ကိုယ့်ပုံစံနဲ့ကိုနေရတာကျေနပ်ခြင်း

ကိုယ့်ပုံစံနဲ့ကိုယ်နေရတာကို ကျေနပ်ခြင်း

ကိုယ့်ဘဝကိုယ် လက်ခံခြင်းဆိုတာက ကိုယ့်ကိုယ်ကို ကျေနပ်ခြင်းတစ်မျိုးပါ။

ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး တစ်ခြားဘယ်သူ့နဲ့မှ တူအောင် မကြိုးစားတော့ဘဲ ကိုယ့်ပုံစံနဲ့ကိုယ် နေထိုင်ခြင်းဖြစ်ပါတယ်။

(the satisfaction of being yourself)​ ဆိုတဲ့ ကိုယ့်ပုံစံနဲ့ကိုယ် နေရတာကို ကျေနပ်ခြင်းဖြစ်ပါတယ်။

အခုလို ခေတ်ကာလဆိုးကြီးထဲမှာ ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေတဲ့သူတွေ အများကြီးပါပဲ။

တစ်ခါတစ်ရံ လူတိုင်းမှာ ဒီလိုမျိုးတွေဖြစ်တတ်ပေမယ့် ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ကိုယ့်ဘဝကိုယ်ကျေနပ်တဲ့သူတွေဟာ self-esteem ဆိုတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းရှိသူတွေ ဖြစ်ကြပါတယ်။

တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်ဟာ ကောင်းကြတဲ့သူတွေပါ။

ဘာ့ကြောင့် self-esteem နိမ့်ကြပြီး ကိုယ့်ဘဝကိုယ် ကျေနပ်မှုမရကြတာလဲ။

ငယ်ဘဝကနေစပြီး သန္ဓေတည်လာခြင်းဖြစ်ပါတယ်။ ငယ်စွဲတစ်ခုဖြစ်ပါတယ်။

ဥပမာ အငယ်တုန်းက ခွေးကိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရဖူးတဲ့သူဟာ အရွယ်ရောက်လာတဲ့အချိန်ထိ ခွေးမြင်ရင် တအားကြောက်တတ်ကြပါတယ်။

ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တွေပေါ်မှာ မူတည်ပြီး self-esteem တွေကွာခြားသွားတတ်ကြပါတယ်။

မိဘနဲ့ ဆရာဆရာမတွေက ကိုယ့်ကို တစ်ခြားလူတွေနဲ့ အရမ်းနှိုင်းယှဉ်တာကို ခံခဲ့ရတာ၊ မဖြစ်နိုင်တာတွေကို အတင်းဖိအားပေးခိုင်းစေတာ၊ သူငယ်ချင်းတွေကြား (bullying)​ အနိုင်ကျင့်ခံရတာ၊ အနှိမ်ခံရတာမျိုးတွေပါ။

(ဥပမာ ခန္ဓာကိုယ်ဝတဲ့သူတွေဆိုရင် ဝလွန်းတယ်ဆိုပြီး body shaming လုပ်ခံရတာများလာတော့ ကိုယ့်ရဲ့ ဒီခန္ဓာကိုယ်ကြီး မုန်းတီးလာကြပါတယ်။)

ဒါ့ကြောင့်ပဲ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကို သူတစ်ပါးနဲ့ နှိုင်းယှဉ်လွန်းပြီး သိမ်ငယ်စိတ်၊ မလုံလဲစိတ်တွေ ဝင်ပြီး self-esteem နိမ့်လာကြပါတယ်။

ပြီးတော့ အရွယ်နဲ့မလိုက်အောင် အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရတာတွေ၊ ကိုယ်အရမ်းချစ်ခင်ရသူတွေ ဆုံးရှုံးရတာတွေကလည်း self-esteem အပေါ်အများကြီး သက်ရောက်ပါတယ်။

Self-esteem မြင့်ပြီး ကိုယ့်ဘဝကိုယ်ကျေနပ်မှုရှိစေဖို့ ဘာတွေလုပ်ဆောင်သင့်လဲ။

၁ -​ သင့်ကိုယ်သင် မကောင်းမြင်နေတဲ့အချက် (negative thoughts) တွေကို ချရေးပါ။

ဥပမာ အလုပ်မရသေးတာ ငါညံ့လို့၊ ငါက စကားပြောမကောင်းဘူး၊

ငါက အရမ်းရှက်တတ်တယ် စသဖြင့် သင့်ကိုယ်သင် ညံ့တယ်လို့ ထင်နေတဲ့အချက်တွေကို ချရေးပါ။

ပြီးရင်တစ်ခုချင်းစီကို challenge လုပ်ကြည့်ပါ။ တကယ့်တော့ ဘယ်အရာမှ အရမ်းကြီးမခက်ခဲပါဘူး။ တစ်ခုချင်းစီကို စမ်းပြီးလုပ်ကြည့်ပါ။ ဘယ်သူမှလည်း အရမ်းကြီးညံ့မနေပါဘူး။

