# ကမ္ဘာမြေအားကုစားခြင်း #Healing World

# ကမ္ဘာမြေအားကုစားခြင်း #Healing World

ရဟန်းမင်းကြီး ဖရန်စစ်၏ ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံပွဲ သင်ကြားချက် (အပိုင်း - ၇)

# အနှစ်ချုပ်

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ လက်ရှိဖြစ်နေသော ကပ်ရောဂါ အပေါ် အမိ အသင်းတော်ရဲ့ လူမှုရေးဆိုင်ရာ သွန်သင်ချက် နဲ့ ချိန်ဆကြည့်မယ် ဆိုရင် နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများနဲ့ ဆင်းရဲနွမ်းပါးသူများ အပေါ် ဂရုစိုက်စောင့်ရှောက်ကြသူများရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို သတိပြုမြင်တွေ့ကြပါပြီ။

အလားတူပဲ လူသားအပေါင်းကို ပြုစုစောင့်ရှောက်ဖို့ သာမက သဘာဝ ပတ်ဝန်းကျင် ကမ္ဘာမြေကိုလည်း ထိန်းသိမ်းကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဘဘာဝ ပတ်ဝန်းကျင်ရဲ့ အလှတရား ဆိုတာကလည်း အများအားဖြင့် လစ်လျူရှုခံရပြီး သူ့ရဲ့ သယံဇာတကိုသာ ထုတ်ယူလိုနေကြတာ ဖြစ်ပါတယ်။ ဘုရားဖန်ဆင်းတဲ့ သဘာဝတရားကို အသိအမှတ်ပြု စောင့်ရှောက်တတ်ဖို့ ကျွန်တော်တို့ဟာ မိမိကိုယ်ကို ဆန်းစစ်ထောက်ရှုတတ်ဖို့ လိုပါတယ်။ သဘာဝတရားနဲ့ ဆက်စပ်ပြီး မိမိကိုယ်ကို ထောက်ရှုဆန်းစစ်ရင် ဖန်ဆင်းခံ ရေမြေ သတ္တဝါ အပေါင်းရဲ့ တန်ဖိုးကို နားလည် သိရှိပြီး ဒီသဘာဝတရားမှာ ဘုရားသခင်ရဲ့ အဆုံးအစမဲ့ ဉာဏ်ပညာ၊ ကောင်းမြတ်ခြင်းနဲ့ အလှတရားတွေကို သတိပြုမိမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ထောက်ရှုဆန်းစစ်ခြင်းဖြင့် ကျွန်ုပ်တို့ လူသားအပေါင်းဟာ သဘာဝ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အစိတ်အပိုင်း အဖြစ် လက်ခံမှတ်ယူကြမှာ ဖြစ်ပြီး ကမ္ဘာမြေကို နောင်လာမယ့် မျိုးဆက်သစ်တို့ အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ချက်ကိုလည်း အသိအမှတ်ပြု သဘောပေါက်ကြမှာ ဖြစ်ပါတယ်။

# မိန့်ခွန်း_အစအဆုံး

ညီအစ်ကို မောင်နှမ အပေါင်းတို့၊...

ကပ်ဘေးကာလအား ကျော်လွှားရန် ကြိုးပမ်းရာမှာ လူသား အချင်းချင်း စောင့်ရှောက်ဖို့၊ ဂရုစိုက်ကြဖို့ အရေးကြီးပါတယ်။ အချင်းချင်း ဂရုစိုက်စောင့်ရှောက်ကြဖို့ ဆိုတာကလည်း အဆင်းရဲဆုံးသူတွေ၊ နေမကောင်း ဖျားနာသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိက စောင့်ရှောက်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ လူနာ စောင့်ရှောက်သူများဟာ ထိုက်တန်သလောက် အသိအမှတ်ပြုခြင်း မခံရပေမယ့် ယနေ့ခေတ် အခါမှာ သူတို့ဟာ အလွန်တရာ အရေးကြီးကြပါတယ်။ လူတစ်ဦးကို ပြုစုစောင့်ရှောက်ခြင်းဆိုတာ လူသား သဘာဝ အတွက် ရွှေကဲ့သို့ အဖိုးတန်တဲ့ တာဝန် ဖြစ်ပြီး ပြုစုစောင့်ရှောက်ခြင်းကြောင့် သူတစ်ဦရဲ့ ကျန်းမာရေးနဲ့ မျှော်လင့်ချက်များ ရှိလာစေပါတယ်။ နာမကျန်း ဖြစ်နေသူများ၊ လိုအပ်နေသူများ၊ အပယ်ကြဉ်ခံရသူများကို ပြုစုစောင့်ရှောက်ခြင်း ဆိုတာဟာ လူသားဆန်တဲ့ လုပ်ရပ် ဖြစ်သလို ခရစ်ယာန် ဆန်သော လုပ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။

