အရှင်ဘုရားအကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏အားနည်းသောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါ

ဖေဖော်ဝါရီလ ၂၄ ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ရှင်မာကုဧဝံဂေလိကျမ်းစာမှာ နတ်ဆိုးစွဲသောလူငယ်လေးအား တပည့်တော်ကြီးများ ထိုနတ်ဆိုးအား မနှင်ထုတ်နိုင်ခြင်းကြောင့် တပည့် တော်ကြီးတို့၏ယုံကြည်ခြင်းအားနည်းမှုအပေါ် သခင်ခရစ်တော်ပြောဆိုပြစ်တင်ခြင်းနှင့် ထိုကဲ့သို့သောနတ်ဆိုးမျိုးကို ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းဖြင့်သာ နှင်ထုတ်နိုင်ကြောင်း သခင်ခရစ်တော် သင်ကြားပေးခဲ့တာကို ကြားနာခဲ့ရတယ်။

နတ်ဆိုးစွဲခံရသောလူငယ်လေး၏ ဖခင်က ကို‌ယ်တော်တက်နိုင်လျှင် ကူညီပါလို့ ပြောခဲ့တဲ့ နေရာမှာ သခင်ခရစ်တော်က ယုံကြည်သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်လို့ပြန်လည်မိန့်ကြာခဲ့တယ်၊ အဲ့မှာ လူငယ်လေးရဲ့အဖေက အော်ဟစ်အသနားခံလျက် အရှင်ဘုရားအကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏အားနည်းသောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါ လို့ ဆိုခဲ့တယ်။

ဒီကနေ့ ထောက်ရှု့ရမယ့်အချက်ကလေးက နောက်လိုက်တပည့် တော်ကြီးတွေ၏ ယုံကြည်ခြင်းအားနည်းမှုကြောင့် တခြားသူများကပါ သခင်ခရစ်တော်အပေါ် သံသရရှိလာကြသည့်အကြောင်း ကြားနာခဲ့ရတယ်။ ကျွန်တော်တို့သခင်ခရစ်တော်ရဲ့‌ နောက်လိုက် ယုံကြည်သူဘာသာဝင်ညီကိုမောင်နှမများအနေနဲ့ ကျွန်တော်တို့ရဲ့နေထိုင်အသက်ရှင်ပုံ၊ အပြုအမူအပြောအဆိုအနေအထိုင်၊ စိတ်နေစိတ်ထား၊ တစ်ပါးသူနှင့်ပေါင်းသင်းဆက်ဆံပုံ၊ စသည့်အရာများသည် ကျွန်တော်တို့မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုဖော်ပြနေတယ် ယုံကြည်သူခရစ်ယာန်များအနေနှင့် အပြုအမူအပြောအဆိုရိုင်းစိုင်းကြမ်းတမ်းခြင်း၊ အတွင်းစိတ်ကောက်ကျစ်ယုတ်မာခြင်း၊ ကိုယ်ကျင့်တရားပျက်စီးခြင်း၊ ဘုရားတရားမရှိခြင်း၊ စသည့်အချက်တွေဟာ မိမိရဲ့ယုံကြည်ခြင်းအားနည်းမှုကိုဖော်ပြနေတယ်၊

အဲဒီအရာတွေကနေတဆင့် မိမိကိုယ်ကိုဂုဏ်သိက္ခာကျဆင်းစေသလို၊ ကျွန်တော်တို့ယုံကြည်ကိုးကွယ်နေတဲ့ သခင်ခရစ်တော်အပေါ်မှာ တစ်ပါးသူတို့၏ အမြင်စောင်းမှု၊ သံသရစိတ်များ၊ မကောင်းမြင်ခြင်းများကို ဖြစ်ပေါ်စေလိမ့်မယ်။ ယုံကြည်သူခရစ်ယာန်များအနေနှင့် မိမိတို့ယုံကြည်သည် သခင်ခရစ်တော်၏တရားတော်များနှင့် ရှင်သန်နေထိုင်ကြရမှာဖြစ်တယ်။

ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်း၊ စသည့်အရာများဟာ မိမိကိုယ်ကိုဂုဏ်သိက္ခာတိုးတက်စေသလို၊ မိမိရဲ့ယုံကြည်ခြင်းခိုင်မာမှုကို ဖော်ပြနေခြင်းဖြစ်တယ်။ ဒါ့ကြောင့် ယုံကြည်သူခရစ်ယာန်များအနေနှင့် အရှင်ဘုရားအကျွန်ုပ်ယုံကြည်ပါ၏၊ ကျွန်ုပ်၏အားနည်းသောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါ ဆိုပြီး ဘုရားရှင်ထံမှတောင်းခံခြင်းအားဖြင့် နေ့စဉ်အသက်တာကိုရှင်သန်နိုင်ကြပါစေ။။

Add new comment

13 + 3 =