Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နေ့ရက်တိုင်းမှာပျော်ရွှင်ပါ
ဒီရက်ပိုင်း social media ဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ဖြစ် လူငယ်တွေ မပျော်ကြဘူးဆိုတဲ့အကြောင်းတွေကို တော်တော်ကြားလာရပါတယ် ။ မပျော်ရဘူးဆိုတာကလည်း အခြေအနေအမျိုးမျိုးပေါ့လေ ၊ ပညာရေးရော ၊ ကျန်းမာရေးရော ၊ စီးပွားရေးရော အစစအရာရာ ကျပ်တည်းလာကြတာကိုး ။
လူငယ်တွေမှာ ရည်မှန်းချက်တွေပျောက် ၊ ဦးတည်ရာတွေပျောက် ၊ လူတိုင်းပြောနေကြသလို အိပ်မက်တွေစျေးကြီးလာတော့ ဘယ်သူကများ လွတ်လွတ်လပ်လပ် ပျော်နိုင်ကြပါတော့မလဲ ။
ရှေ့ဆက်ပြီးဘာဆက်လုပ်ရမလဲဆိုတဲ့အတွေးတွေ ဖိစီးလာတဲ့အခါ လူငယ်တွေ လမ်းပျောက်ကုန်ကြရတာပေါ့ ။ ဒါဆိုရင် ကျွန်တော်တို့က မပျော်ရတော့ဘူးလား လို့ မေးခွန်းထုတ်လာကြမယ်မဟုတ်လား ။
စိတ်မပူပါနဲ့ ပျော်အောင်နေရတာ ထင်သလောက် မခက်ပါဘူး ။ နေ့ရက်တိုင်းမှာ ပျော်နေရတဲ့အချိန်တွေ တိုးလာဖို့ စိတ်ကြည်လင်နေဖို့က အဓိကပဲပေါ့ ။
ဒါဆိုရင် စိတ်ကြည်ကြည်လင်လင်ဖြစ် ဘာတွေ လုပ်ရမလဲ? တကယ်ပဲ ပျော်ချင်တယ်ဆိုရင်တော့ အခု ပြောပြပေးသွားမယ့် အချက်ကလေးတွေကို သေချာလေး လိုက်လုပ်ကြည့်လိုက်ပါနော် ။
ပထမဆုံး စိတ်ညစ်စရာတွေ ခေါင်းထဲဝင်လာတာနဲ့ ချက်ချင်း ရပ်ပစ်လိုက်မယ် ။
မပျော်ရတဲ့ အဓိကအကြောင်းအရင်းက စိတ်ညစ်စရာတွေကို တနင့်တပိုးသယ်ထားလို့မဟုတ်လား ။ စိတ်ညစ်နေလို့ ဘာမှထူးလာမှာမဟုတ်တဲ့အတူတူ ခေါင်းထဲကသာ ထုတ်ပစ်ထားလိုက်ပါ ။ အဲ့ဒီအစား ကိုယ်စိတ်ဝင်စားတဲ့ကိစ္စတစ်ခုခု လုပ်နေတာဖြစ်ဖြစ် ၊ အလုပ်လုပ်နေတာဖြစ်ဖြစ် ၊ စာလုပ်နေတာဖြစ်ဖြစ် ၊ ကိုယ့်အတွက် အကျိုးရှိမယ့်အရာကို ပိုလုပ်ပါ ။
နောက်ဆုံး ဘာမှ လုပ်စရာမရှိရင် စိတ်ကို ငြိမ်အောင်ထားပြီး တရားထိုင်လိုက်ပါ ။ လုံးဝ စိတ်ညစ်စရာတွေကို ခေါင်းထဲ မထည့်ပါနဲ့ ။
အဲ့ဒီလိုမျိုး စိတ်ကိုရှင်းအောင်အရင်လုပ်ပြီးသွားမှ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားကြည့်မယ်ဆိုရင် ပိုပြီး အကြံကောင်းတွေရလာပါလိမ့်မယ် ။
အိပ်ရေးမဝရင်လည်း စိတ်ညစ်တတ်တာမို့ အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ် ။ စိတ်ညစ်လို့ အိပ်မပျော် ၊ အိပ်မပျော်တော့ စိတ်ပိုညစ် ဆိုတဲ့ သံသရာထဲမှာ လည်နေမယ်ဆိုရင်တော့ ကြာလာရင် ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်နော် ။