လူသားကို ပြုစုစောင့်ရှောက်ဖို့ လိုသလိုပဲ ကမ္ဘာမြေနဲ့ တောရိုင်းတိရစ္ဆာန်များအား ပြုစုစောင့်ရှောက်ဖို့ ဆိုတာကလည်း အရေးကြီးပါတယ်။ ကမ္ဘာမြေ တောတောင်ရေမြေနဲ့ အသက်တာ အားလုံးဟာ ချိတ်ဆက်နေတာ ဖြစ်သလို လူသား အပေါင်းရဲ့ သက်တာဟာလည်း ဖန်ဆင်းခံ ကမ္ဘာမြေ ပတ်ဝန်းကျင်ကောင်း ရှိမရှိ အပေါ်မှာ မူတည်နေပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးထိခိုက်ခြင်းဟာ ကျွန်တော်တို့ကိုလည်း ဘေးသက်ရောက်စေတဲ့ အတွက် အပြစ်ကြီးလို့ ပြောနိုင်ပါပြီ။

ကမ္ဘာမြေ တောင်ကောင် သဘာဝ တရားကို အလွဲသုံးစားပြုခြင်းမှ ကုစားမယ့် ဆေးတစ်မျိုးကတော့ မိမိကိုယ်ကို ထောက်ရှုဆန်းစစ်ခြင်း ဖြစ်ပါတယ်။ ဒီမေးခွန်းတွေနဲ့ မိမိကိုယ်ကို မေးမြန်း ဆန်းစစ်ကြည့်ပါ။ ဒီလို သဘာဝဘေး ပျက်စီးကုန်တာ ဘာကြောင့်လဲ။ လူတွေ သဘာဝ ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ ဘေးဖယ် မထားဖို့ ဘာလုပ်ကြမလဲ။ “အကယ်၍ လူတစ်ယောက်ဟာ လှပတဲ့ အရာတစ်ခုကို နှစ်လိုစိတ်နဲ့ ရပ်မကြည့်နိုင်ဘူး ဆိုရင် သူက အရာဝတ္ထုတွေကို တန်ဖိုးမထားပဲ စွန့်ပစ်ဖျက်ဆီးတာမျိုး လုပ်ရင် မအံ့သြသင့်ပါ။”

ဖန်ဆင်းခံ ရေမြေသတ္တဝါ အပေါင်းဟာ ထုတ်ယူသုံးစွဲရုံ သက်သက် “အရင်းအမြစ်” မဟုတ်ပဲ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်နဲ့ ကောင်းမြတ်ခြင်းကို ပြသနေတဲ့ တန်ဖိုးတစ်ရပ်လို့လည်း ရှုမြင်ရပါမယ်။ ဒီအကြောင်းအရာများကို လေ့လာသိရှိဖို့ အတွက် ကျွန်တော်တို့ဟာ မိမိကိုယ်ကို ဆန်းစစ်မေးမြန်းရပါမယ်၊ တိတ်ဆိတ်ဖို့ လိုပါမယ်၊ နားထောင်တတ်ဖို့လည်း လိုပါမယ်။ မိမိကိုယ်ကို ထောက်ရှုဆန်းစစ်ခြင်းဟာ မိမိရဲ့ စိတ်ဝိညာဉ်ကိုလည်း ကုစားရာရောက်ပါတယ်။

# မိမိကိုယ်ကို_ဆန်းစစ်ထောက်ရှုခြင်း_မပြုရင်_ဘက်ညီမျှမှုမရှိဘဲ_မောက်မာတဲ့_လူသားများ ဖြစ်လာကြပါမယ်။ “ငါ” ဆိုတဲ့ အတ္တစိတ်ဟာ အလယ်ဗဟိုကျလာပါမယ်။ ဒီလို ငါဆိုတဲ့ အတ္တစိတ်ကြီးလာရင် မိမိသာလျှင် သူတကာထက် ပိုမို အရေးကြီးသလို ခံစားလာပြီး အခြားသော လူသတ္တဝါနဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ်မှာလည်း အရှင်သခင်ကဲ့သို့ အဆိပ်အတောက် ဆန်ဆန် ဗိုလ်ကျလာတတ်ပါတယ်။

