လူမိုက်ကိုအကြံမပေးပါနဲ့

ဒီနေ့လည်း ပုံပြင်လေး တစ်ပုဒ်ပြောပြပါဦးမယ် …

ထုံးစံအတိုင်း ဟိုးရှေးရှေးတုန်းက ဆိုပါတော့ တောအုပ်ကြီးတစ်ခုရဲ့ သစ်ပင်ကြီးတစ်ပင်မှာ စာကလေး ဇနီးမောင်နှံဟာ အသိုက်ဆောက်ပြီး နေကြသတဲ့ …

သူတို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ အသိုက်အမြုံမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ နေလာကြတာပေါ့ …

ဒီလိုနဲ့ တနေ့မှာတော့ လေတွေ တိုက်ပြီးတော့ မိုးတွေကလည်း အကြီးအကျယ် ရွာလာပါတယ် …

အဲဒီအချိန်မှာ မျောက်တစ်ကောင်က တနေရာရာက ရောက်လာပြီးတော့ စာကလေး ဇနီးမောင်နှံ အသိုက်ဆောက်ထားတဲ့ သစ်ကိုင်းပေါ်မှာ ထိုင်နေပါတယ်။

မိုးကလည်း အကြီးအကျယ်ရွာတော့ မျောက်က တစ်ကိုယ်လုံး စိုရွှဲပြီး အေးလွန်းလို့ တဆတ်ဆတ်တုန်ပြီး မေးတွေပါခတ်နေပါတယ်။

အဲလိုမျိုး မျောက်ရဲ့ မေးရိုက်သံကို ကြားတော့ စာကလေး အမ က ထွက်လာပြီးတော့ မိုးတွေစိုရွှဲနေတဲ့ မျောက်ကို မြင်တဲ့ အခါ “ဒီလောက် မိုးရာသီကြီးမှာ ဒီသစ်ကိုင်းမှာ ဘာလုပ်နေတာလဲ .. အိမ်မရှိဘူးလား” လို့ မေးပါတယ်။

မျောက်က အေးနေပါတယ်ဆိုမှ စိတ်ကတိုလာရော ဒါပေမယ့် နားပဲထောင်နေလိုက်တယ်၊ ဘာမှ ပြန်မပြောဘူး။

မျောက်က ဘာမှ ပြန်မပြောတော့ စာကလေး က “မင်းမှာ အိမ်မရှိဘူးထင်တယ်၊ အဲဒါကြောင့် မိုးတွေ စိုနေတာပေါ့ ..

ဒါနဲ့ မင်းက ဘာလို့ အိမ်က မရှိရတာလဲ” လို့ မေးပြန်ပါတယ်။

“မင်းရုပ်မင်းရည် မင်းဗလ နဲ့ ဆို အိမ်တစ်လုံးတော့ ဆောက်နိုင်ပါတယ်၊ အဲဒါကို ဘာလုပ်မဆောက်တာလဲ …

အိမ်ရှိရင် ခုလိုမိုးတွေရွာလည်း နေစရာရှိတာပေါ့” လို့ ပြောပြန်ပါတယ်။

မျောက် က ဘာမှ ပြန်မေပြာပေ … မျောက်က ပြန်မပြောပေမယ့် စာကလေးက “မင်း အိမ်မဆောက်ထားတာ မိုက်မဲတာပဲ …

ခုကြည့် မင်းက မိုးတွေစိုရွှဲနေပြီး ငါတို့ကတော့ အသိုက်ထဲမှာ အေးဆေးပဲ” လို့ ပြောပါတယ်။ အဲဒါကိုလည်းကြားရော မျောက်က ဒေါသထွက်သွားပြီးတော့ စာကလေးရဲ့ အသိုက်ကို ဖျက်ဆီးလိုက်ပါတယ်။

ဒါကြောင့် လူမိုက်ကို အကြံမပေးပါနဲ့ …

လိုက်မလုပ်မယ့်အပြင် ကိုယ့်ကိုယ်ပါ ဒုက္ခပေးနိုင်ပါတယ်။

(တချို့ကလည်း စာကလေးကို ကိုယ့်ဟာကို မနေဘဲ သွားပြောနေတာကိုး ပြန်လုပ်မှာပေါ့လို့ မျောက်ဘက်ကနေ ပြန်ပြောကောင်း ပြောနိုင်ပါတယ် ..

ဒါပေမယ့်လည်း အသိုက်ကို ဖျက်ပစ်ရလောက်တဲ့အထိတော့ လုပ်ဖို့ မလိုဘူးလို့တော့ ထင်ပါတယ် ..

ဆက်ပြောရရင် စာကလေးကလည်း အလိုက်အကန်းလေး နည်းနည်းတော့ သိဖိုလိုတယ်ထင်တာပါပဲ ….

ထုံးစံအတိုင်း ကျွန်မကတော့ ဖတ်မိတဲ့ စာလေးကို ပြန်လည်ဝေမျှပေးခြင်းပဲဖြစ်ပါတယ်။မိတ်ဆွေများ ဆပွားတွေးကြပါစေ။

Add new comment

1 + 8 =