လွယ်ကူတဲ့သူတစ်ယောက်မဖြစ်စေချင်ပါ

ဘယ်လောက်ပဲ တန်ဖိုးရှိနေပါစေ လွယ်လွယ်ရနေပြီဆိုရင် အဲ့ဒီအရာရဲ့ တန်ဖိုးကလျော့ကျသွားတတ်ပါတယ်။

လူတွေက ရခဲတဲ့အရာလောက်ကိုပဲ တန်ဖိုးထားတတ်ကြပါတယ်။

Nothing worth having comes from easy.

"လွယ်လွယ်နဲ့ရလာတဲ့အရာတွေက တန်ဖိုးမရှိဘူးတဲ့"

ဒီလိုပါပဲ။ အရာရာတိုင်းကို အလွယ်တကူခေါင်းညိမ့်တတ်နေပြီဆိုရင် အခွင့်အရေးယူခံရတတ်ပါတယ်။

လူအများစုရဲ့ သဘာဝကိုက အခွင့်အရေးရရင် ရသလောက်လိုချင်ကြတယ်။ နိုင်လို့ရရင် နိုင်ချင်တတ်တယ်။

နှိမ်လို့ရရင် နှိမ်ချင်တတ်တယ်။ သူတို့လုပ်ချင်တိုင်းလုပ်လို့ရရင် ပိုပြီးလုပ်ချင်တိုင်းလုပ်တယ်။ လူတစ်ယောက်ကို တစ်ခါလောက် အဲ့ဒီလိုလုပ်လို့ရရင် တစ်သက်လုံး လုပ်သွားချင်တတ်ကြတယ်။

တစ်ဖက်က သည်းမခံနိုင်တော့တဲ့အချိန်ရောက်လာတဲ့အခါ ဒါသူ့ကိုမခန့်တာ၊ မလေးစားတာဆိုပြီး သတ်မှတ်ကြတယ်။ ကိုယ့်ကိုယ်တိုင်လည်း စမ်းစစ်ကြည့်။

ကိုယ်လည်းလူဖြစ်လို့ အဲ့ဒီလိုမျိုးတွေ လုပ်နေမိတတ်တယ်။

လူတိုင်းတော့မဟုတ်ပါဘူး။ လူအများစုမှာတွေ့ရတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ လုံးဝကြီး perfect ဖြစ်နေတဲ့သူဆိုတာက ရှားပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ခေတ်အဆက်ဆက် လုပ်ချင်သလိုလုပ်နေကြတဲ့ အကြီးအကဲတွေရှိကြတယ်။ လုပ်လို့ရလိုကို လုပ်တာ။

ကိုယ်လည်းအဲ့လိုရာထူးတွေကိုရရင် လုပ်ချင်လုပ်မိမှာပဲ။

လွယ်လွယ်နဲ့လုပ်လို့ရမှန်းသိရင် လုပ်မိမှာပဲ။ အရင်ကလို လွယ်လွယ်လုပ်လို့မရတော့အခါ ဒါဟာ တော်လှန်တာ၊ အာဏာဖီဆန်တာ။

အဲ့တော့ အာဏာသိမ်းတယ်ဆိုတာမျိုးတွေဖြစ်လာတာပဲ။

ကိုယ်က ကိစ္စတစ်ခုကို ဖြေရှင်းတဲ့အခါ အကန်တွေကြည့်မပြောဘူး။ ပြေပြေပျစ်ပျစ်ပြောတယ်။

ဒါဆိုရင် သဘောထားသိမ်မွေ့တယ်။ နူးညံ့တယ်။ ပျော့ပျောင်းတယ်ပေါ့။ flexible ဖြစ်တယ်ပေါ့။

ဒါပေမယ့် အရမ်းကြီး flexible ဖြစ်လွန်းရင် တစ်ဖက်မှာက ပြန်ပြီးပေးဆပ်လိုက်ရတာရှိတယ်။ အခွင့်ရေးအယူခံရတာပဲ။

ဥပမာ လူတစ်ယောက် ဘယ်နေ့ဆပ်ရမယ်ဆိုပြီး ငွေချေးလိုက်တယ်။ ဒါပေမယ့်သူက အဲ့နေ့မဆပ်နိုင်ဘူး။

ဒီတစ်ခါတော့ ထားပေါ့တော့လေဆိုပြီး နေပေးမိလိုက်တယ်။ နောက်လည်း အမြဲဒီလိုပဲလုပ်လာတယ်။ ဘာလို့လည်းဆိုတော့ လုပ်လို့ရမှန်းသိလို့ကို လုပ်တာ။

အဲ့တော့ ကျွန်တော်တို့က သည်းမခံရတော့ဘူလား။ ကြင်နာမှုမရှိရတော့ဘူးလား။ မေတ္တာမထားရတော့ဘူးလား။

မကူညီရတော့ဘူးလား။ အဲ့လိုလည်းမဟုတ်ပြန်ဘူး။ အဓိကပြောချင်တာက limit တစ်ခု ထားဖို့လိုတယ်။ အတိုင်းအတာတစ်ခုတော့ သတ်မှတ်ထားဖို့လိုတယ်။