သမ္မာကျမ်းစာကို ဖွင့်ဆိုနားလည်မှု လွဲချော်ရင် ကမ္ဘာမြေ ပတ်ဝန်းကျင်မှ ရနိုင်သမျှ ထုတ်ယူအမြတ်ထုတ်လာတဲ့ သူများ ဖြစ်လာတတ်ပါတယ်။ ကမ္ဘာမြေ ပတ်ဝန်းကျင်၊ ရေမြေတိရစ္ဆာန်ကို အမြတ်ထုတ် သုံးစွဲခြင်းဟာ အပြစ်ကြီး ဖြစ်ပါတယ်။ လူသားတွေဟာ အရာအားလုံးရဲ့ ဗဟို ဖြစ်တယ်၊ ဘုရားရဲ့ နေရာကို ယူလာတယ်၊ ဖန်ဆင်းခံ လောကကမ္ဘာမြေကိုလည်း ဖျက်ဆီးလာပါတယ်။ ကမ္ဘာမြေကို စောင့်ရှောက်မယ့် အစား မုဆိုးသားရဲများလို ကျင့်ကြံလာပါတယ်။

အမှန်တကယ်မှာ ကျွန်တော်တို့ ပိုင်ဆိုင်လိုတဲ့ ကမ္ဘာမြေ အတွက် ပူးပေါင်းလုပ်ဆောင်ရပါမယ်။ ကမ္ဘာမြေကို စောင့်ရှောက်မယ် ဆိုပြီး အမြတ်ထုတ် ဖျက်ဆီးနေရင်လည်း အဓိပ္ပာယ် မရှိပါဘူး။ ကမ္ဘာမြေကို စောင့်ရှောက်မယ့် သူဟာ အစဉ် ထိန်းသိမ်း၊ ကာကွယ်၊ ကြိုးပမ်းပြီး ဂရုပြုစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ တာဝန်ပါပဲ။ ကျွန်တော်တို့ လူသားအပေါင်းကို လက်ခံ ကြိုဆိုပေးတဲ့ ဘုံကမ္ဘာမြေကို ပြုစုစောင့်ရှောက်ခြင်း မရှိပဲနဲ့ ရုပ်ပိုင်းဆိုင်ရာ အရ တိုးတက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ကြောင့် ဖြစ်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ထိခိုက်မှုရှိတဲ့ အဆင်းရဲဆုံး ညီအစ်ကို မောင်နှမများနဲ့ အမိကမ္ဘာမြေက ကျွန်တော်တို့ လုပ်ရပ်များ ပြောင်းလဲဖို့ တောင်းဆိုနေကြပါပြီ။ လမ်းကြောင်းသစ်နဲ့ လျှောက်လှမ်းဖို့၊ ယခင်လို အကျင့်ဆိုးလုပ်ရပ်များ ရပ်တန့်ပြီး အပြုသဘောသို့ လားရာ ပြောင်းလဲဖို့၊ ဖန်ဆင်းခံ အမိကမ္ဘာမြေကို စောင့်ရှောက်ဖို့ တောင်းဆိုလာနေပါပြီ။

ဒါကြောင့် ကမ္ဘာမြေ သဘာဝ ပတ်ဝန်းကျင်ကို ကြည့်တဲ့ အခါမှာ ဘုရားသခင်ရဲ့ လက်ဆောင်မွန် ကျေးဇူးတော် အနေနဲ့ ရှုမြင်ရမှာ ဖြစ်ပြီး ငွေကြေး အကျိုးအမြတ်အတွက် ထုတ်ယူသုံးစွဲရမယ့် အရာလို့ မမြင်သင့်ပါ။ မိမိကိုယ်ကို ဆန်းစစ်သုံးသပ်ရင် ဒါတွေကို မြင်နိုင်ပါတယ်။ သဘာဝ အလှတရားကို ထုတ်ယူသုံးစွဲခြင်းထက် သဘာဝ အလှတရားကို ခံစားရှုမြင်ခြင်းဟာ ပိုမို အရေးကြီးမှန်း သိရှိဖို့ လိုလာပါပြီ။ သဘာဝ အလှကို ခံစားရှုမြင်ခြင်းဟာ သယံဇာတ ထုတ်ယူဖို့ ဖျက်ဆီးခြင်းထက် အဖိုးတန်ပါတယ်။

