ကနဦးတမန်တော်လုပ်ငန်း

ကနဦးတမန်တော်လုပ်ငန်း

 

ဗုဒ္ဓဟူးနေ့သွန်သင်ချက် အပိုင်း (၄)

သာသနာပြုရာ၌ စိတ်အား ထက်သန်ခြင်း ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့လူထုပရိသတ်အား အရှင်သူမြတ်က အပိုင်း(၄)ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဆက်လက်ပေးခဲ့သည်။ သာသနာပြုသည်ဟုဆိုရာဝယ် လေထဲတိုက်အိမ်ဆောက်သည့်ပမာ တောင်စဉ် ရေမရ ပြောဆိုနေခြင်းမဟုတ်ပေ။ သာသနာပြုခြင်း၌ စိတ်ရောကိုယ်ပါ၊ နှလုံးသားများကို နှစ်၍ ထိုးဖောက်လုပ်ဆောက်ခြင်းဖြစ်သည်။ ခရစ်တော်အား သာသနာပြုခြင်း၏ မော်ဒယ်အဖြစ် ထောက်ရှုခဲ့ကြပြီးနောက် ပထမဦးဆုံးတပည့်တော်များကို ထောက်ရှုကြည့်ကြပါစို့။

ခရစ်တော်သည် တစ်ကျိပ်နှစ်ပါး တပည့်များကို ရွေးကောက်ခန့်အပ်ထားပြီးနောက် တရားဒေသနာဟောပြောရန် စေလွှတ်တော်မူခဲ့၏။ အဓိက အကြောင်းအရာ နှစ်ချက်ရှိ၏။ ပထမအချက်မှာ ခရစ်တော်နှင့်အတူ ရှိရန် ဖြစ်ပြီး နောက်တစ်ချက်မှာ စေလွှတ်ခြင်းခံရရန် ဖြစ်သည်။ အတူရှိရန်နှင့် စေလွှတ်ခြင်းခံရရန် စကားနှစ်ခွန်းမှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသယောင်ပင်။ အတူနေလျှင် မသွားနိုင်။ ခရစ်တော်အတွက် တပည့်တော်သည် သူနှင့်အတူမရှိဘဲ စေလွှတ်ရန် မဖြစ်နိုင်ပေ။ မသွားရောက်ဘဲ အတူနေနိုင်မည်မဟုတ်။ နားလည်ရန် ခက်လှ၏။ ဤသည်မှာ ခရစ်တော်၏ သွန်သင်ချက်ပင်။
အတူတူမရှိလျှင် စေလွှတ်ခြင်းလည်း မရှိ ဟူသော ပထမအချက်ကို စဉ်းစားကြည့်ကြစို့။

ခရစ်တော်သည် တပည့်တော်ကြီးများ အား မစေလွှတ်မီ ကိုယ်တော်နှင့်အတူ ရှိရန် ဦးစွာခေါ်ခဲ့သည်။ သတင်ကောင်းဟောကြားခြင်းသည် ဘုရားနှင့်ဆုံဆည်းခြင်းမှ လာ၏။ လေ့လာသင်ယူခြင်းမှ မဟုတ်ပေ။ ခရစ်တော်အား သက်သေခံခြင်းသည် ဘုရား၏ အလင်းကို ဖြန့်ကျက်ခြင်းမည်၏။ ခရစ်တော်နှင့် မဆုံးဆည်းတတ်လျှင် ခရစ်တော်၏ အလင်းအား သက်သေခံခြင်းထက် မိမိ၏ အကြောင်းသာ ပြောဆိုတော့မည်ဖြစ်သည်။ ထိုအရာသည် အဓိပ္ပါယ်မရှိပေ။ ခရစ်တော်နှင့်အတူရှိနေသောသူသာလျှင် သတင်းကောင်းကို ဆောင်ကျဉ်းနိုင်ပေသည်။ ဘုရားနှင့် အတူ မရှိသူသည် ဘုရား အကြောင်းထက် မိမိအကြောင်းသာ ချဲ့၍ ပြောနေလိမ့်မည်။ ခရစ်တော်နောက်သို့ လိုက်လျှောက်ခြင်းသည် ဘုရားနှင့် အတူရှိခြင်း၊ ဒေသနာဟောကြားခြင်း၊ သာသနာအမှုထမ်းရွက်ခြင်းတို့လည်း ပါဝင်သည်။ ခရစ်တော်သည် တပည့်တော်ကြီးတို့ အား သူနှင့်အတူရှိရန် ခေါ်ယူပြီးမကြာမီ ဟောပြောသက်သေခံရန် စေလွှတ်တော့၏။ သာသနာပြုအတွေ့အကြုံသည်လည်း ခရစ်ယာန် တစ်ယောက်အတွက် အရေးပါသော အစိပ်အပိုင်းတစ်ခုဖြစ်လာသည်။

