တစ်ခုပဲ လိုတာပါ

တစ်ခါတုန်းက တောအုပ်တစ်ခုမှာ ခွန်အားဗလနဲ့ပြည့်စုံပြီး သားကောင်လိုက်တဲ့နေရာမှာ အလွန်ပါးနပ်တဲ့ ကျားတစ်ကောင်ရှိတယ်၊

တစ်နေ့တော့သူဟာ သူရဲ့ အစာအတွက် တောင်ကုန်းတခုပေါ်ကနေပြီး တောင်ရဲ့အောက်ခြေ မြက်တော စပ်မှာအစာစားနေတဲ့ သမင်အုပ်ကို ကြည့်လိုက်တယ်၊

အဲ့ဒီသမင်အုပ်ထဲမှာမှ အလွန်လှပပြီး ပြည့်ဖြိုးနေတဲ့ သမင်တစ်ကောင်ကို သူ့ရဲ့အစာအဖြစ်ရွေးချယ်လိုက်တယ်၊

ကျားဟာ သူ့ရဲ့အလွန်ထက်မြက်တဲ့အတတ်ပညာနဲ့ သမင်အုပ်အနားကို ခြေသံမကြားအောင် ချဉ်းကပ်လာခဲ့တယ်၊

ပိုင်ပြီဆိုတဲ့အနေအထားတစ်ခုကိုရောက်မှ သူသတ်မှတ်ထားတဲ့သမင်ကို ခုံအုပ်လိုက်တယ်၊

ကံဆိုးစွာနဲ့ဘဲ သမင်ဟာ သူ့လက်ထဲက လွတ်ထွက်သွားခဲ့တယ်၊

သားကောင်လိုက်ရင် ဘယ်တော့မှလွတ်ရိုးထုံးစံမရှိတဲ့ ကျားဟာ သူ့ရဲ့လွဲချော်မှုအတွက် မကျေမနပ်ဖြစ်သွားတယ်၊

မကျေနပ်စိတ်နဲ့ဒေါသစိတ်ပေါင်းပြီး ကျားဟာ သူ့လက်က လွတ်ထွက်သွားတဲ့ သမင်ရဲ့နောက်ကို ရှိသမျှခွန်အားအကုန်သုံးပြီးလိုက်တယ်၊

သမင်ကလည်း သူ့အသက်ရှင်သန်မှုအတွက် သူ့မှာရှိသမျှခွန်အား အကုန်သုံးပြီး ပြေးတယ်၊

မှီခါနီးအနေအထားလေးရောက်သွားလိုက် ကပ်သီလေး လွတ်သွားလိုက်၊

မှီခါနီးအနေအထားလေး ရောက်သွားလိုက် ကပ်သီလေးလွတ်သွားလိုက်၊

ဘေးကကြည့်နေတဲ့ သားကောင်အချို့အတွက်တော့ အသဲယားစရာမြင်ကွင်း နောက်ဆုံး သမင်ဟာ အလွန်ကြီးမားတဲ့ ချောက်ကမ်းပါးကြီးတစ်ခုရဲ့ ဟိုဘက်ကို လွှားခနဲ ခုန်ကျော်သွားတယ်၊

နောက်ကနေ အရှိန်ပြင်းပြင်းနဲ့လိုက်လာတဲ့ကျားဟာ ချောက်ကမ်းပါးနားရောက်တဲ့အချိန်မှာတော့ တန့်ခနဲ ရပ်သွားတယ်၊

ချောက်ကမ်းပါးရဲ့ အကွားအဝေးနဲ့အတိမ်အနက်ကို တစ်ချက်ငုံ့ကြည့်တယ် ပြီးတော့ ခေါင်းငိုက်စိုက်ချပြီး ပြန်လှည့်ထွက်လာခဲ့တယ်၊

အဲ့ဒီအချိန်မှာဘဲ သူ့ဘေးချုံပုတ်ထဲကနေ အသံတခု ထွက်လာတယ်၊

"အို မိတ်ဆွေ ဘယ်လိုဖြစ်တာလဲ ဗျ " "တောအုပ်တစ်ခုလုံးမှာ ခွန်းအားအကြီးမားဆုံး သားကောင်လိုက်တဲ့နေရာမှာ

အထက်မြက်ဆုံး တောဘုရင်ကြီးက ဒီဘာမဟုတ်တဲ့ သမင်လေးကို

ဒီတိုင်းဘဲ လွယ်လွယ်ကူကူအရှုံးပေးလိုက်တော့မလို့လားဗျ" ကျားဟာ အသံလာရာဆီကိုလှည့်ကြည့်လိုက်တော့

ခြုံပုတ်ထဲက မြေခွေးဟာ တည်တည်ငြိမ်ငြိမ်ဘဲ ကျားရဲ့ အနားကို တလှမ်းချင်း လျှောက်လာတယ်၊ "ချောက်ကမ်းပါးက နက်တယ်လို့ထင်ရပေမဲ့ အကွာအဝေးက သိပ်မရှိလှပါဘူးဗျ ကျုပ် အကြိမ်အခါခါ စမ်းသပ်ပြီးပြီ"

