ကိုယ့်ကိုယ်ကို ချစ်ပါ

ဒီကနေ့အတွက် ကိုယ့်ကိုယ်ကို ချစ်ပါဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ကိုယ့်ကိုကိုယ် ချစ်လားလို့မေးရင်း ကျွန်တော်တို့က ချစ်တယ်လို့ ဖြေတတ်ကြတယ် ။ တကယ်တမ်းတော့ မချစ်တတ်ကြပါဘူး ။

တကယ်ဆိုရင် ကိုယ်သာလျှင် အယုံကြည်ရဆုံးမိတ်ဆွေ ၊ ကိုယ်ပြောသမျှ နားထောင်ပေးတတ်သော မိတ်ဆွေ ၊ တန်ဖိုးအထားသင့်ဆုံး မိတ်ဆွေပါ ။

ကျွန်တော်တို့က သူများတွေကို စကားကောင်းကောင်းပြောကြတယ် ၊ အမှားမပါအောင် သတိထားကြတယ် ။ သူများတွေကို ပျော်အောင်လုပ်ပေးချင်ကြတယ် ၊

သူများ ချစ်အောင်နေတယ် ။ ကိုယ့်ကိုကိုယ်ရော ပျော်နေရဲ့လား ဆိုတာ မသေချာဘူး ။

ကိုယ့်ကိုကိုယ် ကြင်နာပါ ၊ ချစ်ပါ ။ တစ်စုံတစ်ယောက်က ကိုယ့်ကို လက်မခံနိုင်တိုင်း ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာလဲ ၊ ဘာလို့ မလှဘူးလို့ ထင်နေတာလဲ ၊ အတွေးဆိုးတွေနဲ့ ဘာလို့ နှိပ်စက်နေတာလဲ ။

Dear Me လေးကို အပြစ်မရှာပါနဲ့ ။

လောကကြီးမှာ ကိုယ်ဟာတစ်ယောက်တည်း ၊ သူများနဲ့ မတူတဲ့ အတွေးမြင်တွေ ၊ အလှတရားတွေ ကိုယ့်မှာ ရှိတယ် ။ သူများတွေနဲ့ ကိုယ်က အတွေးချင်းမတူဘူး ။

ဒါကြောင့် ကိုယ့်ကို ချစ်ချင်မှချစ်မယ် ၊ လက်ခံချင်မှ လက်ခံမှာပေါ့ ။ ဒါကို ဝမ်းမနည်းရဘူး ။

လူတွေက ဘာလို့ ငါ့ကျမှ လာဖြစ်ရတာလဲ ဆိုပြီး ပြစ်တင်ဝမ်းနည်းကြတယ် ။ အမြဲတမ်း Victim စိတ်မထားပါနဲ့ ။ လောကကြီးမှာ ဘယ်တော့မှ တရားမျှတဖို့ မမျှော်လင့်ပါနဲ့ ။ တစ်ဖက်ကနိုင်ရင် တစ်ဖက်က ရှုံးရမယ် ၊ တစ်ချို့လူတွေကောင်းစားဖို့ ၊

တစ်ချို့လူတွေဟာ ပျက်စီးကြရတယ် ။ ဒါဟာ လောကဓံပဲ ။ ကိုယ်တစ်ယောက်တည်း ကြုံနေရတာမဟုတ်ပါဘူး ။ တစ်ခါငိုရတိုင်း ၊ တစ်ရာမက ပြုံးဖူးတာတွေကို ကျေးဇူးမကန်းသင့်ဘူး ။

ဟာသတစ်ခုကို နှစ်ခါပြန် မရယ်တတ်တဲ့ကိုယ်က

နာကျင်စရာတွေကိုကျ ထပ်တလဲလဲ ခံစားနေတတ်ကြတယ် ။ မတန်ပါဘူး ။

ကိုယ့်ကိုကိုယ် အပြစ်မရှာပါနဲ့ ။ ငါက ရုပ်ဆိုးလိုက်တာ ၊ အသားမဲ လိုက်တာ ၊ ဒါလေးတောင် မလုပ်နိုင်ဘူး ၊ ငါက ဦးနှောက်လဲ မကောင်းဘူး ၊ ငါက အသုံးမကျဘူးလို့ နေ့စဉ်နဲ့အမျှ အပြစ်ရှာနေကြတာပဲ ။

ဒီစိတ်ကပဲ ကိုယ့်ကို အမြဲသိမ်ငယ်စေမှာ ။ တခြားလူရဲ့ ဆိုးကွက်တွေကိုကျ လက်ခံနိုင်အောင်ကြိုးစားပြီး ၊ ကိုယ့်ကိုကိုယ်ကျ ဘာလို့ လက်မခံနိုင်ရတာလဲ ။ ကိုယ့်ဖြစ်တည်မှုကို အပြည့်ဝ ကျေနပ်လိုက်ပါ ။

လူတိုင်းက ကိုယ့်ဆီကို ခဏဝင်လာပြီး ပြန်ထွက်သွားမှာ ၊ နောက်ဆုံး ကိုယ်တစ်ယောက်တည်းကျန်ခဲ့ရမှာ ။

ကိုယ်ဝမ်းနည်းနေတဲ့အခါ ကိုယ့်မျက်ရည်တွေကို ကိုယ့်လက်မကပဲ ပြန်သုတ်ပေးရတာပါ ။ ဒီတော့ ဘယ်သူ့ကိုမှ အစွဲလမ်းမထားနဲ့ ၊ ကိုယ့်ထက်ပိုပြီး မချစ်မိစေနဲ့ ။ ကိုယ်သာလျှင် ကိုယ့်စိတ်ကို အနားလည်ပေးနိုင်ဆုံး ၊ ကိုယ်ချင်းအစာနိုင်ဆုံးပါပဲ ။

ကိုယ့်ကိုကိုယ်မှ မချစ်တတ်ရင် ဘယ်သူက လာချစ်မှာလဲ ။ အရင်ဆုံး ကိုယ့်ကိုချစ်ရတယ် ၊ တန်ဖိုးထားရတယ် ။

ကိုယ့်ကိုကိုယ် ဘယ်လိုချစ်ရမလဲ ။ သူ့တစ်ပါးကြောင့် စိတ်ပင်ပန်းနေရတာတွေကို လျော့ရမယ် ။ အပြစ်တင်တာတွေ လျော့ရမယ် ။ သူများတွေရဲ့ ထေ့ငေါ့ပြောတာတွေကို လိုက်ခံစားတာ လျော့ရမယ် ။

အိပ်ရေးဝတအိပ်ရမယ် ၊ ကျန်းမာရေး ဂရုစိုက်ရမယ် ။ ကိုယ့်ကိုကိုယ် သနားပါ ၊ ချစ်ပါ ၊ တန်ဖိုးထားပါ ။

ကိုယ့်ဟာ ရာနှုန်းပြည့် မပြည့်စုံနိုင်ဘူး ။

လောကမှာ ဘယ်သူမှ perfect မဖြစ်ကြဘူး မဟုတ်လား ။

ဒါကြောင့် ကိုယ့်ရဲ့ မပြည့်စုံမှုတွေအတွက် သိမ်ငယ်စရာမလိုပါဘူး ။

Add new comment

10 + 0 =