၂ -​ သင့်မှာရှိတဲ့ အားသာချက်တွေကို ချရေးပါ။

ဥပမာ သင်က သတ္တိရှိရှိ CDM လုပ်ထားတာ။ (ယူရဲတာကမှ သတ္တိမဟုတ်ပါဘူး။ စွန့်ရဲတာကလည်း သတ္တိပါပဲ။ )​ သင်က ရိုးသားပြီးဖြူစင်တာ။ (တစ်ချို့က ရိုးသားတာနဲ့ ရိုးအတာကို မကွဲကြပါဘူး။)​ အများအကျိုးဆောင်ရွက်နိုင်တာ၊ စာရေးကောင်းတာစတဲ့ သင့်ရဲ့ အားသာချက်တွေကို ချရေးပြီး ဒီအရာတွေကို နေ့စဉ်ပိုပြီးကောင်းအောင် လုပ်ဆောင်ခြင်းဟာ သင့်ကိုယ်သင် ခံစားရကောင်းစေပြီး သင့်ကိုယ်သင် proud ဖြစ်စေကာ ကျေနပ်အားရမှုတွေဖြစ်စေပါတယ်။

၃ -​ တစ်ခြားလူတွေနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်တာကို ရပ်ပါ။

ဘဝမှာ တစ်ယောက်နဲ့တစ်ယောက်က ဘယ်လိုနည်းနဲ့မှ မတူညီနိုင်ပါဘူး။

သူ့ရဲ့မွေးဖွားတဲ့နေရာ၊ သူ့ရဲ့မိသားစု၊ သူ့ရဲ့ပညာရေး၊ သူဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင်တွေပေါ်မှာ မူတည်ပြီး ပင်ကိုယ်စရိုက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကွဲပြားသွားကြပါတယ်။

ဒါကိုသွားပြီး သူကတော့ စကားပြောတာပြတ်လိုက်တာ၊ ရဲရင့်လိုက်တာ၊ သတ္တိရှိလိုက်တာ၊ စကားပြောသွက်လိုက်တာဆိုပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သွားကြပါတယ်။

သင့်မှာလည်း မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိပါတယ်။

စာနာတတ်တာ၊ ကိုယ်ချင်းစာတတ်တာ၊ ကူညီတတ်တာ၊ တည်ငြိမ်တာ၊ အေးချမ်းတာ စတဲ့ အရည်းအချင်း တစ်မျိုးမဟုတ်တစ်မျိုးရှိပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် type ချင်းကွဲပြားကြတာမို့ ဇွတ်ကြီးတူအောင် ညှိယူလို့မရသလို မတူလို့လည်း ဘာမှဖြစ်မသွားပါဘူး။

အဲ့တော့ ကိုယ့် style နဲ့ကိုယ် အေးဆေးသာနေပါ။

တစ်နေရာတည်းမှာနေ၊ တစ်ရေတည်းသောက်၊ တစ်ကျောင်းတည်းပြီးတဲ့သူတွေတောင် ဝါသနာချင်း၊ စိတ်ဓာတ်ချင်း၊ mindset ချင်းက ကွာခြားသွားနိုင်ပါသေးတယ်။

သင့်နဲ့အတူကျောင်းပြီးထားတဲ့သူတွေက သင့်ထက်အရင် အလုပ်တွေရနေပေမယ့် သင်ကအခုချိန်ထိ ဝေလေလေလည်း ဖြစ်နေနိုင်ပါတယ်။

အတန်းထဲမှာ အညံ့ဆုံးအကောင်က အလုပ်မှာ ကိုယ့်ထက်ရာထူးကြီးတဲ့သူလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ထက်ငယ်တဲ့သူကို ဆရာခေါ်ချင်ခေါ်နေရတာပါ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။

ဘဝဆိုတာက အပြေးပြိုင်ပွဲမဟုတ်ပါဘူး။ ဘယ်သူအရင် ပန်းဝင်ရမယ်လို့သတ်မှတ်မထားပါဘူး။ လူတိုင်းက သူ့စံနှုန်းနဲ့သူပါ။