"ကျုပ်လို မြေခွေးတစ်ကောင်တောင် အကြိမ်ကြိမ်အခါခါ ခုန်ကျော်ခဲ့သေးတာဘဲ

ဘာအစွမ်းအစမှမရှိတဲ့ သမင်တောင် ခင်းများရဲ့ ရှေ့မှာဘဲ အသာအယာခုန်ပြသွားသေးတာဘဲ"

"ခင်များလို တောအုပ်တစ်ခုလုံးရဲ့ ဘုရင်က ဒီချောက်ကမ်းပါးလောက်ကို မခုန်နိုင်စရာဘာအကြောင်းရှိမလဲ"

"လုပ်စမ်းပါ မိတ်‌ဆွေ ကျုပ်စကားကို ယုံလိုက်စမ်းပါ" ကျားဟာ မြေးခွေးရဲ့မျက်နှာကို စိုက်ကြည့်လိုက်တယ်

ပြီးတော့ ဟိုဘက်ကမ်းက သမင်ကို လှမ်းကြည့်တယ်၊ မြက်လေးစားလိုက် အမြီးလေးတနှံ့နှံ့လုပ်လိုက်

သူတို့ဘက်ကိုလှည့်ကြည့်လိုက်လုပ်နေတဲ့ သမင်ရဲ့အမူအယာဟာ မသိရင် သူ့ကိုလှောင်ပြောင်နေသလို၊

ကျားဟာ ခပ်လှမ်းလှမ်းကိုဆုတ်ပြီးအားယူလိုက်တယ် ပြီးတာနဲ့ သူ့မှာရှိသမျှခွန်းအားအကုန်သုံးပြီး ချောက်ကမ်းပါးကို ခုန်ကျော်လိုက်တယ်၊

ဒါပေမဲ့ ဟိုဘက်ကမ်းကိုတော့ မရောက်ခဲ့ မြေခွေးဟာ ချောက်ကမ်းပါးအောက်ကထွက်လာတဲ့ ကျားရဲ့ဆူးဆူးဝါးဝါးအော်သံကို အရသာရှိရှိနားဆင်ရင်း သူ့ရဲ့ခြုံပုတ်ထဲကို အသာအယာဘဲ ဝင်သွားခဲ့တယ်၊

ခနကြာမှ သူဆင်းနေကျလမ်းအတိုင်းဆင်းပြီး ကျားရဲ့အသားကို သူရဲ့တစ်နေ့တာအစာအဖြစ် မြိန်ရည်ရှက်ရည် စားသုံးလိုက်တော့တယ်။။။

ဒီလိုပါဘဲ ဘဝမှာ တချို့သူတွေဟာ မိတ်‌ဆွေစစ်အဖြစ် ပီပီပြင်ပြင်ကြီးဟန်ဆောင်တတ်ကြတယ်၊

သူတို့ရဲ့ပျော်ရွှင်မှု သူတို့ရဲ့လိုအပ်ချက်တွေအတွက် ကိုယ့်ဘဝကို လှလှပပကြီး အသုံးချသွားတတ်ကြတယ်၊

ကိုယ့်ကို တိုးတက်စေချင်တာလိုလို အောင်မြင်စေချင်တာလိုလို လူရာဝင်စေချင်တာလိုလိုနဲ့ သူတို့ရဲ့ အခက်အခဲ သူတို့ရဲ့ပြဿနာတွေကြား မသိမသာ ဆွဲထည့်သွားတတ်ကြတယ်၊

ကိုယ့်ကို မပင်ပန်းစေချင်တာလိုလို အချိန်မကုန်စေချင်တာလိုလိုနဲ့ ကိုယ့်ဘဝရဲ့ တက်လမ်းတွေကို စကားလုံးမျိုးစုံနဲ့ ပိတ်ပင်တားဆီးတတ်ကြတယ်၊

တစ်ချို့အတုအယောင်တွေဟာ အစစ်ထက်ပိုပြီးကောင်းပြတတ်ကြတယ်

ကိုယ့်ဘက်ကအရာရာကို ယုံကြည်ပေးလိုက်မိတဲ့အချိန်မျိုးရောက်မှ နောက်ကျောကို ဓားနဲ့ထိထိမိမိထိုးသွားတတ်ကြတယ်

အာဖရိကရိုးရာစကားပုံလေးတစ်ခုရှိတယ် "မိတ်ဆွေအတုအယောင်တစ်ယောက်ဟာ ရန်သူပေါင်းတစ်ထောင်ထက် ပိုမိုအန္တရာယ်ကြီးမားတတ်၏"တဲ့ ၊

အဲ့လို မိတ်ဆွေအတုအယောင်တွေအကြောင်း တွေးလိုက်မိတဲ့အခါတိုင်း

ဆရာ‌မောင်ချောနွယ်ရဲ့ ကဗျာလေးကိုဘဲ ခနခနရေရွတ်မိတယ်၊ ဘဝမှာ လေးငါးခြောက်ခု မလိုပါဘူး နှစ်ခုဘဲ လိုတာ မိတ်ဆွေစစ်စစ်နဲ့ ရန်သူစစ်စစ် ။။။

Add new comment

2 + 14 =