တပည့်တော်ကြီးတို့အား မစေလွှတ်မီ မှာကြားသော ခရစ်တော်၏ သာသနာပြုမှာတမ်းစကားမှာ အချက်(၃) ချက်ကို တွေ့ရ သည်။ အဘယ်ကြောင့် ဟောပြောရမည်နည်း။ မည်သည့်အရာကို ဟော၍ မည်သို့မည်ပုံ လုပ်ဆောင်ရမည့်အကြောင်းတို့ကို မြင်တွေ့ရ သည်။ အဘယ်ကြောင့် ဟောပြောရမည်နည်း။ သင်တို့သည် အဖိုးအခမပေးဘဲ ရရှိခဲ့ကြသည်ဖြစ်၍ အဖိုးအခမပေးဘဲ ပြန်ပေးကြရမည် ဖြစ်သည်။ သတင်းကောင်းဟောပြောခြင်းသည် ကျွနု်ပ်တို့မှ စတင်ခြင်းမဟုတ်ဘဲ ဘုရားသခင်ထံမှ လွတ်လပ်စွာ ခံယူရရှိခဲ့သောကြောင့် ဘုရား၏ မေတ္တာကို သိရခြင်း၊ ကယ်တင်ခြင်းကို မြည်းစမ်းခွင့်ရခြင်းတို့သည် တခြားသူများနှင့် ပြန်လည်ဝေရမည်ဖြစ်သည်။ ကျွနု်ပ်တို့ သည် အခြားသူများအတွက် လက်ဆောင်ဖြစ်လာ၍ ထိုလက်ဆောင်ကို သူများအား ပြန်လည်ပေးဝေရန် တာဝန်လည်း ရှိလာသည်။

မည်သည့်အရာကို ဟောပြောရမည်နည်း။ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဖြစ်ကြောင်း ခရစ်တော်က ဟောပြောခိုင်း၏။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကျွနု်ပ်တို့ နီးနီးကပ်ကပ်ရှိနေပြီဖြစ်ကြောင်း ကြေညာရမည်။ ဘုရား၏ နီးကပ်စွာ တည်ရှိခြင်း၊ ကရုဏာ တော်ကြွယ်ဝခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို ဟောရမည်။ ဘုရားသည် ထိုသို့သော ပုဂ္ဂိုလ်ရှင်မြတ်ဖြစ်ကြောင်း ဟောပြောသက်သေခံရ မည်ဖြစ်၏။ တတိယအချက်မှာ မည်သို့မည်ပုံဟောကြားရမည့်အကြောင်းဖြစ်၏။ ဟောကြားခြင်းမှာ နှုတ်အားဖြင့်သာ မဟုတ်တော့ဘဲ စိတ်ရောကိုယ်ပါ နှလုံးသားများနှင့် မေတ္တာစကားကို ပြော၍ ဟောရမည်။ ကိုယ်၊ စိတ် ၊ နှလုံးသုံးပါး မပါလျှင် သာသနာပြုခြင်းသည် အရာမထင်ပေ။ ခရစ်တော်သည် ကျွနု်ပ်တို့အား ဝံပုလွေများကြား၌ သိုးသူငယ်ကို စေလွှတ်သည့်ပမာ ခက်ခဲဒုက္ခများကြား၌ ရင်ဆိုင်တိုးဝှေ့ရန် စေလွှတ်ခြင်းဖြစ်သည်။ သင်တို့သည် သိုးသူငယ်များဖြစ်ကြလျှင် သိုးထိန်းရှင်ခရစ်တော်က ကာကွယ်စောင့်ရှောက် ပေလိမ့်မည်။ ဘုရားသခင်သည် ကျွနု်ပ်တို့အား သိုးသူငယ်များကဲ့သို့ ဖြူစင်နှိမ့်ချ၍ ပူဇော်တတ်ရန် ရွေးကောက်ခေါ်ယူခဲ့ပေသည်။

သာသနာပြုရာ၌ ဆောင်ရန် ရှောင်ရန်များကိုလည်း ကိုယ်တော်က မှာကြားထားသည်။ ရွှေ၊ ငွေ၊ ခါးပတ်၊ လွယ်အိတ်တင်မက မည်သည့်အရာမျှ မယူဆောင်သွားရန် မှာကြားခဲ့သည်။ လောကီဥစ္စာအပေါ်တပ်မက်မှီခိုခြင်းထက် ဘုရားရှင်အပေါ် မှီခိုအားထားခြင်းကို ဘုရားရှင် ပိုနှစ်သက်၏။ ဘုရားရှင်အား ယုံကြည်အားကိုးလျှက် သိုးသူငယ်ကဲ့သို့ နှိမ့်ချ ရိုးစင်းစွာနေထိုင်ခြင်းဖြင့် ဘုရား၏ သာသနာကို ပြန့်ပွားစေရန်ဖြစ်၏။ ဤသည်မှာ သာသနာပြန့်ပွာခြင်း၏ သော့ချက်ပင်ဖြစ်ပေတော့သည်။

 

 

သီကိုရှင်း

https://bit.ly/3JfEqEJ

Add new comment

7 + 7 =