သခင်ခရစ်တော်က ငါ ၏နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်စေ။ မိမိ၏ လက်ဝါးကပ်တိုင်ကိုလည်းထမ်း၍ ငါ၏နောက်သို့လိုက်စေ

ဖေဖော်ဝါရီလ 21 ရက်

ဓမ္မမိတ်ဆွေတို့ ဖေဖော်ဝါရီလ 21 ရက် ရှင်မာကု၏ ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်က ငါ ၏နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်စေ။ မိမိ၏ လက်ဝါးကပ်တိုင်ကိုလည်းထမ်း၍ ငါ၏နောက်သို့လိုက်စေ ဟူ၍ကျွန်တော်တို့ကြားနာခဲ့ရတယ်။

သခင်ခရစ်တော်က သူ၏နောက် လိုက်တစ်ယောက်ဖြစ်ရန် မိမိကိုယ်ကိုငြင်းပယ်ခြင်း၊ မိမိလက်ဝါးကပ်တိုင်ကိုထမ်းခြင်း၊ သခင်ခရစ်တော် ၏ နောက်သို့လိုက်ခြင်း စသည့်လိုအပ် ချက်သုံးခုကိုဒီကနေ့ ဧဝံဂေလိကျမ်း စာက ထောက်ရှုဖို့ ညွှန်ကြားပေးနေတယ်။

ပထမတစ်ချက်အနေနှင့် မိမိကိုယ်ကိုငြင်းပယ်ခြင်း ဆိုတဲ့နေရာမှာ

၁။ သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီဖြင့် မကောင်းသောအကြံအစည်များနှင့် စွဲလန်းမှုများကို မိမိနှလုံးသားမှ ဖယ်ရှားသန့်စင်ပစ်ခြင်း။

၂။ မိမိ၏နှလုံးသားထဲမှာ သခင်ခရစ်တော်ကို အုပ်စိုးစီမံ စေသူအဖြစ် မိမိဘဝတခုလုံးကိုပေးဆပ်ဆက်ကပ်လိုက်ခြင်း။

၃။ ဘုရားရှင်၏ဘုန်းတော်ထင်ရှားစေရန်အတွက် ကိုယ်နှင့်နီးစပ်သူအား ကိုယ်ကျိုးမဖက် ချစ်ခြင်းမြစ်တာဖြင့်စေခိုင်းခြင်း၌ မိမိဘဝတခုလုံးကို ဘုရားရှင်ထံမှာဒူးထောက်ဆက်ကပ်လိုက်ခြင်းတို့ဖြစ်တယ်။ ဒီအချက်တွေဟာ မိမိကိုယ်ကိုငြင်းပယ်ပြီး ဘုရားရှင်ရဲ့အလိုကိုလိုက်နာရမယ့်အချက်ပေးဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ မိမိလက်ဝါးကပ်တိုင်ကိုထမ်းခြင်း ဆိုတဲ့နေရာမှာ မကောင်းသောစိတ်သဘောထားများကိုထိန်းချုပ်ရခြင်း၊ ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့ခံစားနေရသည့် ဆင်းရဲဒုက္ခဝေဒနာများကို ကျေနပ်စွာလက်ခံနေရုံသာမက၊ မိမိပတ်ဝန်းကျင်တွင် ဆာလောင်နေသူများ၊ ဒုက္ခရောက်နေသူများ၊ မတရားဖိနှိပ်ခံနေရသူများ၊ စသည့် သူတပါးအကျိုး‌ ကောင်မှုကုသိုလ်များလုပ်ဆောင်ခြင်းအမှုတို့၌လည်း တွေ့ကြုံခံစားရသည့် ဒုက္ခအခက်အခဲများကို လက်ခံကြိုဆိုခြင်း ယင်းဒုက္ခအခက်အခဲများကို သခင်ခရစ်တော်နှင့်အတူထမ်းဆောင်ခြင်း ဘုရားကိုချစ်လို့၊ တစ်ပါးသူကိုပျော်ရွှင်စွာအစေခံခြင်း တို့ကို ဆိုလိုခြင်းဖြစ်တယ်။

တတိယအချက်အနေနဲ့ သခင်ခရစ်တော်နောက်သို့လိုက်ခြင်း ဆိုတဲ့နေရာမှာ သခင်ခရစ်တော်၏အလိုတော်ဖြစ်သည် သူနှင့်ပေါင်းစပ်ခြင်း၊ တစ်ပါးသူကိုချစ်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ နားလည်မှုပေးခြင်း၊ နှိမ့်ချစွာသက်ရှင်နေထိုင်ခြင်း၊ ငြိမ်းချမ်းခြင်းစည်းလုံးခြင်းကိုမြတ်နိုးခြင်း၊ တစ်ပါးသူကိုပျော်ရွှင်မှုပေးခြင်း စသည့်အသက်ရှင်မှုများနှင့် မိမိဘဝအသက်တာတစ်ခုလုံးကို သခင်ခရစ်တော်နှင့်အတူလျှောက်လှမ်းခြင်းကို ဆိုလိုခြင်းဖြစ်တယ်။။

သခင်ခရစ်တော်နောက်ကိုလိုက်သူများသည် ထာဝရအသက်ကိုရရှိမည်ဖြစ်ပြီး၊ မိမိအလိုဆန္ဒနောက်သာလိုက် သောသူတို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ရောက်လိမ့်မည်။

မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိလက်ဝါးကပ်တိုင်ကိုထမ်းကာ သခင်ခရစ်တော် ၏ နောက်သို့လိုက်နိုင်ကြပါစေ။ ။

by Kyi Maung 

Add new comment

16 + 3 =