ဘုရားရှင်၏ကျေးဇူးတော်သည် သင့်ဘဝကိုယ်ဦးဆောင်လမ်းပြပါစေ

ဖေဖော်ဝါရီလ ၂၇ ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက် ဝါတွင်းကာလ ပထမ ကြာသပတေး နေ့ ရှင်လုကားဧဝံဂေလိ ကျမ်းစာမှာ ခရစ်တော်က ရဟန်းအကြီးအကဲတို့၏ ငြင်းပယ်ခံရမည့်အကြောင်း ပြင်းထန်စွာဒုက္ခဝေဒနာခံစားရမည့်အကြောင်း အသေခံပြီးသုံးရက်မြောက်နေ့တွင်ပြန်လည်ရှင်ပြန်မည့်ကြောင်း၊ သူ့ရဲ့နောက်ကိုလိုက်လိုသောသူတို့သည် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိလက်ဝါကပ်တိုင်းကို ကိုယ်တိုင်ထမ်းကာနေ့စဉ် သူ၏နောက်ကိုလိုက်ဖို့ ညွှန်ကြားခဲ့တာကိုကျွန်တော်တို့ကြားနာနေရတယ်။

ဆက်လက်ပြီး ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရသောလည်း၊ မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။

ဒီကနေ့ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်လိုသောသူတွေဟာ ကိုယ်ကျိုးစွန့်အနစ်နာခံမှုအတွက် အသင့်ဖြစ်နေသူတွေဖြစ်ရမယ်၊ ဝါတွင်းကာလဟာလည်း မိမိ ကိုယ်ကိုငြင်းပယ်ကာလတစ်ခုဖြစ်တယ်။ သခင်ခရစ်တော်ရဲ့နောက်ကို ပိုမိုနီးကပ်စွာလိုက်နိုင်ရန် ကျွန်ုပ်တို့ဘဝရဲ့ မကောင်းမှုအလေ့အကျင့်အ လေ့အထတွေကို ဖယ်ရှားပြစ်ရမယ်၊ ပြောင်းလဲပြစ်ရမယ်၊ တချိန်ထဲမှာပဲ သည်းခံခြင်းခွင့်လွတ်ခြင်းနားလည်ပေးခြင်းနှိမ့်ချခြင်းတွေကို မိမိဘဝမှရှင်သန်နေထိုင်နေရမယ်။

မိမိကိုယ်ကိုဆန်းစစ်ကြည့်ပါ ဘယ်အရာတွေကငါ့ကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်း၊ ချစ်ခြင်းမေတ္တာ၊ နှိမ့်ချခြင်းတွေနဲ့ ပိုမိုးဝေးကွာစေသလဲ၊ ကောင်းမြတ်မှုတွေနဲ့ဝေးကွာစေတဲ့အရာတွေ မိမိဘဝထဲမှာရှိနေသလား။ အဲဒီမကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ကိလေသာ မကောင်းတဲ့အလိုဆန္ဒတွေ ဒီအရာတွေကိုငြင်းပယ်ကြရမယ် ဒါဟာဘုရားရှင်တွက်ကိုယ့်ကိုယ်ကိုယ်အနစ်နာခံခြင်းပါပဲ။ လောကလိုခြင်တပ်မယ့်တဲ့အရာတွေ အပြည့်အဝရှိနေပြီး၊ ကောင်းမှုကုသိုလ် ဆုံးရှုံးနေလျင် လောကမှအသက်ရှင်နေထိုင်မှုဟာ မကောင်းတာလုပ်ဖို့လာရောက်အသက်ရှင်နေသလိုပါပဲ။

ဒါ့ကြောင့်ယုံကြည်ဘာသာဝင်များအနေနှင့် ကောင်းမှုကုသိုလ်အတွက်၊ ဘုရားရှင်အတွက် မိမိဘဝကိုအနစ်နာခံ ခြိုးခြံချုပ်တည်းပြီး ကောင်းမွန်သောအသက်တာ၊ ချစ်ခြင်း‌မေတ္တာပြည့်ဝသောအသက်တာ၊ နှိမ့်ချခြင်းပါရမီပြည့်ဝသောအသက်တာတို့ဖြင့် ရှင်သန်နေထိုင်ကြရမယ်။ ဝါတွင်းကာလတစ်လျှောက်လုံး ဘုရားရှင်၏ကျေးဇူးတော်သည် သင့်ဘဝကိုယ်ဦးဆောင်လမ်းပြပါစေ။။

Add new comment

1 + 1 =