တောတောင် ရေမြေ တိရစ္ဆာန် သဘာဝ အလှတရားကို ထောက်ရှုဆင်ခြင်းခြင်းအားဖြင်း ဝိညာဉ်ရေး အားကောင်းတဲ့ စိန့်အီဂနေးရှပ်(စ်) လိုယိုလာကဲ့သို့ ရဟန္တာများ ပေါ်ထွန်းလာကြပြီး သဘာဝ အလှ၌ “ထောက်ရှုစဉ်းစားခြင်းအားဖြင့် ချစ်ခြင်းမေတ္တာသို့ ဦးတည်စေသည်” ဆိုပြီး သူ့ရဲ့ ဝိညာဥ်ရေးဆိုင်ရာ ကျင့်စဥ်လမ်းညွှန်စာအုပ် "Spiritual Exercises" အဆုံးမှာ ဖော်ပြခဲ့ပါတယ်။

မှတ်သားရမယ့် အချက်တစ်ချက်က သဘာဝတရားနဲ့ ကမ္ဘာမြေကို ထောက်ရှုဆန်းစစ်ခြင်း မပြုနိုင်သူ တစ်ဦးဟာ လူတစ်ဦးရဲ့ စစ်မှန်တဲ့ တန်ဖိုးကိုလည်း မမြင်နိုင်ဘူး ဆိုတာပါပဲ။ သဘာဝ သယံဇာတ ပတ်ဝန်းကျင်ကို အမြတ်ထုတ် ဖျက်ဆီးသူ တစ်ဦးဟာ လူသားအပေါင်းကိုလည်း အမြတ်ထုတ် ဖျက်ဆီးတတ်ပြီး ကျွန်အစေခံများကဲ့သို့ ဆက်ဆံလာပါတယ်။ ဒါက အများလက်ခံတဲ့ အရှိတရားပါ။ သဘာဝ ပတ်ဝန်းကျင်ကို မချစ်တတ်သူဟာ လူသား အပေါင်းရဲ့ အလှတရားကို မချစ်တတ်ပါဘူး၊ တန်ဖိုးမထားပါဘူး။

သဘာဝ ပတ်ဝန်းကျင်အား ချစ်မြတ်နိုးသူ ဖြစ်လာလျှင် လူသားတို့ရဲ့ ကျန်းမာရေးကို ထိခိုက်မယ့် အမူအကျင့်များကို ပစ်ပယ်လာမှာ ဖြစ်ပြီး နည်းပညာသစ်နဲ့ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းနဲ့ ပညာရေး ကဏ္ဍများမှာ သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်တဲ့ အမူအကျင့်များကို ပြောင်းလဲ အသုံးချ၊ လေ့လာ သွန်သင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ လူသားတိုင်း၊ တဦးစီတိုင်းဟာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများ ဖြစ်လာပါမယ်။

နိဂုံးချုပ်ပြောရမယ် ဆိုရင် လူသားနဲ့ ဖန်ဆင်းခံ ကမ္ဘာမြေအကြား သင့်မြတ်ဖို့ အတွက် ခံယူချက် (၂)ခု လိုအပ်ပါမယ်။

# ထောက်ရှုသုံးသပ်ခြင်းနဲ့_ဂရုပြုစောင့်ရှောက်ခြင်း  တို့ပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အကျိုးအမြတ် အတွက် ဖျက်ဆီးခြင်း၊ ထုတ်ယူ အမြတ်ထုတ်ခြင်းတို့ ပြုတာကြောင့် ဒီလိုလုပ်မှုတွေမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတာ သတိပေးပြောလိုပါတယ်။

“ဘုရားက အစဉ်အမြဲ ခွင့်လွှတ်တယ်၊ ကျွန်ုပ်တို့ လူသားတွေက တစ်ခါတစ်ရံ ခွင့်လွှတ်တတ်တယ်၊ သဘာဝ တရားကတော့ ဘယ်တော့မှ ခွင့်မလွှတ်ဘူး” ဆိုတဲ့ စပိန် စကားပုံ ရှိပါတယ်။

ယနေ့ဆိုရင် သတင်းမှာ အတ္တလန်တိတ် သမုဒ္ဒရာ Amundsen ပင်လယ်ပြင်မှာ ရေခဲပြင်ကြီး ၂ ခု အရည်ပျော် ကျတော့မယ်ဆိုတာကို ဖတ်ရပါတယ်။ ဒါတွေ ဖြစ်ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မယ်၊ လူအများအပြား အတိဒုက္ခ ရောက်နိုင်ပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်သလဲ ဆိုတော့ လူတွေကြောင့် ဖြစ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပါတယ်။ ဒါတွေကြောင့် ကမ္ဘာမြေနဲ့ လူသား အကြား သင့်မြတ်တဲ့ ဆက်ဆံရေး ရှိရပါတော့မယ်။

