မကောင်းဆိုးဝါး

တစ်ခါတုန်းကပေါ့ဗျာ ညီအစ်ကိုနှစ်ယောက် ခရီးသွားကြရင်းနဲ့ တောအုပ်ကြီးတစ်ခုကိုဖြတ်ကြတယ်၊

လမ်းလျှောက်ရင်း တဖြေးဖြေးနဲ့ နေဝင်ပြီး မိုးချုပ်သွားတယ်။ မိုးချုပ်သွားတော့ ညီဖြစ်သူက

“ အစ်ကိုရေ … ဒီညတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ဒီမှာပဲ ညအိပ်ပြီး မနက်ကျမှ ထသွားကြတာပေါ့” လို့ ပြောပါတယ်။

အစ်ကိုဖြစ်သူက “အိပ်တာကတော့ အကြောင်းမဟုတ်ဘူး၊ ညဘက်ဆိုတော့ တောကလည်းနက်တော့ သားရဲတိရစ္ဆာန်၊ ဘာညာနဲ့ ဆိုတော့ တစ်ယောက်ယောက်က စောင့်အိပ်မှ ဖြစ်မယ်”လို့ ပြောလိုက်ပါတယ်။

အဲဒါနဲ့ ညီက “ဒါဆိုလည်း ဒီလိုလုပ်မယ်လေ အစ်ကို .. အစ်ကိုနဲ့ ကျွန်တော် တစ်ယောက် တစ်လှည့်စီစောင့်ကြမယ်လေ၊

အစ်ကိုအိပ်တဲ့အချိန် ကျွန်တော်စောင့်မယ်၊ ကျွန်တော် အိပ်တဲ့အချိန် အစ်ကို စောင့်” လို့ ပြောလိုက်ပါတယ်။

အဲလိုနဲ့ ညီက အရင်အိပ်သွားပြီးတော့ အစ်ကိုက စောင့်နေပါတယ်။ အစ်ကို စောင့်နေတဲ့အချိန်မှာ မကောင်းဆိုးဝါး တစ်ကောင်ပေါ်လာပါတယ်၊

အဲဒီမကောင်းဆိုးဝါးကို တွေ့တော့ အစ်ကိုဖြစ်သူက ထိတ်လန့်သွားပါတယ်၊ အစ်ကိုက ကြောက်တဲ့ပုံတော့ မကောင်းဆိုးဝါးက ပိုပြီးကြီးလာပါတယ်၊

မကောင်းဆိုးဝါးကကြီးလေ သူက ကြောက်လေ၊ သူက ကြောက်လေ .. မကောင်းဆိုးဝါးကကြီးလာလေလေ နဲ့ မကောင်းဆိုးဝါးက အနားကို ကပ်လာတော့ လန့်ပြီးတော် အော်လိုက်ပါတယ်၊

ထို့အတူ ကြောက်ကြောက်နဲ့ သတိလစ်သွားပါတယ်။ အစ်ကိုဖြစ်သူအော်သံကြောင့် ညီက နိုးလာပါတယ်၊ ဒါပေမယ့် ညီ နိုးလာတဲ့အခါ အစ်ကိုဖြစ်သူက သတိလစ်နေတဲ့အတွက်၊

ညီက အစ်ကို ပင်ပန်းပြီး အိပ်ပျော်သွားတာ ဖြစ်မယ်ဆိုပြီးတော့ စောင့်နေပါတယ်။ ညီကစောင့်နေတုန်းမှာလည်း မကြာပါဘူး မကောင်းဆိုးဝါးက ပေါ်လာပါတယ်၊

ဒါပေမယ့် ညီဖြစ်သူကတော့ မကြောက်ပါဘူး .. မကောင်းဆိုးဝါးက ညီကို ခြောက်လှန့်ပေမယ့် ညီက မကြောက်ဘဲ … ပြုံးပြီးတော့ “ခင်ဗျားက ဘာလဲ .. ဘာဖြစ်ချင်တာလဲ” ဆိုပြီးတော့ ပြောပါတယ်။

