အဖိုးတန်စိန်နှစ်ပွင့်

ကုန်သည်တစ်ယောက်က စျေးထဲမှာလှည့်ပတ်ကြည့်ရင်း ကုလားအုပ်တွေကို တွေ့တယ် …

သူကလည်း ဒီကုလားအုပ်တွေက မျိုးကောင်းတော့ တစ်ကောင်လောက် ဝယ်ချင်တယ်၊ ဒါနဲ့ ကုလားအုပ် ပိုင်ရှင်ကို တွေ့ပြီး စျေးစကားဘာညာပြောကြတာပေါ့ … ။

လိုရင်းပြောရရင် စျေးတွေဘာတွေ ညှိနှိုင်းပြီး အဆင်ပြေသွားတော့ ကုလားအုပ် တစ်ကောင် ဝယ်လိုက်တယ်။

ကုန်သည်လည်း အဲဒီကုလားအုပ် နဲ့ အိမ်ပြန်လာတာပေါ့၊

အိမ်ရောက်တော့ သူ့ဝန်ထမ်းတစ်ယောက်ကို ကုလားအုပ်ဆီက ကုန်းနှီးကို ဖယ်ခိုင်းလိုက်တယ်။

ဝန်ထမ်းက ကုန်းနှီးကို ဖြုတ်နေတုန်းမှာ ကုန်းနှီးအောက်က ကတ္တီပါ အိတ်လေး တစ်အိတ်တွေ့တယ်၊ အိတ်ကို ဖွင့်ကြည့်လိုက်တော့ စိန်တွေနဲ့ ကျောက်မျက်ရတနာတွေ တွေ့ပါလေရော …

အဲဒါနဲ့ ဝန်ထမ်းလေးက ကုန်သည်ကို .. “သူဌေး .. ဒီမှာကြည့်ပါဦးပေါ့ … စိန်တွေ ..

ကျောက်မျက်ရတာနာတွေ”ဆိုပြီး ပါးစပ်ကလည်းပြော လက်ကလည်း ထုတ်ပြ‌တော့ နေရာင်ထဲမှာ လင်းလက်တောက်ပ နေတဲ့ စိန်ပွင့်တွေကို တွေ့တော့ ကုန်သည်လည်း အံ့ဩသွားပြီး

“ဒါက ကုလားအုပ်ပိုင်ရှင်ရဲ့ ပစ္စည်း သူစိတ်ပူနေလိမ့်မယ် မဖြစ်ဘူး .. ခုသွားပေးမှ ဖြစ်မယ်” လို့ ပြောတာပေါ့ …

အဲဒီ စိန်တွေကို ကတ္တီပါ အိတ်ထဲ ပြန်ထည့်ပြီး စျေးထဲကို ပြန်သွား .. ကုလားအုပ်ပိုင်ရှင်ကို သွားရှာပါတယ်။ မကြာပါဘူး .. ကုန်သည်က ကုလားအုပ်ပိုင်ရှင်ကို တွေ့သွားပြီး စိန်တွေ ပါတဲ့ ကတ္တီပါ အိတ်ကို ပြန်ပေးပါတယ်။

အဲဒီတော့ ကုလားအုပ်ပိုင်ရှင်က အရမ်းဝမ်းသာသွားပြီး “ကုလားအုပ် ကုန်းနှီးအောက်မှာ ဒီစိန်ထုပ် ထားထားတာကို မေ့သွားတာပေါ့ …

ပြန်လာပေးလို့လည်း တကယ်ကို ကျေးဇူးတင်ပါတယ်၊ ဒါ့အပြင် ကျေးဇူးဆပ်တဲ့အနေနဲ့ ကြိုက်တဲ့ စိန်တစ်ပွင့်ကို ယူပါ” လို့ ပြောပါတယ်။

ကုန်သည်ကလည်း ငြင်းတယ်၊ မလိုပါဘူး ..ရပါတယ် … မယူပါဘူးပေါ့ … ဒါနဲ့ ကုလားအုပ်ပိုင်ရှင်ကလည်း အတင်းပဲ တစ်ပွင့်တော့ ယူပါပေါ့ … အဲလိုအပြန်အလှန်ပြောနေကြတယ်။

အဲဒါနဲ့ ကုန်သည်က ကုလားအုပ်ပိုင်ရှင်ကို “ခင်ဗျား အိတ်ကို ပြန်ပေးဖို့ လာကတည်းက ကျွန်တော် စိန်ပွင့် ၂ ပွင့် သိမ်းထားပြီးသားပါ” လို့ ပြုံးပြီးတော့ ပြောလိုက်ပါတယ်။

အဲလိုကျတော့လည်း ကုလားအုပ်ပိုင်ရှင်က နည်းနည်းစိတ်ဆိုးသွားပြီးတော့ စိန်ပွင့် နဲ့ ကျောက်မျက်ရတနာတွေကို စစ်မယ်ဆိုပြီး အိတ်ထဲက သွန်ချလိုက်ပါတယ်၊

ပြီးတော့ သေချာ စစ်ကြည့်လိုက်တော့ တစ်ခုတစ်လေတောင် မလျော့ပါဘူး …

ဆိုတော့ ကုလားအုပ်ပိုင်ရှင်က ကုန်သည်ကို “မင်းပြောတော့ စိန် ၂ ပွင့် ယူထားတယ်ဆို ဒီမှာ အားလုံးစုံတယ် တစ်ခုမှ မလျော့ဘူး .. မင်းယူထားတယ်ဆိုတဲ့ စိန် ၂ ပွင့်က ဘာလဲ” လို့ မေးပါတယ်။

 .. ကုန်သည်က ဘာပြန်ဖြေမယ်လို့ထင်ပါလဲ

ကုန်သည်က ငါယူထားလိုက်တယ်ဆိုတဲ့ စိန် ၂ ပွင့်က “ငါ့ရဲ့ ရိုးသားမှု နဲ့ ဂုဏ်သိက္ခာ” လို့ ဖြေလိုက်ပါတယ် …

 ပြီးတော့ ကျွန်တော့်တို့မှာရော ရိုးသားမှုလား … စွန့်လွှတ်အနစ်နာခံမှုလား … ဉာဏ်ပညာကြီးမားမှုလား  ပေးကမ်းစွန့်ကြဲနိုင်မှုလား …

ခေါင်းဆောင်နိုင်မှုလား … တီထွင်ဖန်တီးနိုင်မှုလား … ဘယ်လို တန်ဖိုးကြီးတဲ့ စိန်ပွင့်တွေ ရှိကြလဲ .. ဘယ်လို တန်ဖိုးကြီးတဲ့ စိတ်ပွင့်တွေ ရှိဖို့ လိုအပ်လဲ …

Add new comment

1 + 0 =