အိမ်

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အိမ်မှာ မနေချင်တဲ့ အချိန်တွေ ရှိလာနိုင်ပါတယ် ။

အထူးသဖြင့် လူငယ်တွေပေါ့ ။ အိမ်မှာနေရတာ အရမ်း ကျဉ်းကြပ်တယ် ၊ မိဘတွေက ချုပ်ချယ်တယ် ၊

အိမ်ကလွဲရင် နေရာတိုင်းက ငါ့အတွက် ပျော်စရာ ကောင်းမယ် ၊ လွတ်လပ်မယ် ဆိုတာမျိုးတွေးကြတယ် ။ အိမ်ကနေ ထွက်ပြေးသွားချင်တယ် ။

ဒါမျိုး ခံစားချက် ဝင်ဖူးခဲ့လား ။ သေချာပါတယ် ကျွန်တော်အပါအဝင် လူတိုင်းလိုလို ခံစားဖူးပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ မိဘအိမ်မှာ နေရခြင်းရဲ့ အနှစ်သာရကို တန်ဖိုးမထားမိကြပါဘူး ။

အိမ်နဲ့ အဝေးကို ရောက်တဲ့အခါမှာ ဒါတွေက သိပ်ကို နောင်တရစရာ ကောင်းပါတယ် ။ လုပ်ငန်းခွင်တွေ ဝင်တဲ့အခါ ၊ သူစိမ်းတွေကြား နေထိုင်ရတဲ့အခါ ၊

အိမ်မှာနေခဲ့ရတဲ့ ဘဝဟာ အရမ်းကောင်းမွန်ကြောင်း သိလာရပါလိမ့်မယ် ။ အလုပ်တွေ ပင်ပန်းလို့ အိပ်ယာထဲ လှဲနေခွင့်မရှိဘူး ၊ ကိုယ်နေမကောင်းတဲ့အခါ တကူးတက ပြုစုမဲ့သူ မရှိဘူး ၊

ကျွန်တော်တို့ ကြိုက်တာလေးတွေကို တကူးတက ချက်ကျွေးမယ့်သူ မရှိပါဘူး ။ အဲ့ဒီ့ အချိန်မှာ ဝေးကွားခြင်းတွေ ကို မုန်းတတ်လာမယ် ။

အိမ်ပြန်လမ်းတွေ ကို မုန်းတတ်လာမယ် ။ အရမ်း ပင်ပန်းတဲ့အခါ ၊ မိဘအိမ်မှာ ပြန်နေလိုက်ချင်တယ် ။ အစာသောက်ပျက်တဲ့အခါ အမေချက်ကျွေးတာလေးတွေ သတိရလာမယ် ၊

အထီးကျန်းမှုတွေ ခံစားရလာတဲ့အခါ မိသားစု ထမင်းဝိုင်းလေးကို တမ်းတမိလာပါလိမ့်မယ် ။ အိမ်နဲ့မဝေးဖူးတဲ့ လူတွေက ဒါတွေကို မခံစားဖူးသေးပါဘူး ။ တကယ်ကြုံရတဲ့အခါ ဝမ်းနည်းစရာကောင်းလွန်းပါတယ် ။

ဘယ်တော့မှမနေချင်ပါဘူးလို ငြီးတွားဖူးခဲ့တဲ့ အမေ့အိမ် ၊ အဖေ့အိမ်လေးမှာ ကျွန်တော်တို့ဟာ ဧည့်သည်တွေ ဖြစ်သွားကြတယ် ။ အမြဲနေခွင့်မရတော့ဘူး ။

တာဝန်တွေ ၊ အလုပ်တွေနဲ့ ခဏတဖြုတ် အလည်လာရတဲ့ နေရာလေးတစ်ခုဖြစ်သွားခဲ့ပါတယ် ။ ဒါကြောင့် အခုအချိန်အိမ်မှာ နေခွင့်ရသေးတယ် ၊ မိဘတွေ ရှိနေသေးတယ် ဆိုလျှင် တန်ဖိုးထားပါ ။

နောက်ဆို နေချင်ပါတယ် ဆိုရင်တောင် ကျွန်တော်တို့ နေခွင့်မရတော့ဘူး ။ ကျွန်တော်တို့ဘဝအတွက် သွားရမယ့် အရာတွေ ၊ ခွဲခွါရမဲ့ အရာတွေ ဖြစ်လာမှာပါ ။

ကျွန်တော်တို့ တစ်ဘဝလုံး နောင်တ တရားကင်းကင်းနဲ့ အသက်ရှင်ချင်တယ် ဆိုလျှင် ၊ အိမ်ကို ချစ်ပါ ၊ မိဘကို ချစ်ပါ ၊ ကျေဇူးသိတတ်ပါစေ ။

ကျွန်တော်တို့ လူသားတွေဟာ မိဘနဲ့အတူနေရမဲ့ အချိန်ထက် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့အတူ နေရမဲ့အချိန်က ပိုများပါတယ် ။

မိဘတွေ ရှိနေတုန်းမှာ တန်ဖိုးနားလည်ပါ ၊ လုပ်ကျွေးပြုစုပါ ၊ ကျေးဇူးဆပ်ပါ ။ မိဘတွေ မရှိတော့တဲ့အချိန်မှာ " ငါလုပ်ပေးနိုင်ခဲ့ပါလား " ဆိုတဲ့ စိတ်မျိုးနဲ့ နောင်တ ကင်းကင်း အသက်ရှူပါ ။

ကျွန်တော်တို့ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့အခါ ကိုယ့်သားသမီးကို မြင်တိုင်း ကိုယ့်ကိုကိုယ် နောက်ကျောမလုံ ဖြစ်ရတဲ့ ဘဝမျိုး အဖြစ်မခံပါနဲ့ ။

ကိုယ့်ဘဝကို နောင်တတရား ကင်းစွာဖြင့် ရှင်သန်နေထိုင်ဖို့ဆိုတာက ကျေးဇူးရှိသူတွေကို ကျေးဇူးဆပ်နိုင်တဲ့လူတစ်ယောက် ဖြစ်ဖို့လဲ လိုအပ်ပါလိမ့်မယ် ။

 

 

Add new comment

3 + 1 =