အိပ်တယ်ဆိုတာ အကောင်းဆုံးအနားယူခြင်းတစ်မျိုးပဲမဟုတ်လား ။ မအိပ်ခင် relax ဖြစ်စေမယ့်သီချင်း နားထောင်တာမျိုး ၊ တရားထိုင်တာမျိုး လုပ်ပေးရင် ပိုပြီး အိပ်ပျော်စေတယ် ။ အိပ်ရေးဝဝ နိုးလာရတဲ့တစ်နေ့တာက စိတ်ကြည်ကြည်လင်လင်ဖြစ်နေတော့ တော်ရုံစိတ်ညစ်စရာရှိရင်တောင် မှုစရာမလိုတော့ဘူးပေါ့ ။
စိတ်ကို ထွက်ပေါက်ပေးဖို့ ရုပ်ရှင်ကြည့်တာ ၊ စာဖတ်တာမျိုးလေးတွေလည်း လုပ်ကြည့်နော် ။ ဇ
တစ်နေကုန် စိတ်ဖိစီးစရာတွေကြုံလာရပြီး စိတ်ကို ထွက်ပေါက်လေးတောင် မပေးဘူးဆိုရင် ဘယ်လောက် မွန်းကြပ်နေလိုက်မလဲ ။
အဲ့ဒီတော့ အချိန်လေးတစ်ခုပေးပြီး စိတ်ပြေလက်ပျောက်စေမယ့်အရာလေးတွေလုပ်ကြည့်ပေါ့ ။ အားကစားတစ်ခုခုလုပ်တာမျိုး ၊ handmade လေးတွေ လုပ်တာမျိုး ၊ ဘာပဲဖြစ်ဖြစ် ဒါလေးလုပ်လိုက်ရလို့ စိတ်ထဲပျော်သွားတယ်လို့ ခံစားရတာလေးတွေကို အချိန်တစ်ခုပေးပြီး လုပ်ကြည့်သင့်တယ်
စိတ်ညစ်နွမ်းနေတဲ့အချိန် ပျော်လာဖို့အတွက် ရေချိုးပေးဖို့လည်း လိုတယ် ။ နည်းနည်းတော့ ထူးဆန်းတယ်မဟုတ်လား ။ သုတေသနတွေအရဆိုရင် ရေချိုးပြီး အနားယူပေးခြင်းက စိတ်ကို အမြန်ဆုံးကြည်လင်လာစေတဲ့နည်းလမ်းပဲတဲ့ ။
ရေကို ခပ်မြန်မြန်ချိုးလိုက်တာထက် ဖြည်းဖြည်းချင်း အချိန်ယူပြီး ချိုးရင် ပိုပြီး သိသာတာပေါ့ ။ ရေမချိုးဘဲနေလိုက်တဲ့ရက်နဲ့ ရေချိုးထားတဲ့ရက် ဘယ်ရက်က ပိုပြီး စိတ်ကြည်လင်သလဲ ယှဥ်ကြည့်ပေါ့နော် ။ အဲ့ဒီတော့ နေ့တိုင်း စိတ်ကြည်လင်နေဖို့ မှန်မှန် ရေချိုးကြပါစို့ ။
အရေးအကြီးဆုံးတွေထဲက တစ်ခုကတော့ social media ကို healthy ဖြစ်အောင် သုံးဖို့ပဲ ။ အခုခေတ်မှာ social media မသုံးတဲ့သူဆိုတာ မရှိသလောက်ပဲမဟုတ်လား ။
social media ကလည်း မသုံးတတ်ရင် ပျော်စရာမကောင်းဘူးနော် ။ အချိန်တော်တော်များများမှာ ပျော်ချင်တယ်ဆိုရင် social media ကို healthy ဖြစ်အောင် သုံးတတ်ဖို့လိုတယ် ။ နေ့တိုင်း စိတ်မချမ်းသာစရာတွေချည်း မြင်နေကြားနေရမယ်ဆိုရင် ဘယ်လိုလုပ် စိတ်ချမ်းသာတော့မှာလဲ ။