ညီက မကြောက်တော့ မကောင်းဆိုးဝါးက သေးသေး သွားပါတယ်၊ နောက်ဆုံးတော့ မကောင်းဆိုးဝါးက သေးသေး‌လေး ဖြစ်သွားပြီးတော့ ညီက ဖမ်းပြီး အိပ်ချုံ့ထဲ မှာ ထည့်ထားလိုက်ပါတယ်။

မနက်ကျတော့ အစ်ကိုဖြစ်သူက နိုးလာပါတယ်၊ ဒီလိုနဲ့ သူတို့ နှစ်ယောက် ခရီးဆက်ကြပါတယ်၊ လမ်းမှာကျတော့ အစ်ကိုဖြစ်သူက ညီကို “မင်းသိလား … ညက ငါ့ကို သတ်ဖို့ မကောင်းဆိုးဝါးကြီး တစ်ကောင် ရောက်လာတယ်၊

ငါလည်း ကြောက်ကြောက်နဲ့ ဘယ်လိုအိပ်ပျော်သွားလဲမသိဘူး” ဆိုပြီး ညက အဖြစ်အပျက်ကို ပြောပြပါတယ်။

အဲဒီအချိန်မှာ ညီဖြစ်သူက အိပ်ချုံ့ထဲက မကောင်းဆိုးဝါးကို ထုတ်ပြပြီးတော့ ဒါလားလို့ အစ်ကို့ကို မေးလိုက်ပါတယ်။

အစ်ကိုက “ဟုတ်တာပေါ့၊ အဲဒီအကောင်ပဲ .. ညက အကြီးကြီးပဲ၊ ဘယ်လိုဖြစ်ပြီးတော့ သေးသွားတာလဲ” လို့ မေးပါတယ်။

ညီဖြစ်သူက ပြုံးပြီးတော့ “ဘဝမှာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အရာတွေကို ရှောင်ပြေးဖို့ ကြိုးစားကြတယ်၊

အဲလိုရှောင်ပြေးဖို့ ကြိုးစားလေလေ၊ သူက ပိုကြီးကြီးလာပြီးတော့ ကျွန်တော်တို့ကို ထိန်းချုပ်လာနိုင်တယ်။

ဒါပေမယ့် ကျွန်တော်တို့က ရင်ဆိုင်စရာရှိတာကို မရှောင်ပြေးဘဲ ရင်ဆိုင်လေလေ သေးငယ်သွားပြီးတော့ ကျွန်တော်တို့က ထိန်းချုပ်သွားနိုင်ပါတယ်။” လို့ ပြေလိုက်ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ … ကျွန်တော်တို့ ဘဝတွေမှာ မကောင်းဆိုးဝါးနဲ့ တူတဲ့ ပြသနာတွေ၊ အခက်အခဲတွေကို ကြုံတွေ့နေရမှာပါပဲ၊

အဲဒါတွေကို ရှောင်ပြေးနေမယ်ဆိုရင် အဲဒီအခက်အခဲတွေ၊ ပြသနာတွေက ပိုပိုကြီးလာပြီးတော့ ကျွန်တော်တို့ကို ထိန်းချုပ်သွားပါလိမ့်မယ်၊

ဒါပေမယ့် အဲဒီအခက်အခဲတွေ၊ ပြသနာတွေကို မရှောင်ပြေးဘဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်လိုက်မယ်ဆိုရင် အဲဒီအခက်အခဲပြသနာတွေက သေးသေးလာပြီး ကျွန်တော်တို့က ရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။

ဒါကြောင့် အခက်အခဲတွေ၊ ပြသနာတွေကို မရှောင်ပြေးပါနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ ရင်ဆိုင်ပါ ..

Add new comment

1 + 16 =