ကျွန်တော်တို့ အားလုံးဟာ အမိကမ္ဘာမြေ၊ လူသားအားလုံးရဲ့ တစ်ခုတည်းသော နေအိမ်ကို စောင့်ရှောက်ကာကွယ်ကြသူများ၊ အသက်တာကို ကာကွယ်သူများ၊ မျှော်လင့်ချက်ကို ကာကွယ်သူများ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘုရားသခင် ကျွန်တော်တို့ကို လက်ဆောင်အဖြစ် ပေးထားတဲ့ သဘာဝ ပတ်ဝန်းကျင်ကို နောင်လာမယ့် မျိုးဆက်သစ် အတွက် အမွေပေးဖို့ ကာကွယ်ထိန်းသိမ်းကြပါစို့။

သဘာဝ ပတ်ဝန်းကျင် ပြဿနာကို ဘယ်လို စီမံမလဲလို့ တွေးတာထက် ကိုယ့် မျိုးဆက်အတွက် ယိုယွင်းပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထားခဲ့မလား ဆိုတာကို တွေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖျက်စီးလိုက်တဲ့ သဘာဝ ပတ်ဝန်းကျင်ကို ပြုပြင်ကြတဲ့ ဌာနေ တိုင်းရင်းသားများ အပေါ်မှာ ကျွန်တော်တို့ ကျေးဇူးတင်ရပါတယ်။ အလားတူ ဌာနေတိုင်းရင်းသားများရဲ့ နေရာဒေသ တောတောင် ရေမြေနဲ့ ယဉ်ကျေးမှု တန်ဖိုးများကို ကာကွယ်စောင့်ရှောက်ဖို့ အစဉ်တစိုက် လုပ်ဆောင်ကြတဲ့ လှုပ်ရှားမှုများ၊ အသင်းအဖွဲ့များနဲ့ လူသိများတဲ့ အဖွဲ့အစည်း အုပ်စုတွေကိုလည်း စဉ်းစားမိပါတယ်။ သူတို့ဟာ အကျိုးအမြတ် များများစားစား မရကြတာကြောင့် လူတွေရဲ့ အသိအမှတ်ပြုခြင်း မခံရပေမယ့် သူတို့ဟာ ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲ နေကြသူများ ဖြစ်ပါတယ်။

ဒီလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မယ့် တာဝန်ကို တခြားသူလုပ်ပါစေဆိုပြီး ခေါင်းမရှောင်ရအောင်ပါ။ ဒီတာဝန်ဟာ လူတိုင်း ထမ်းဆောင်ရမယ့် တာဝန် ဖြစ်နေပါပြီ။ ကျွန်တော်တို့ တစ်ဦးချင်းစီဟာ “အမိကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်” ရှိပါတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းခံ ရေမြေသတ္တဝါအပေါင်းကို ဂုဏ်ပြုချီးမွမ်းရင်း သဘာဝတရားကို ကာကွယ်စောင့်ရှောက်ကြပါစို့လား။

ကျေးဇူးတင်ပါတယ်။

ဗာတီကန်ကိုလာကြတဲ့ အင်္ဂလိပ်စကားပြော နိုင်ငံမှ ယုံကြည်သူများအား ချစ်လေးမြတ်ခြင်းနဲ့ နှုတ်ဆက်ပါတယ်။ အဓိကအားဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနဲ့ အများသူငါအား ပြုစုစောင့်ရှောက်သူတွေကို အထူးပြု နှုတ်ခွန်းဆက်ပါတယ်။

ယေဇူးသခင်ရဲ့ နာမတော်မြတ်၌ သင်နှင့် အတူ သင့်မိသားစုဝင်များသည် ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ ငြိမ်းချမ်းခြင်း ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

ဘုရားသခင် ကောင်းချီးပေးပါစေ။

# ပုပ်ဖရန်စစ်

https://www.vaticannews.va/en/pope/news/2020-08/healing-the-world-an-opportunity-to-build-something-different.html

၁၆ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၀၂၀ ခုနှစ်

ဗာတီကန်မြို့တော်

ဘာသာပြန်

Lawrence Jangma Mung Song

https://www.facebook.com/lawrence.mungsong/posts/10158900696467445

Add new comment

3 + 6 =