အဲ့တော့ သင့်ကိုယ်သင်ပဲ ကြည့်ပါ။ တစ်နေ့ တစ်နေ့ သင့်ကိုယ်သင် ပိုကောင်းအောင်သာ လုပ်ပါ။ ဘယ်သူ့ကိုမှ မပြိုင်ပါနဲ့။ ဘယ်သူတွေ ဘာပဲဖြစ်နေဖြစ်နေ အဲ့တာ သူတို့ကိစ္စပါ။

၎ -​ သင့်ကိုယ်သင် ကြင်နာပါ။

ဘဝမှာ တစ်ချို့အရာတွေကို သင်လုပ်နိုင်မယ်။ တစ်ချို့အရာတွေကို သင်လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ အမှားတွေလည်း လုပ်ချင်လုပ်မိမယ်။ အနှိမ်တွေလည်း ခံရမယ်။

နောက်ကျောကနေလည်း ဓါးနဲ့အထိုးခံရမယ်။ အူကြောင်ကြောင် နိုင်ခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိမယ်။ အလုပ်ကနေလည်း ပြုတ်ချင်ပြုတ်မယ်။

အဲ့ဒီလိုဖြစ်တဲ့အခါ သင့်ကိုယ်သင် ခံပြင်းတာ ဒါမှမဟုတ် အားငယ်သွားတာမျိုးတွေရှိတတ်ပါတယ်။

သူငယ်ချင်းတွေထဲမှာ တစ်ယောက်ယောက်က အဲ့ဒီလိုအဖြစ်မျိုးတွေကြုံတဲ့အခါ သင်အနေနဲ့ နှစ်သိမ့်အားပေးတာတွေ လုပ်သလိုမျိုး သင်ကိုယ်တိုင်ကြုံတဲ့အခါလည်း သင့်ကိုယ်သင်လည်း ကြင်နာပေးပါ၊ အားပေးပါ။

လူတိုင်းက နေရာတိုင်းမှာ တော်မနေဘူး။ နေရာတကာ မကောင်းနိုင်ဘူး။

အမြဲတမ်းလည်း ပျော်မနေနိုင်ဘူး။ အမြဲတမ်းလည်း ရင့်ကျက်မနေနိုင်ဘူး။

လူတိုင်းနဲ့လည်း တည့်ချင်မှ တည့်မယ်။ လိုချင်တာလည်းရချင်မှရမယ်။ မလိုတာတွေလည်း လက်ခံပေးရတယ်။

မလုပ်ချင်တာတွေလည်း လုပ်ရတတ်တယ်။ ဖြစ်ချင်တာတွေလည်း ဖြစ်ချင်မှ ဖြစ်ရတယ်။

ပိုင်ဆိုင်သမျှအရာတွေလည်း လက်ထဲမှာ မြဲချင်မှမြဲမယ်။ ဒါတွေကို လက်ခံထားနိုင်ဖို့လည်း လိုပါတယ်။

၅ -​ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပါ။

"သင်ဟာ သင်ပေါင်းနေတဲ့ လူငါးဦးရဲ့ ပျမ်းမျှပါ"

-​ ဂျင်ရွန်း

သင့်ပတ်ဝန်ကျင်းမှာ အမြဲတမ်းအဆိုးမြင်နေသူတွေ၊ သူများကို အမြဲတမ်းမကောင်းတဲ့သူတွေ၊ ကြုံရင်ကြုံသလို လှည့်ဖျားတဲ့သူတွေ ရှိနေမယ်ဆိုရင် သင်ဟာ အမြဲတမ်းစိတ်ညစ်စရာတွေနဲ့ ကြုံနေရမှာဖြစ်လို ကြာလာရင် သင်ကိုယ်တိုင်လည်း အဲ့ဒီလို အကျင့်တွေကူးစက်လာနိုင်ပါတယ်။

သူတို့နဲ့ မပေါင်းမဖြစ်ပေါင်းနေရတယ်ဆိုရင်တောင် အတတ်နိုင်ဆုံး သူတို့နဲ့ အချိန်ဖြုန်းတာကို ရှောင်ပါ။

ဘယ်လိုနေရာထိလည်းဆိုရင် Facebook ပေါ်မှာလည်း သင့်ကို စိတ်ညစ်စေမယ့် သူတွေကို un ထားလိုက်ပါ။

ဒါ့ကြောင့် သင့်အတွက် ပိုပြီးတော့ positive ဖြစ်စေမယ့် ပတ်ဝန်းကျင်မျိုးကို တည်ဆောက်ပါ။ ရလာတဲ့ သူငယ်ချင်းကောင်းတွေကိုလည်း တန်ဖိုးထားပါ။

Add new comment

4 + 4 =