သခင်ခရစ်တော် ရှင်ပေတရုကို ပေးခဲသည့်အရာက ပါဝါ၊ အာဏာ၊ ရာထူး၊ ဂုဏ်သိက္ခာ တွေ မဟုတ်ဘူး အစေခံခြင်းအမှုသာဖြစ်တယ်

ဖေဖော်ဝါရီလ 22 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ 22 ရက် ရှင်မာတေးဦး ဧဝံဂေလိကျမ်းစာမှာ စီမွန်ပေတရုက ကိုယ်တော်သည်အသက်ရှင်တော်မူသည့်ဘုရားသခင်၏ သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်ဟုလျှောက်တင်ခြင်း၊ သခင်ခရစ်တော်က သင့်အား ငါဆိုသည်မှာ သင်သည်ပေတရုဖြစ်၏ ဤကျောက်ပေါ်တွင် ငါ၏အသင်းတော်ကိုငါတည်ဆောက်မည် ဟု့ မိန့်ကြားခဲ့တာလေး ကို ထောက်ရှု့ကြည့်ကြပါစို့။ ။

ဒီကနေ့ထောက်ရှုရမည့်ကျမ်းချက်က အဖခမည်းတော်ဘုရား၏စီမံကိန်းတော်၊ သခင်ခရစ်တော်၏ လူသားအားလုံးကယ်တင်ခြင်းရရှိရေးလုပ်ငန်း၊ လူ့လောကသားတို့အကြား ကောင်းကင်နိုင်ငံတော်တည်ဆောက်ခြင်းအမှုကို ဆက်လက်လုပ်ဆောင်သွားရန် ဘုရားရှင်နှင့်လူသားအားလုံးကို အစေခံခြင်းအမှုအတွက် ရှင်ပေတရုကို အဖခမည်းတော်ဘုရားကိုယ်တော်တိုင် ရွေးချယ်ပေးခဲ့တယ်၊ အဖခမည်းတော် ရွေးချယ်ပေးခဲ့တဲ့ သူကို သခင်ခရစ်တော်က ခန့်အပ်ပေးခဲ့ခြင်းဖြစ်တယ်။

သခင်ခရစ်တော် ရှင်ပေတရုကို ပေးခဲသည့်အရာက ပါဝါ၊ အာဏာ၊ ရာထူး၊ ဂုဏ်သိက္ခာ တွေ မဟုတ်ဘူး အစေခံခြင်းအမှုသာဖြစ်တယ်။

ရှင်မာကု ဧဝံဂေလိ ကျမ်း အခန်းကြီး ၈:၃၄ မှာ ငါ၏နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်စေ။ မိမိ၏လက်ဝါးကပ်တိုင်ကိုလည်းထမ်း၍ငါ၏နောက်သို့လိုက်စေ။

တဖန် ရှင်မာကု ဧဝံဂေလိ ကျမ်း အခန်းကြီး ၁၀:၄၂-၄၄ မှာ လူမျိုးခြားတို့အပေါ်အုပ်စိုးကြရသည့်ဘုရင်များသည် သူတို့အပေါ်အစိုးတရပြုတက်ကြ၍ သူတို့၏အကြီးအကဲများသည်လည်း သူတို့အပေါ်၌ သြဇာအာဏာ ပြတတ်ကြသည်ကိုသင်တို့သိကြ၏။ သင်တို့၌မူကားထိုသို့မဖြစ်စေရ။ သင်တို့တွင်အကြီးဆုံးဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင်ထမဦးဆုံးဖြစ်လိုသောသူသည် အားလုံး၏ ကျွန်ဖြစ်ရမည် လို့ သခင်ခရစ်တော် တိကျ ရှင်းလင်းစွာ မိန့်ကြားခဲ့တယ်။။

သခင်ခရစ်တော်ရဲ့ လမ်းစဉ်က၊ အစေခံခြင်း၊ အနစ်နာခံခြင်း၊ ကယ်တင်ပေးခြင်း၊ ချစ်ခြင်း မေတ္တာပြသခြင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ အမှန်တရားကိုပြောဆိုခြင်း၊ ငြိမ်းချမ်းရေးကိုတည်ဆောက်ခြင်း၊ စည်းလုံးညီညွတ်စေချင်၊ လူ့လောကကြားတွင် ချစ်ခြင်း မေတ္တာနိုင်ငံတော်တည်ဆောက်ခြင်း၊ စသည့် ကောင်းမွန်သော အရာများသာဖြစ်တယ် ရာထူးဂုဏ်သိက္ခာ၊ပါဝါအာဏာ၊ တွေကို ပေးခဲ့တာမဟုတ်ပါဘူး ဒါ့ကြောင့် သခင်ခရစ်တော်၏ နောက်လိုက်များဖြစ်ကြသည့်ကျွန်ုပ်တို့တစ်တွေသည်လည်း သခင်ခရစ်တော်၏နောက်ကိုလိုက်နာကြသည့် သာသနာ့အမှုတော်ဆောင်များ၊ မိမိသည် မည်သို့သောရာထူး၊ မည်သို့သောနေရာတွင်ရှိနေပါစေ၊ သခင်ခရစ်တော် စေခိုင်းသောအလုပ်သည် အနစ်နာခံပေးဆပ်၊ အ‌စေခံသောအလုပ်သာဖြစ်ကြောင်း၊ အမြဲသတိရှိကြရမယ်။

ရာထူးဂုဏ်သိက္ခာ၊ ဂုဏ်ရှိန်အာဏာပါဝါ၊ သက်တောင့်သက်သာ၊ လောကပစ္စည်းဥစ္စာ တွေအပေါ်မှာ ရမက်စိတ်များဖြစ်ပေါ်နေပြီဆိုလျှင် သခင်ခရစ်တော်၏လမ်းစဉ်နဲ့ လွဲမှားနေပြီဆိုတာကိုသတိရှိကြရမယ်။ ဒါ့ကြောင့် ပေးဆပ်အနစ်နာခံ၊ စွန့်လွှတ်သည့် အစေခံကောင်းများ ဖြစ်နိုင်ကြပါစေ။

Add new comment

6 + 11 =