ့သည်ကိုလက်တွေ့ဖော်ဆောင်ရန်လိုအပ်သည့်အကြောင်းများကိုဟောကြားခဲ့သည်။ ယခင်အပတ်သည် ယခုနှစ်၏ ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်တွေ့ဆုံရာ၌သင် ကြားသောဘုရားစကားအကြောင်းအရာ၏နောက်ဆုံးအပိုင်းဖြစ်သည့် နိုးနိုးကြားကြားရှိခြင်းအကြောင်းကိုဟောကြားခဲ့သည်။

နိုးနိုးကြားကြားရှိခြင်းသည် ဆင်ဆင်ခြင်ခြင်ဖြင့်ဆုံးဖြတ်သောအကြောင်းအရာကို အကျိုးမဲ့မဖြစ်စေရန်အတွက်လိုအပ်သောစိတ်နေသဘောထားဖြစ်သည်။ မိမိတို့၏ပြတ်သားသောဆုံးဖြတ်ချက်များကို ဖျက်လိုဖျက်ဆီးလုပ်မည့်နတ်ဆိုး၏လှည့်ကွက်များသည် ကျွန်ုပ်တို့အစပြုစဉ်ကထက်ဆိုးရွားသွားစေသည့်အခြေအနေကိုရောက်သွားစေနိုင်သည်။ ထို့ကြောင့် နိုးကြားစွာရှိနေရန်မှာ မရှိမဖြစ်လိုအပ်သည်။ တစ်နည်းဆိုရသော် နိုးကြားစွာရှိနေခြင်းသည် မိမိတို့၏ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်အောင်မြင်စေသည့်အကြောင်းတရားဖြစ်သည်။

ကောင်းသောတပည့်သည်နိုးနိုးကြားကြားရှိသည်။

ယေဇူးသခင်ကိုယ်တော်တိုင်ပင်လျှင် ဧ၀ံဂေလိကျမ်းစာတော်မြတ်ထဲ၌ နိုးကြားစွာရှိနေရန်၊ မိမိတို့၏တာ၀န်များကိုကျေပြွန်စွားထမ်းဆောင်ကြရန်နှင့်ငိုက်မြည်းမနေကြရန် တပည့်တော်ကြီးတို့အားတိုက်တွန်းခဲ့သည်။ သင်တို့၏ခါးပန်းကိုစည်း၍ ဆီမီးခွက်ကိုထွန်းထားကြလော့။ အိမ်ရှင်ပြန်လာချိန်၌ နိုးကြားစွာစောင့်နေသောအစေခံသည်မဂ်လာရှိ၏ဟုမိန့် ကြားခဲ့သည်။ ဤစိတ်နေစိတ်ထားသည် ယေဇူးသခင်၏နောက်ဆုံးအကြိမ်ကြွလာခြင်းကိုစောင့်မျှော်နေသောခရစ်ယာန်တို့၏စိတ်နေသဘောထားဖြစ်ရမည်။ နေ့စဉ်လူ့အသက်တာ၌လည်းထားရှိမွေးမြူသင့်သောစိတ်နေသဘောထားဖြစ်သည်။

နိုးကြားခြင်းမရှိပါက အားလုံးဆုံးရှုံးရဖွယ်ရာရှိသည်။

ဤဆုံးရှုံးမှုကြီးသည် စိတ်ပိုင်းဆိုင်ရာမဟုတ်။ ၀ိညာဉ်ရေးပိုင်းဆိုင်ရာဖြစ်သည်။ နတ်ဆိုး၏အမှန်တကယ်ကျော့ကွင်းပင်ဖြစ် သည်။ အခြေအနေတစ်ခု၌ ကျွန်ုပ်တို့သာယာသွားသည်အထိစိတ်ရှည်လက်ရှည်စောင့်၍ချုပ်ရန်ကြံစည်လေ့ရှိသည်။

ဧ၀ံဂေလိကျမ်းစာ၌ မစင်ကြယ်သောနတ်သည် သူခိုနေသောအိမ်မှနင်ထုတ်ခံခဲ့ရသည်။ ထိုသို့နင်ထုတ်ခံရပြီးနောက် အခြားခုနှစ်ယောက်အားခေါ်လာ၍သူနေခဲ့သောအိမ်သို့ ပြန်လာခဲ့သည်။ ထိုအခြေအနေသည် ယခင်ထက်ဆိုးရွားသွားစေသည်။ ၄င်းတို့သည် မည်သည့်အနှောက်အယှက်မျှမရှိဘဲ ထိုမျှများပြားသောနတ်ဆိုးတို့သည် အဘယ်သို့၀င်ရောက်သွားနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် အိမ်ရှင်သည် အခြေအနေတစ်ခုခု၌သာယာသွားခဲ့သည်။ သူ့ကိုယ်သူအလွန်ငဲ့ညှာလွန်းသွား၍သတိဖြင့်စောင့်ကြည့်ရန်ရပ်တန့်ခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့အယုံကြည်လွန်ကဲသွားပြီး ဘုရားသခင်၏ကျေးဇူးတော်ကိုလစ်လျူရှူလာသောအခါ နတ်ဆိုးသည် ကျွန်ုပ်တို့၏၀ိညာဉ်ရေးတံခါးဖွင့်ထားသည်ကိုချက်ချင်းတွေ့ရှိသွားမည်ဖြစ်သည်။ အင်နှင့်အားနှင့်အထဲသို့၀င်ရောက်ရန်ပြင်ဆင်စည်းရုံးလှုပ်ရှားပေတော့မည်။

ကျွန်ုပ်တို့သည် နိုးကြားစွာရှိနေရမည်။

ကောင်းမွန်နေသောအဆင့်မှအလွန်ဆိုးရွားသောအခြေအနေသို့ကျရောက်သွားခြင်းမှာ မဖြစ်သင့်သောအခြေအနေဖြစ်သည်။ သို့သော်မဖြစ်နိုင်သည့်အရာမရှိ။ ကျွန်ုပ်တို့တစ်ဦးစီ မိမိတို့ကြုံတွေ့ခဲ့ဖူးသောအတွေ့အကြုံကိုပြန်လည်ဆင်ခြင်ကြည့်ပါ။ ကောင်းသောဆုံးဖြတ်ချက်ကိုချမှတ်နိုင်ရုံဖြင့်မပြီး။ မှန်ကန်သောရွေးချယ်မှုလည်းလိုသည်။ ထို့ကြောင့် နိုးကြားနေရန်လိုသည်။ နိုးကြားခြင်းသည် ဉာဏ်ပညာရှိခြင်း၏လက္ခဏာဖြစ်သည်။ ထို့အတူ နှိမ့်ချခြင်း၏လက္ခဏာလည်းဖြစ်သည်။ ခရစ်ယာန်အသက်တာ၏အမြင့်ဆုံးလမ်းစဉ်ဖြစ်သည်။

“Vigilance is a sign of wisdom, it is above all a sign of humility, which is the high road of the Christian life.”

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3WfBX13

Add new comment

3 + 3 =