မပျော်ရွှင်ခြင်းရဲ့အကြီးမားဆုံးအကြောင်းပြချက်

ငါ့ကို ဒီလူ မကြိုက်တော့ဘူးလား ငါ့ကို ဒီလူ စိတ်ဆိုးနေတာလား ငါ့ကို ဒီလူ ဘာလို့ စိမ်းကားနေတာလဲ ငါဘာများ လုပ်မိလို့လဲ အဲ့လို လူတွေနဲ့ ပတ်သက်ပြီး အတွေးလွန်တာမျိုးတွေ ကျွန်တော့်မှာ ရှိခဲ့ပါတယ်။ အများစုမှာလည်း ရှိကြပါလိမ့်မယ်။ လူ့လောကမှာ နေကြတာဆိုတော့ လူတွေနဲ့ ကိုယ်နဲ့ကြားက connection ပုံစံလေး နည်းနည်းပြောင်းသွားတာနဲ့ ခံစားမိကြတယ်။ ချစ်ရတဲ့သူတွေနဲ့ဆို ပိုဆိုး၊ အသေးအမွှားလေးကအစ ခံစားမိတာပေါ့။ ချစ်သူ ရည်းစားပဲ ဖြစ်ဖြစ် သူငယ်ချင်းပဲ ဖြစ်ဖြစ် မိသားစုဝင်ပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ပဲ ဖြစ်ဖြစ် ကိုယ်စိတ်ထဲမှာ ရှိတဲ့သူက ကိုယ့်အပေါ် ပုံစံလေးပြောင်းနေတာနဲ့ ချက်ချင်း တန်းခနဲ ခံစားမိတတ်ကြပါတယ်။ အရင်ကဆို အဲ့လိုခံစားမိတိုင်း ကျွန်တော် လောင်တော့တာပါပဲ။ အပေါ်က မေးခွန်းတွေမျိုး ကိုယ့်ကိုယ်ကို မေးမိတယ်။ မေးရုံနဲ့မပြီး .. အတွေးက ဆက်တိုက်လွန်လာတဲ့အတွက် စိတ်ဆင်းရဲမှုတွေ ဖြစ်လာတယ်။ ဒေါသတွေ ဖြစ်လာတယ်။ သံသယတွေ ဖြစ်လာတယ်။ မကျေမနပ်မှုတွေ ဖြစ်လာတယ်။ အတွေးမှားတွေ ဖြစ်လာတယ်။ Negative Emotions တွေ ဖြစ်ပြီး Negative Energy တွေ ရလာပါတယ်။ အဲ့ဒီနောက်မှာ လုပ်ရပ်မှားတွေ ဖြစ်လာပါတော့တယ်။ ဘာမှမဟုတ်တဲ့ ပြဿနာက အကြီးကြီး ဖြစ်တယ်။ နှစ်ဖက်လုံး ပိုပြီး စိတ်ညစ်စရာတွေ လုပ်မိတယ်။ အမှားလည်း မမြင်၊ အမှန်လည်း မမြင်၊ အချစ်လည်း ပျောက်၊ မေတ္တာလည်း ပျယ်၊ အမုန်းတွေ ဖြစ်တည်လာနိုင်ပါတယ်။ အပူလောင်ရဆုံးကတော့ ကိုယ်ပဲပေါ့။ အခုဆို ကျွန်တော် တော်တော်လေး နေတတ်လာပြီ ပြောရမယ်။ လူတစ်ယောက် ပုံစံလေးပြောင်းရုံ၊ ဆက်ဆံပုံလေးပြောင်းရုံနဲ့ ကျွန်တော် မလောင်တော့ဘူး။ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခမပေးဖြစ်တော့ဘူး။ လူတစ်ယောက် ဒီနေ့ ပြောင်းလဲနေတယ်ဆိုပါစို့ .. သူ့ကို ကြည့်ရတာ မကြည်မလင်ဖြစ်နေမယ်။ ကိုယ်နဲ့လည်း သိပ် စကားပြောလို့ မကောင်းနေဘူး။ ကိုယ့်ကို ဂရုသိပ်မစိုက်ဘူး။ မနေ့ကအထိ အကောင်း၊ ဒီနေ့မှ အဲ့သလို ဖြစ်လာတယ် ဆိုပါစို့။ 1. သူ့မှာ တစ်ခုခု စိတ်ညစ်စရာ ရှိနေနိုင်တယ်လို့ ပထမဆုံး တွေးပေးရပါမယ်။ ဘယ်လောက်ပဲ ချစ်တဲ့သူ၊ ခင်တဲ့သူပဲ ဖြစ်နေပါစေ၊ သူ့မှာ ကိုယ်ပိုင် စိတ်ညစ်စရာတွေ ရှိနေနိုင်တာပါပဲ။ even လင်မယားတောင်မှပေါ့။ Sharing လုပ်လို့ရတယ်ဆိုတာလည်း အရာရာတိုင်း မဟုတ်နိုင်ဘူး။ ဒါကြောင့် သူ စိတ်ညစ်စရာရှိနေတာဟာ ကိုယ့်ကြောင့် ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ်နဲ့ sharing လုပ်လို့မရသေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ သူ့ကို ခဏလောက် လွှတ်ထားပေးလိုက်ပါ။ 2. ကိုယ်အမှားလုပ်မိသလားဆိုတဲ့ မေးခွန်းမျိုးကတော့ မေးသင့်ပါတယ်။ သူနဲ့ အဆင်ပြေနေတဲ့ နောက်ဆုံးအချိန်နဲ့ အခု အဆင်မပြေတဲ့အချိန်ကြားမှာ ကိုယ်ဘာမှားမိလဲ။ သူမကြိုက်တဲ့အရာ ဘာလုပ်မိသလဲ။ အထင်လွဲစရာကိစ္စတွေ ရှိနေနိုင်မလားလို့ မေးခွန်းထုတ်ရပါမယ်။ စိတ်ရှင်းပြီး တွေးကြည့်မယ်ဆိုရင် အဖြေပေါ်ပါတယ်။ 3. အမှားလုပ်မိတယ်ဆိုတာ သေချာရင် အမှားကို မှားမှန်းသိပြီး ကိုယ့်ဘက်က စတင် ဝန်ခံရပါမယ်။ မေတ္တာချည်းသက်သက်နဲ့ တောင်းပန်မယ်ဆိုရင် လူတစ်ယောက်ရဲ့ ပုံမှန်အမှားတစ်ခုဟာ ချက်ချင်း ပျောက်ပျယ်ပါတယ်။ (ခွင့်မလွှတ်နိုင်စရာ အမှားကြီးတွေဆိုရင်တော့ ကိုယ့်အပြစ်နဲ့ကိုယ် ဖြစ်ပါတယ်) 4. အထင်လွဲစရာရှိတယ်လို့ ထင်နေတယ်ဆိုရင် တစ်ရက်လောက် လွှတ်ထားသင့်ပါတယ်။ ကိုယ်မမှားတဲ့အရာအတွက် ချက်ချင်းရှင်းပြစရာ မလိုပါဘူး။ နောက်နေ့မှ ကိုယ့်ဘက်က အေးအေးဆေးဆေး သူ့ကို မေးမြန်းပြီး ရှင်းပြလို့ရပါတယ်။ 5. အမှားလည်းမရှိ၊ အထင်လွဲစရာလည်း မရှိတာ သေချာတယ်ဆိုရင် စိတ်ရှင်းရှင်းနဲ့သာ လွှတ်ထားလိုက်ပါ။ ကိုယ်က ပုံမှန်အတိုင်းသာ ဆက်ဆံပါ။ သိပ်မကြာခင် သူလည်း ပုံမှန် ပြန်ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ဘက်က အတွေးလွန်ပြီး ပြဿနာတွေ မဖြစ်တည်ပါစေနဲ့။ 6. ကိုယ့်ဘက်က အဲ့လိုတွေ လုပ်တာတောင် သူက ရက်ပေါင်းများစွာ ပုံစံပြောင်းနေတယ်ဆိုရင်တော့ ကိုယ့်ကို မေတ္တာမရှိတော့ဘူးလို့ နားလည်လက်ခံရပါမယ်။ ကိုယ့်ဘက်က မေးမြန်းလိုတာတွေ အပြတ်မေးမြန်းပြီး သူက ကိုယ်နဲ့ မပတ်သက်ချင်တော့တာ သေချာပြီဆိုရင် အေးအေးဆေးဆေး လွှတ်ချခဲ့ရပါမယ်။ ကိုယ့်ကို မလိုတဲ့သူနားမှာ ရှိနေစရာမလိုပါဘူး။ မေတ္တာစစ်တို့မည်သည် အဲ့လို မဖြစ်ပါဘူး။ အဓိကကတော့ အတွေးလွန်ပြီး မလောင်နေဖို့ပါပဲ။ အကောင်းဘက်ကို အရင်တွေးပေးကြည့်ရပါမယ်။ ဖြစ်နိုင်ချေတွေကို ယုတ္တိရှိရှိ စဉ်းစားကြည့်ရပါမယ်။ လက်ခံစရာရှိတာကို လက်ခံနိုင်ရပါမယ်။ Overthinking is the biggest cause of Unhappiness. အတွေးလွန်ခြင်းဆိုတာ မပျော်ရွှင်ခြင်းတွေရဲ့ အကြီးမားဆုံးအကြောင်းပြချက်ပါပဲ။ စိတ်ရဲ့ အကြည်ဓာတ်လေးတွေ ရစေဖို့နဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်စေဖို့တစ်ဉီးစီအနေဖြင့်ကြိုးစားကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်။

Add new comment

4 + 1 =