အဲ့ဒီတော့ တတ်နိုင်သမျှ negative vibe တွေအများကြီးရှိနေတဲ့နေရာကိုရှောင်ရမယ် ၊ social media က ဘဝမဟုတ်ဘူးဆိုတာကို အမြဲ အမှတ်ရနေရမယ် ။ ဘယ်သူကတော့ ဘာဖြစ်နေပြီဆိုတဲ့အတွေးတွေ အဝင်မခံနဲ့ ၊ ကိုယ့်ကိုယ်ကိုယ် သူများနဲ့မနှိုင်းနဲ့ ၊ စိတ်ဓါတ်မကျနဲ့ ။
စိတ်ဝင်စားတာလေးတွေကြည့်မယ် ၊ ပေါက်ကရလေးတွေ share မယ် ၊ ခွီမယ် ၊ ဒီလိုမျိုး social media ကိုသာ healthy ဖြစ်အောင် သုံးနိုင်ရင် တစ်နေ့တာရဲ့ ၃ပုံ ၂ပုံလောက်က ပျော်စရာကောင်းနေမှာ အသေအချာပဲ ။
တစ်ခါတလေကျရင် တစ်ယောက်ထဲ မပျော်မရွှင်ဖြစ်နေတဲ့အခါ သူငယ်ချင်းတွေနဲ့တွေ့ပြီး စကားတွေပြောလိုက်ရင် စိတ်ထဲ ပေါ့သွားတတ်တယ် ။ ဆိုတော့ ပျော်ရွှင်ဖို့အတွက်ဆို သူငယ်ချင်းတွေကိုလည်း မေ့ထားလို့မရဘူးနော် ။
ဘော်ဒါတွေ အကုန်စုပြီး ရယ်ကြ မောကြ စကားပြောကြ ငြင်းခုန်ကြရတာလည်း ဘဝရဲ့အရသာပဲမဟုတ်လား ။ ကိုယ့်စိတ်ထဲမှာ ကြီးမားတယ်လို့ထင်နေရတဲ့ အခက်အခဲတွေတောင် ဘော်ဒါတွေကို ပြောပြလိုက်ရင် ကိုယ်မမြင်မိတဲ့ရှုထောင့်တွေကနေ အကြံပေးလာကြတော့ ဖြေရှင်းဖို့ နည်းလမ်းတွေ ပေါ်လာနိုင်တာပေ့ါ ။
တစ်ယောက်ထဲ အထီးကျန်နေတဲ့အချိန်တွေဆိုရင် စိတ်ညစ်လွယ်တဲ့အတွက် ပျော်နေချင်ရင် ဘော်ဒါတွေနဲ့ဆက်သွယ်ပါ ။ စကားပြောပါ ။ အတူတူပေါက်ကရတွေလုပ်ပါ ။ ပြီးရင် လွတ်လွတ်လပ်လပ်သာ အော်ရယ်ပစ်လိုက်ကြပါ
နောက်ထပ်အရေးကြီးတဲ့တစ်ချက်ရှိသေးတယ် ။ အဲ့ဒါကတော့ အစားကောင်းကောင်းစားပေးဖို့ ။ အရသာရှိတဲ့အစားအသောက်တွေက စိတ်ကိုပျော်စေနိုင်တယ်ဆိုတာ မယုံမရှိနဲ့နော် ။ အရမ်းပင်ပန်းနေတဲ့အချိန် ကိုယ်ကြိုက်တဲ့အစားအသောက်လေး စားလိုက်ရရင် အားပြန်ပြည့်သွားသလိုပဲ စိတ်ညစ်လို့ အားအင် ကုန်ခမ်းလာရင် အစားအသောက်ကောင်းကောင်းသာ စားလိုက် ။
စျေးကြီးတဲ့ဆိုင်တွေမှ အစားအသောက်ကောင်းတွေရတာမဟုတ်ဘူးနော် ။ အရသာရှိပြီး ကိုယ်အကြိုက်တွေ့တယ်ဆိုရင် အဲ့ဒါက အစားအသောက်ကောင်းပဲပေါ့ ။ အစားအသောက်ကို ဂရုစိုက်ပြီး ကောင်းကောင်းစားတာက စိတ်ပျော်ရွှင်ဖို့တင်မဟုတ်ဘူး ၊ ကျန်းမာဖို့အတွက်ပါ အရေးကြီးပါတယ်နော် ။
ဒီလောက်ဆိုရင်တော့ နေ့တိုင်းမှာပျော်ပျော်နေချင်ရင် ဘာတွေလုပ်ရမလဲဆိုတာ သိသွားလောက်ပါပြီ ။ ခက်ခက်ခဲခဲ လုပ်ရမယ့်အရာတွေလည်းမပါတော့ နေ့တိုင်း သေချာလေး ဂရုတစိုက်လုပ်ရင်း ပျော်စရာအချိန်တွေ များသထက်များလာအောင် ဖန်တီးလိုက်ကြပါနော်
Add new comment