သားသမီးတို့၏ အစာကိုယူ၍ ခွေးတို့အား မကြွေးသင့်

ဖေဖော်ဝါရီလ 13 ရက်

ဒီကနေ့ ဖေဖော်ဝါရီလ 13 ရက် ပထမကျမ်းစာမှာ ဘာသာမဲ့များ နှင့် ရုပ်တုဆင်းတု နတ်ဘုရားကိုးကွယ်သူတို့၏ လွှမ်းမိုးခံရမှု၊ ဆောလမုန်မင်းကြီး၏ ရွေးချယ်မှု မှားယွင်ခဲ့မှုကြောင့် ဘုရားနှင့်ဝေးကွာရခြင်း၊ ကျေးဇူးတော်များ ဆုံးရှုံးရခြင်း အကြောင်း နှင့် ရှင်မာကု ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်က သားသမီးတို့၏ အစာကိုယူ၍ ခွေးတို့အား မကြွေးသင့်ကြောင်း ဂျူးမဟုတ်သူ အမျိုး သမီးကို ပြောဆိုခဲ့တာကို ကြားနာခဲ့ရတယ်။

ဒီကနေ့ယုံကြည်သူတွေထောက်ရှုရမည့်အချက်က ပထမကျမ်းစာမှာ ဆောလမုန်မင်းကြီး မှားယွင်းသောပတ်ဝန်းကျင်လွှမ်းမိုးမှုကြောင့် ဘုရားသခင်ထံမှလမ်းလွဲသွားခဲ့ရသည့်အကြောင်း၊ သို့သော်လည်း ယုံကြည်သူတွေသတိရှိရမှာက ပတ်ဝန်းကျင်၏လွှမ်းမိုးမှု မည်မျှပင်ကြီးမားနေပါစေ မိမိကိုယ်တိုင်၏ရွေးချယ်မှုကသာအဓိကဖြစ်ကြောင်း၊ မိမိ၏ရွေးချယ်မှုအပေါ်မိမိကိုယ်တိုင် တာဝန်ယူရမည်သာဖြစ်ကြောင်း နားလည်ထားရမယ်။

ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်က သားသမီးတို့၏ အစာကိုယူ၍ ခွေးတို့အား မကြွေးသင့်ကြောင်း ဂျူးမဟုတ်သူ အမျိုး သမီးကို ပြောဆိုခဲ့တယ် ဒါပေမဲ့ ဒီနေရာမှာ ထိုအမျိုးသမီးရဲ့ ကြီးမားတဲ့ဇွဲလုံးလ၊ ကြီးမားတဲ့နှိမ့်ချခြင်းအပြည့်နဲ့ ပြန်ပြောခဲ့တဲ့စကားက မှန်ပါ၏အရှင်သခင်၊ သို့ရာတွင် စားပွဲအောက်မှခွေးတို့ပင်လျှင် သားသမီးတို့ထံမှ မုန့်အစအနများကိုစားကြရပါသေးသည် လို့ ပြန်လျှောက်ခဲ့တယ်။

သူ့သမီးလေး နတ်ဆိုးပူးကပ်ခံရမူ့က လွတ်မြောက်ဖို့ ဘယ်လိုကြမ်းတမ်းတဲ့စကားလုံးမျိုးပဲဖြစ်ဖြစ် နာခံခြင်း နှိမ့်ချခြင်းအပြည့်နဲ့ သူမလက်ခံခဲ့တယ်၊ သူမရဲ့ ချစ်ခြင်းမေတ္တာကြီးမားမူ့ နှိမ့်ချခြင်းကြီးမာမူ့၊ ဇွဲလုံးလရှိမှုတွေက သခင်ခရစ်တော်ရဲ့ ပြင်းထန်သော ငြင်းဆိုမှုတွေကို ကျော်လွှားသွားနိုင်ခဲ့တယ်။

သခင်ခရစ်တော်၏သနားကြင်နာမှုသည် ကြီးမားသောယုံကြည်ခြင်း၊ နှိမ့်ချခြင်းနှင့် ဇွဲလုံးလအပြည့်အဝဖြင့်တောင်းခံသူတိုင်း ရရှိနိုင်မည့်ဆိုတာကိုဖော်ပြလိုက်ခြင်းပါပဲ။ တစ်ခါတစ်ရံမှာ ပြင်းထန်စွာနာကျင်ခံစားရသော အတွေ့အကြုံများဟာ ဘုရားသခင်ကျွန်တော်တို့၏ ယုံကြည်ခြင်း၊ နှိမ့်ချခြင်းနှင့် ပြင်းထန်သောဇွဲလုံးလတို့ကိုစမ်းသပ်နေခြင်းဖြစ်ကြောင်း သတိရှိကြရမယ်။

 ကြီးမားသောသည်းခံခြင်း နှိမ့်ချခြင်းသည် သခင်ခရစ်တော်၏နှလုံးသားကိုတို့ထိနိုင်ကြောင်း ဓမ္မမိတ်ဆွေများသိရှိခံစားကြရပါစေ။

By Kyi Maung

Add new comment

6 + 1 =