ကိုယ့်အိမ်မက်တွေကိုကလေးတွေကိုဆက်မမက်ခိုင်းပါနဲ့

အတန်းထဲမှာ ကျောင်းသား ကျောင်းသူ အယောက်၆၀ရှိတယ်ဆို လိုက်မေးကြည့်ပါ

ကြီးလာရင်ဘာလုပ်မှာလဲလို့ အယောက်၄၀လောက်က ဆရာဝန်ကြီး လုပ်မယ်လို့ဖြေကြပါတယ်

ကျန်တဲ့၁၅ယောက်က အင်ဂျင်နီယာကြီးလုပ်မယ် စစ်ဗိုလ်ကြီးလုပ်မယ်လို့ ဖြေကြပါတယ်

၅ယောက်လောက်ကပဲ သား မသိဘူး သမီး မသိသေးဘူး ဆိုတဲ့ အဖြေကိုရိုးရိုးသားသား ဖြေတတ်ကြပါတယ်

တကယ်တော့ ကျွန်မအပါအဝင်ဆရာဝန်ကြီးလုပ်မယ်လို့ ဖြေခဲ့တဲ့သူတွေရဲ့ တစ်ဝက်လောက်ဟာ ဆရာဝန်တကယ်ဖြစ်ချင်တဲ့သူတွေလည်း မဟုတိကြပြန်ပါဘူး

ဒါပေမဲ့.. ကျွန်မ တို့တွေဟာ ဆရာဝန်ဖြစ်ချင်ရမယ်လို့ သင်ကြားခြင်းခံခဲ့ရသူများဖြစ်ပါတယ်

ဘာဖြစ်လို့လဲ.. တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ အမှတ်အများဆုံးရမှ ဆေးတက္ကသိုလ်တက်လို့ရတာလေ.ဒီတော့ဆရာဝန်လောင်းတွေဟာ စာအတော်ဆုံး သူတွေပဲ.

. လူကြီးမိဘတွေ အဒေါ်တွေ ဦးလေးတွေ အဖိုးတွေအဖွားတွေကအစ ဒီလို အရိုးစွဲခဲ့ကြတာဖြစ်ပါတယ်

သူတို့လက်ထက်မှာလည်း.ဆရာဝန်ဖြစ်ဖို့ အိပ်မက်မက်ဖူးကြပါလိမ့်မယ် တကယ်တမ်းမဖြစ်ခဲ့ကြတော့ ဒီဆရာဝန် အင်ဂျင်နီယာ စစ်ဗိုလ် အိပ်မက်ကို နောက်လာနောက်သားတွေကို ဆက်ပြီး အတင်းမက်ခိုင်းတဲ့သဘောပါပဲ..

ကျွန်မ ၄တန်း ၅တန်းမှာ အဆိုတော်သိပ်ဖြစ်ချင်တယ် အဆိုတော် မက်ဒေါနားကို ကြည့်ပြီး သူ့လို သီချင်းဆိုတာ ဖျော်ဖြေတာ ဝတ်တာစားတာ တွေသိပ်လုပ်ချင်တာပဲ

ဒါပေမဲ့ မက်ဒေါနားလို ဖြစ်အောင်လုပ် တစ်နှစ်ကို ဒေါ်လာ သန်း၂၀လောက်ရှာနိုင်တာ လို့ကျွန်မကို ပြောတဲ့သူမရှိခဲ့ဘူး.. ဒါကြောင့်.. ကြီးလာရင်ဘာလုပ်မှာလဲမေးရင်..ဆရာဝန်ဖြစ်အောင်လုပ်မယ်ပဲဖြေခဲ့တယ်

၇တန်း၈တန်းရောက်တော့ စာရေးဆရာမဖြစ်ချင်တယ် အဲဒီအချိန် သတ္တိလဲနည်းနည်းရှိလာ စာတွေလဲဖတ်နေတာကြောင့်

ဆရာဝန်၊စာရေးဆရာမဖြစ်အောင်လုပ်မယ်လို့ ပြောင်းဖြေပြန်တယ် ဆရာဝန်ဖြစ်ဖို့ကတော့ မလျှော့သေးဘူး တကယ်ဆရာဝန်အလုပ်ကိုဝါသနာပါသလားဆိုတော့လည်း မဟုတ်ပါဘူး

ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကအတော်ဆုံးဆိုတဲ့ ကျောင်းသားစာရင်းမှာဝင်ချင်တာကိုး ကျွန်မသူငယ်ချင်းတွေထဲမှာ ဆရာမဖြစ်ချင်တယ်လို့ပြောတဲ့သူ တစ်ယောက်မှမပါခဲ့ဘူး

ဆရာမဆိုရင် လစာနည်းမယ်.. နယ်တွေသွားရမယ် လို့သာအပြောခံရတယ် ဆရာမအလုပ် ဟာ ဘယ်လောက်တန်ဖိုးရှိတယ် မွန်မြတ်တယ်ဆိုတာ အတွက် အားပေးမှုမရခဲ့ဘူး

ကျွန်တော် သင်္ဘောသားဖြစ်ချင်ပါတယ်ဆိုရင် ဟာ..မိသားစု နဲ့ဝေးနေရမှာ အန္တရာယ်လည်း များပါဘိသနဲ့.. ဆိုတာမျိုးပဲပြောတယ်

တော်ရုံတန်ရုံလူတွေရောက်ဖို့မလွယ်တဲ့နေရာဒေသတွေကို ရောက်နိုင်တယ်..အတွေ့အကြုံတွေအများကြီးရမယ်လို့ ဘယ်သူမှမပြောကြဘူး ဆရာဝန်ပဲလုပ်ပါ

