သခင်ခရစ်တော် သင့်ကိုအသုံးပြုရန်ခေါ်တော်မူသောအခါ ကျွန်ုပ်အသင့်ရှိပါသည်ဟု ပြောဆိုနိုင်သူများ ဖြစ်ကြပါစေ

ဖေဖော်ဝါရီလ ၂၉ ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၉ ရက် ရှင်လုကာ ဧဝံဂေလိကျမ်းမှာ လေဝိ အမည်ရှိသော အခွန်ခံတစ်ယောက်ကို ခေါ်တော်မူသည့်အကြောင်း၊ သူ၏ အိမ်မှာ အခြားသောအခွန်ခံသူများနှင့်အတူ စား‌သောက်သည့်အကြောင်း၊ အပြစ်သားများနှင့်အတူ စားသောက်ခြင်းအပေါ် ဖာရီဇေဦးများနှင့် ကျမ်းတတ်ဆရာများက ပြစ်တင်ဝေဖန်ကြတဲ့အကြောင်း၊ ယေဇူးကလည်း ကျန်းမာသောသူတို့သည်ဆေးဆရာကိုမလိုအပ်ပေ၊ ဖျားနာသောသူတို့မူကားလိုအပ်၏၊ ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုနောင်တရ စေရန်သာငါလာခြင်းဖြစ်သည်ဟု မိန့်တော်မူခဲ့တာကိုကျွန်တော်တို့ကြားခဲ့ရတယ်။

သခင်ခရစ်တော်က သူ့ရဲ့စီမံကိန်းတော်မှာ မည်သူကိုမဆိုအသုံးပြုတယ် လူသားအယောက်တိုင်းဆီကို သူ့ရဲ့ဖြစ်တည်မှုအတိုင်း လက်ခံခေါ်ယူအသုံးချသူဖြစ်တယ်။

လူအများက အပြစ်သားဟုသတ်မှတ်ထားသည့် အခွန်ခံသူကို သူ့ရဲ့နောက်လိုက်တစ်ဦးအဖြစ် ခေါ်ယူအသုံးပြုခဲ့တယ်။ ကျမ်းတတ်ဆရာ ဖာရီဇေဦးတွေက အပြစ်သားတွေနဲ့ ရောထွေးနေထိုင်လျှင် နာမည်ပျက်မှာ၊ အပြစ်တင်ခံရမှာ ကြောက်ကြတယ်။ ဒီကနေ့သခင်ခရစ်တော်က အ ယောက်တိုင်းစီကိုခေါ်နေတယ်၊ ဘုရားနှင့်ပေါင်းစပ်ခြင်းကြောင့် ကျွန်တော်တို့ဘဝတွေသာ တိုးတက်ကောင်းမွန်လာစေမှာပါ၊ ကျွန်တော်တို့လုပ်ဆောင်ရမှာက မိမိအပြစ်အနာအဆာ၊ အားနည်းချက်တစ်အတွက်၊ စိုးရိမ်ပူပန်နေဖို့မဟုတ်ဘူး သခင်ခရစ်တော်ပေါ်မှာအပြည့်အဝယုံကြည်စွာ သူ့နောက်ကိုလိုက်ဖို့သာဖြစ်တယ်။

ပတ်ဝန်းကျင်က မိမိကိုဘယ်လိုပဲစွန့်ပစ်နေကြပါစေ၊ ကျွန်တော်တို့ သတိရ ရမှာက ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုနောင်တရ စေရန်သာငါလာခြင်းဖြစ်တယ် ဆိုတဲ့ စကားပါပဲ။ သခင်ခရစ်တော်ခေါ်တဲ့အချိန်မှာ ပြည့်ဝသောယုံကြည်ခြင်း၊ ခိုင်မာသောဆုံးဖြတ်ချက်များဖြင့်၊ မိမိဘဝကိုအသစ်ပြုပြင်ပြောင်းလဲကာ၊ ဘုရားရဲ့နောက်လိုက်၊ ချစ်ခြင်း မေတ္တာအသက်တာ၊ နောင်တရခြင်းအသက်တာတို့ဖြင့် လိုက်နာဆောင်ရွက်ရမည်သာဖြစ်တယ်။

သခင်ခရစ်တော် သင့်ကိုအသုံးပြုရန်ခေါ်တော်မူသောအခါ ကျွန်ုပ်အသင့်ရှိပါသည်ဟု ပြောဆိုနိုင်သူများ ဖြစ်ကြပါစေ။ ။

Add new comment

5 + 0 =