ကပ်ရောဂါအတွင်း အထီးကျန်စွာသေဆုံးခဲ့ရသူများ၏အနီးတွင် မယ်တော်ရှိနေသည်

ကပ်ရောဂါအတွင်း အထီးကျန်စွာသေဆုံးခဲ့ရသူများ၏အနီးတွင် မယ်တော်ရှိနေသည်

**************************************

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့၌ အန်ဂျေလူးမေတ္တာရွတ်ဆိုဆုတောင်းခြင်းအပြီးတွင် မယ်တော်သခင်မသည် အထီးကျန်စွာသေဆုံးကြရသူများ၏အနီးတွင်ရှိနေကြောင်း မြွက်ကြားခဲ့သည်။

မတ်လ (၂၅) ရက်တွင် သာသနာတော်ကြီးမှ “သိကြားမင်းက မာရိယာအား အမိန့်တော်ပြန်ခြင်းပွဲ” ကို ကျင်းပသည်ဖြစ်၍ ရဟန်းမင်းကြီးက ကညာစင်မာရိယာ၏ မိခင်ဆန်သော ကြားဝင်အသနားခံခြင်း၏လှပမှုကို ထောက်ရှုဝေမျှခဲ့သည်။

ခရစ်ယာန်ဆုတောင်းခြင်းပုံစံအားလုံး၌ ယေဇူးသခင်ကိုဗဟိုပြုသည့်အကြောင်းကို ရဟန်းမင်းကြီးက “ဘုရားသခင်ထံ ကျွန်ုပ်တို့၏ဆုတောင်းချက်တိုင်းသည် ခရစ်တော်သခင်အားဖြင့်၊ ခရစ်တော်သခင်နှင့် အတူ၊ ခရစ်တော်သခင်၌ဖြစ်၍၊ ကိုယ်တော်၏ကြားဝင်အသနားခံမှုကြောင့် ပြည့်စုံခြင်းသို့ရောက်သဖြင့် ကျေးဇူးတင်ကြရမည်ဖြစ်ကြောင်း၊ ခရစ်တော်တစ်ပါးတည်းသာလျှင် အပြစ်မှကယ်တင်သူဖြစ်ပြီး ခရစ်တော်နှင့်ပူးတွဲကယ်တင်သူဟူ၍မရှိကြောင်း” မိန့်ကြားခဲ့သည်။

သားတော်ဘုရားသည် မင်္ဂလာရှိ၏

ရဟန်းမင်းကြီးက ခမည်းတော်နှင့်ကျွန်ုပ်တို့အကြား ခရစ်တော်၏ကြားဝင်ဖြန်ဖြေပေးခြင်း၌ “ကညာစင်မာရိယာသည် ဘုရား၏မယ်တော်ဖြစ်ခြင်း” ကိုရည်ညွှန်း၍ မယ်တော်သည် ယေဇူးသခင်၏မိခင်ဖြစ်တော်မူသောကြောင့် ခရစ်ယာန်များ၏ဘဝအသက်တာနှင့် ဆုတောင်းမေတ္တာ များတွင်လည်း အခွင့်ထူးခံနေရာတစ်ခုရရှိထားကြောင်း၊ အရှေ့တိုင်းအသင်းတော်များက မယ်တော်ကို ဂရိဝေါဟာရဖြင့် “သူမ၏သားတော်အား လမ်းခရီးကိုပြသသူ” အဖြစ်ဖော်ပြကြပြီး၊ မယ်တော်မာရိယာ နှင့်ပတ်သက်သမျှသောအရာအားလုံးသည် ခရစ်တော်ကိုသာ အပြည့်အဝဦးတည်၍၊ မယ်တော်သည် “ပထမဆုံးသောတမန်တော်ဖြစ်သည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အပြစ်သားကျွန်ုပ်တို့အတွက် ဆုတောင်းပေးပါ

“ယေဇူးသခင်က လက်ဝါးကပ်တိုင်ခြေရင်းမှာရပ်နေတဲ့ ချစ်သောတပည့်တော်ဆီ မာရိယာကို အပ်နှင်းခဲ့တဲ့အချိန်မှာ မယ်တော်ရဲ့မိခင်အဖြစ်တော်ကို ဘာသာဝင်များအားလုံးဆီ ပေးအပ်ခဲ့တာ ဖြစ်တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်ုပ်တို့အားလုံးကို သူမရဲ့ဝတ်ရုံတော်အောက်မှာ စုရုံးစေခဲ့တာပါ။ မယ်တော်ဟာ သူမရဲ့သေဆုံးခါနီးဖြစ်နေတဲ့သားတော်အနားမှာ ရှိနေခဲ့သလိုမျိုးပဲ အခုချိန်မှာလည်း သေဆုံးခါနီးဖြစ်နေသူတွေနားမှာ ရှိနေပါတယ်။ မယ်တော်သခင်မက ဒီကမ္ဘာကြီးကိုနှုတ်ဆက် ထွက်ခွာသွားတော့မယ့် သူမရဲ့သားသမီးတွေအနားမှာ အမြဲရှိနေတယ်။ သားတော်ဘုရားကို လူတကာစွန့်ပစ်ထားတဲ့ချိန်မှာ သားတော်နားမှာရှိနေပေးခဲ့တဲ့အတိုင်း၊ စွန့်ပစ်ခံရပြီး အထီးကျန်နေသူရဲ့ အနားမှာ မယ်တော်ရှိနေပါတယ်” ဟု ရဟန်းမင်းကြီးကဆိုသည်။

ယခုအချိန်နှင့် ကျွန်ုပ်တို့သေခါနီးအချိန်တွင်

ရဟန်းမင်းကြီးက “Covid-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်အတွင်း လူမှုရေးကန့်သတ်ချက်တွေကြောင့် ဆေးရုံမှာ အထီးကျန်စွာသေဆုံးသွားကြသူတွေကို မယ်တော်သခင်မက မိခင်စိတ်နဲ့ နူးညံ့ညင်သာစွာ အဖော်ပြုပေးခဲ့တယ်။ မယ်တော်သခင်မဆီ ကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းတွေက အချည်းနှီးဖြစ်မသွားဘူး၊ ကျွန်ုပ်တို့ရဲ့ဆုတောင်းသံတွေကို မယ်တော်ကြားတယ်၊ ကျွန်ုပ်တို့စိတ်နှလုံးထဲမှာ သိုဝှက်သိမ်းထားတဲ့ အရာတွေကိုတောင် မယ်တော်သိနေတယ်” ဟုဆိုသည်။

မိခင်တစ်ဦး၏ နှလုံးသား

“ကျွန်ုပ်တို့လမ်းပျောက်သွားတဲ့အခါ၊ ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းလမ်းမှာ အန္တရာယ်ကျရောက် လာရင်လည်း မယ်တော်မာရိယာက သားသမီးတွေကို အမြဲကာကွယ်ပေးနေတယ်။ မယ်တော်က ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေတယ်။ ဆုမတောင်းကြတဲ့သူတွေအတွက်ပါ ဆုတောင်းပေး နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မယ်တော်ဟာ ကျွန်ုပ်တို့ရဲ့အမေဖြစ်နေလို့ပဲ” ဟူ၍ ရဟန်းမင်းကြီးက နိဂုံးချုပ်မြွက်ကြားခဲ့သည်။

Credit to CBCM

Source : https://bit.ly/2NSJBAw 

Add new comment

4 + 0 =