ဆရာဝန်ဆိုတာ စာတော်တဲ့သူတွေပဲလုပ်လို့ရတာ

ဒါကြောင့်သိပ်ဂုဏ်ရှိတာတဲ့.. အဲဒီမှာ ပွဲကပြတ်ရော.. ့ ၁၀တန်းအောင်ရင်အမှတ်အများဆုံးသူတွေသာတက်လို့ရတဲ့ ဆေး တက္ကသိုလ်တက်ပြီး ဆရာဝန်ပဲလုပ်မယ်လို့ ကြွေးကြော်ခဲ့သူတွေအားလုံးထဲက

ရာခိုင်နှုန်းအနည်းငယ်သာ ဆရာဝန်ဖြစ်လာကြပြီး ဆရာဝန်လိုင်းမရတဲ့သူတွေမှာတော့ ကိုယ့်ကိုယ်ကို တန်ဖိုး ထားမှုတွေ ယုံကြည်မှုတွေ လျော့နည်းပြီး ထိခိုက်ဝမ်းနည်းမိလာပါတယ်

ငါဟာ သူတို့လိုမတော်ဘူး.. အမှတ်အများဆုံးလိုင်းငါမရခဲ့ဘူး... ကျွန်မဝမ်းနည်းခဲ့တယ် ၁၀တန်း အောင်စာရင်းထွက်တဲ့နေ့မှာ သူ့သမီးကို ဂုဏ်ထူးတွေအများကြီးပါပြီ

း ဆရာဝန်လိုင်းရမယ်ထင်ခဲ့တဲ့ ကျွန်မအဖေ ချုံးပွဲချပြီး ငိုချပစ်လိုက်တာလေ.. ကျွန်မ အဖေဖြစ်စေချင်တာကိုမလုပ်ပေးနိုင်ခဲ့ဘူး..ဆိုပြီး နောင်တတွေရနေခဲ့တယ်

ကျွန်မကိုယ်တိုင် ဆရာဝန်ဖြစ်ချင်သလားဆိုတာကိုတော့ ကိုယ့်ကိုယ်ကို တစ်ခါမှ မမေးခဲ့ဖူးပါဘူး ဘယ်လောက်ဆိုးလိုက်သလဲနော်

တကယ်တော့ တက္ကသိုလ် ဝင်တန်းပြီးတဲ့အခါ ကျွန်မတို့တွေဟာ ကိုယ်ယုံကြည်ရာ အိပ်မက်အတွက် ဘဝတွက်တာပညာတွေပြည့်ဝပြီဆိုတဲ့ စိတ်နဲ့ တက်တက်ကြွကြွ ရှေ့ဆက်ရမှာဖြစ်ပါတယ်

အဲဒီအစား.. ရှေ့ကလူကြီးတွေရဲ့ အရိုးစွဲလာတဲ့ အယူအဆတွေကြောင့် မလိုချင်တဲ့ဘွဲ့တွေကို ရခဲ့ကြပြီး ဘွဲ့နဲ့မကိုက်ညီသောအလုပ်တွေကို မကြိုက်ဘဲနဲ့ လုပ်ခဲ့ကြရတာဟာ ဘဝအတွက် ကြီးမားတဲ့ နောင်တပဲဖြစ်ပါတယ်

အဓိက ကတော့ ကျောင်းမှာ အတော်ဆုံးဖြစ်မှ ဘဝမှာ အောင်မြင်တယ်လို့ အရိုးစွဲလာကြတာပဲဖြစ်ပါတယ် တကယ်တော့ ဘဝမှာ အောင်မြင်ဖို့ဆိုတာ ကျောင်းတုန်းကစာအတော်ဆုံးဖြစ်ခဲ့တာနဲ့ လုံးဝမသက်ဆိုင်..

ဘဝမှာအောင်မြင်တဲ့လူတွေဟာ life skill လို့ခေါ်တဲ့ ဘဝအရည်အသွေးထက်မြက်သူတွေသာဖြစ်ကြပါတယ် ဥပမာအားဖြင့် လူမှူရေး ပေါင်းသင်း ဆက်ဆံရေး ကောင်းတဲ့သူ..

အချိန်နဲ့ငွေကို စီမံခန့်ခွဲနိုင်တဲ့သူ...ကျွမ်းကျင်မှုနယ်ပယ်အလိုက် တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်တဲ့သူ..

အဓိကနဲ့ သာမညကို ခွဲခြားသိမြင်နိုင်တဲ့သူတွေသာလျှင် ဘဝမှာ စိတ်ရော ကိုယ်ပါ အောင်မြင် ကြသူများဖြစ်ပါတယ်

ဘဝမှာ ကိုယ်ဖြစ်ချင်တာကိုတကယ်သိမှလည်း အောင်မြင်အောင်ကြိုးစားနိုင်ကြပါတယ်

ဒါကြောင့် ကျွန်မတို့ကလေးတွေအတွက်ငယ်ဘဝက အိပ်မက်တွေဟာ သိပ်အရေးပါပါတယ်

ဘဝမှာ အောင်မြင်ဖို့ ဒီအိပ်မက်တွေကပဲ တွန်းအားပေးတာ မောင်းနှင်တာဖြစ်ပါတယ် ကိုယ့်အိပ်မက်ကို ကိုယ့်ကလေးကို ဆက်မမက်ခိုင်းပါနဲ့..

ကိုယ့်ကလေးရဲ့အိပ်မက်ကိုလည်း ဖျက်ဆီးသူမဖြစ်ပါစေနဲ့..

Add new comment

8 + 7 =