အခွင့်အရေးအရမ်းယူချင်ပြီး အမြဲတမ်းအနိုင်ယူချင်တတ်တဲ့သူတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုရင်ဆိုင်ရမလဲ။

၁ -​ လူလိမ္မာဆိုတဲ့ ဂုဏ်ကိုစွန့်ပါ။

လူဆိုးတစ်ယောက်လုပ်ရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ နေရာတိုင်းမှာ ကောင်းပြနေဖို့ မလိုဘူးဆိုတာကို ပြောချင်တာပါ။

တစ်ချို့နေရာတွေမှာ ကိုယ့်အကျိုးကိုယ် ကြည့်ပြီးဆုံးဖြတ်ရမှာပါပဲ။ လူတိုင်းကိစ္စကို လိုက်လုပ်ပေးနေလို့မရပါဘူး။

၂ -​ "No" လို့ပြောတတ်အောင် သင်ယူထားပါ။

ငြင်းပယ်ရတာ အရမ်းခက်နေတယ်ဆိုရင် အပိုင်းခွဲပြီး သတ်မှတ်ထားပါ။ ဘယ်လိုအရာမျိုးဆိုရင် လုံးဝလက်မခံဘူး။

ဘယ်လိုအခြေအနေမျိုးတွေမှာဆိုရင် လုံးဝမကူညီနိုင်ဘူး။ ဘယ်သူ့ဆိုရင်တော့ ငွေမချေးနိုင်ဘူး။ ဘယ်လိုအဆင့်မျိုးဆိုရင် လုံးဝလုပ်မပေးနိုင်ဘူးဆိုပြီး အကန့်ခွဲပြီးသတ်မှတ်ထားပါ။

တကယ်လို့ အဲ့ဒီသတ်မှတ်ချက်တွေကို တောင်းဆိုလာပြီဆိုရင် ပြတ်ပြတ်သားသားငြင်းပစ်လိုက်ပါ။

ဒါပေမယ့် ဒီလိုအရာတွေက ကိုယ့်အသိုင်းအဝိုင်းကြားမှာ လုပ်လို့ရပေမယ့် ကိုယ့်အထက်လူကြီး ဒါမှမဟုတ် ကိုယ့်အပေါ်ကျေးဇူးကြီးပြီး အရမ်းရင်းနှီးတဲ့သူတွေနဲ့ဆိုရင် ငြင်းရတာ ခက်ပြန်ပါတယ်။

ဒါဆိုရင် သူတို့ကို ဘယ်လိုငြင်းမလဲ။

Choice ဆိုတဲ့ ရွေးချယ်မှုကို ပေးပြီငြင်းလို့ရပါတယ်။ သူတို့တွေက ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကို ခိုင်းလာတဲ့အခါ ကိုယ်တကယ်လုပ်ဖို့မလွယ်ကြောင်းပြောပါ။

ပြီးရင် တစ်ခြားတစ်ခုခုကိုတော့ လုပ်ပေးနိုင်ကြောင်း choice ပေးပြီး ငြင်းပါ။

၃ -​ ကူညီနိုင်မှ ကူညီပါ။

ကူညီဖို့ဆုံးဖြတ်ပြီးသွားရင် ပြန်ကူညီရမယ်ဆိုတဲ့ မျှော်လင့်ချက်မှမထားပါနဲ့။ ကူညီနိုင်လို့ ကူညီတယ်သဘောထားပါ။

ပြန်ပြီးမကူညီလို့လည်း စိတ်မဆိုးပါနဲ့။ ပြီးတော့ ကျေးဇူးအကန်းခံနိုင်ဖို့လည်းလိုပါတယ်။

၎ -​ အတိုင်းအတာတစ်ခုပဲ သည်းခံပါ။ လွန်လာရင် ပြတ်ပြတ်သားသားပြောပါ။ မရရင် သင့်ဘဝထဲက ပယ်ထုတ်ပါ။ မဖြစ်မနေပေါင်းသင်းနေရပြီဆိုရင် အတတ်နိုင်ဆုံး အဝေးဆုံးမှာနေပါ။

ကျွန်တော့်က စာတွေကို ရေးတဲ့အခါ အချက်(၃)ချက်ကို အဓိကထားပြီးရေးပါတယ်။ အဲ့တာက ဘာလဲဆိုတော့

၁ -​ အတွေ့အကြုံမရှိခင်၊ မသိခင်မှာ မတရားတာကိုခံခဲ့ရတယ်။ အဲ့တော့ သိစေဖို့။

၂ -​ သိလာပြီဆိုရင် မခံရစေဖို့။

၃ -​ ကိုယ်တိုင်ကလည်း ဘယ့်သူ့အပေါ်မှ မတရားမလုပ်ဖို့။

ဒီ (၃)ချက်ကို စာဖတ်သူတွေ သင်ခန်းစာအဖြစ် ရစေတယ်ဆိုရင် စာရေးရကျိုးနပ်ပါပြီ။

“သိစေဖို့။ မခံရစေဖို့။ မတရားမလုပ်ဖို့။”

Add new comment

1 + 13 =