Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပဥ္စမသီတင်းပတ် စနေနေ့ သြဝါဒ ၁၃၊ ၅၊ ၂၀၂၃
မေလ ၁၃ ရက် (စနေနေ့)
ဒီယနေ့ကြားနာရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးက ကျွနု်ပ်တို့ကို သတိပေးနေတာတစ်ခုရှိပါတယ်။
လောကကြီးက မင်းတို့ကို မုန်းတီးတယ်ဆိုရင် ငါ့ကို အရင်မုန်းတီးခဲ့ကြတယ်ဆိုတာကို သိထားပါ၊ ငါ့ကို
ညှင်းပမ်း နှိပ်စက်ရင် မင်းတို့ကိုလည်း ညှင်းဆဲကြမှာပဲ တဲ့။ လောကဆိုတဲ့အရာက ဘာကိုပြောချင်တာလဲ။
ကျမ်းစာမှာ အနက် ဖွင့်ထားတာကတော့ လောကဆိုတဲ့ စကားလုံးက ဘုရားနဲ့ သူစိမ်းဆန် မရင်းနှီးဘဲ
ဆန့်ကျင်နေတဲ့ အသိုင်းဝိုင်းပတ်ဝန်း ကျင်ကို ပြောခြင်းဖြစ်ပါတယ်။ ညှင်းပမ်းနှိပ်စက်ခြင်းဆိုတာကလည်း
ခရစ်တော်ရဲ့ တပည့်တော်ကြီးတွေ တရားဟောရင်း ကြုံတွေ့ရမယ့် ဒုက္ခအခက်ခဲတွေကို ကြိုတင်မိန့်မြွက်
ခြင်းဖြစ်တယ်။ လောကကြီးက ခရစ်တော်ကို လက်မခံသလို သူ့နောက်လိုက်တပည့်တော်တွေကိုလည်း
လောကကြီးက ကြိုဆိုမှာ မဟုတ်ဘူး။ ဒုက္ခဝေဒနာခံထမ်းရခြင်းဆိုတာ လူ့သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ။
ခရစ်တော်နှင့်ရှင်သန်တဲ့ဘဝဟာ နှင်းဆီ မွေ့ယာမဟုတ်ဘူး။ ဒါကြောင့် လွယ်ကူပြီး အမြဲတမ်းအဆင်ပြေနေ
မယ့်ဘဝကို ဆုတောင်းနေလို့မရဘူး။ ဒုက္ခအခက်ခဲကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ခွန်အားကိုပဲ တောင်းခံရမှာ။
ဒီလို လူအများရဲ့ မုန်းတီးခြင်းကိုခံရတဲ့အခါ မတရားညှင်းပမ်းနှိပ်စက် ခံရတဲ့အခါ ဘုရားကို ပြန်မေးကြည့်ပါ။
ဘာလို့ဒီလိုဖြစ်ရတာလဲ။ အကောင်းကိုပြုပါလျှက် အမုန်းခံရတာ၊ စေတနာတွေ ထားပါလျှက် ဝေဒနာတွေ
ပြန်ရရှိတာ။ မတန်လိုက်တာ လို့ ခံစားမိကောင်း ခံစားရနိုင်ပါတယ်။ ဘာလို့လဲဆို လူတိုင်းက အသိမှတ်ပြု
တာခံချင်ကြတယ်။ လူအများလက်ခံပေးတာကို လိုချင်ကြတာပဲ။ ဒီနေရာမှာ လူအများဆိုတဲ့စကားလုံးကို
သတိထားကြည့်။ ကျနော်တို့ လူတော်တော်များများက ဘဝမှာ သူများကို ကျေနပ်စေဖို့ လိုက်လုပ်ပေးတာ
တွေနဲ့ အချိန်တွေကုန်ကြတယ်။ အမုန်းမခံလိုဘူး။ မဖြစ်သင့်တာလည်း မပြောဘူး။ အမှန်တရားလည်း
မထောက်ပြဘူး။ နေသာသလိုနေရင်း ဘဝတွေက အဓိပ္ပါယ်တွေမဲ့လာတယ်။ သူများကို ကျေနပ်စေဖို့
တစ်ခုနဲ့ပဲ လိုက်လုပ်ပေးနေလို့မရဘူး။ ဘုရားရဲ့တရားက အမှန်တရားပဲ။ ခါးသည်းတယ်။ လူအများမကြိုက်
ဘူး။ ပြောရင်မုန်းမယ်။ တဖြေးဖြေးနဲ့ အဲ့ဒီအသိုင်းဝိုင်း ကနေ ပယ်ထုတ်ပစ်လိုက်မယ်။ လောက က
မုန်းတီးတယ်ဆိုတာ အဲ့ဒါပဲ။ ဘုရားရဲ့ အလိုတော် တရားတော်တွေနဲ့ သွေဖီ ပြီး အသားကျနေတဲ့ အသိုင်း
ဝိုင်းက ဘုရားရဲ့တရားကိုကျင့်ကြံတဲ့သူမှန်သမျှကို မုန်းမှာပဲ။ အဲ့ဒီတော့ ကြားနေဆိုတာ မရှိတော့ဘူး။
ဘုရားရဲ့တရားကိုလက်ခံပြီး မုန်းတီးတာကိုခံမလား။ ဒါမှမဟုတ် လူအများရဲ့လက်ခံခြင်းကို သာယာပြီး
ဘုရားနဲ့ ဆန့်ကျင်ဖက်မှာနေမှာလား။ ဒါတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲဆိုင်တယ်။ ဒီလောက ကပေးတဲ့
လုံခြုံမှုထက် ဘုရားပေးတဲ့ လုံခြုံခြင်းက စိတ်နှလုံးသား ဝိညာဉ် သိက္ခာတွေထိ လုံခြုံတယ်။ ဒီလောက
ကပေးတဲ့ ငြိမ်းချမ်းမှုထက် ဘုရား ပေးတဲ့ ငြိမ်သက်ခြင်းက တည်ငြိမ်ပြီး ဟန်ချက်ညီတဲ့ဘဝကို ပိုင်ဆိုင်
စေတယ်။
ဒီနေ့ကျမ်းစာက သတိပေးနေသလို စိန်ခေါ်မှုလည်းပါတယ်။ ရှေးဦးခရစ်ယာန်တွေဆိုလည်း ကွဲပြားမှုတွေ၊
အထင်လွဲခြင်းတွေ၊ ညှင်းပမ်းနှိပ်စက်ခြင်းတွေ၊ မုန်းတီးခြင်းတွေကြားက ယုံကြည်ခြင်းကို သက်သေထူခဲ့
တယ်။ သူတို့ထား တဲ့ စံနှုန်းက လောကရဲ့ စံနှုန်းမဟုတ်ဘူး။ ခရစ်တော်ရဲ့ စံနှုန်းတွေကို တန်ဖိုးထားခဲ့ကြ
တာ။ လောကထဲမှာနေပေမဲ့ လောကနဲ့ မဆိုင် လို့ ခရစ်တော်ပြောခဲ့သလို သူတို့နဲ့ဆိုင်တာက
ဘုရားသခင်ပဲ။ ဘုရားသခင်က ကျွနု်ပ်တို့ကိုပိုင်တယ်။ ကျွန်ုပ်တို့က ဘုရားနဲ့ဆိုင်တယ်။ ဒီနေ့ကျင်းပတဲ့
ဖာတီမာမြို့မှာ ထင်ရှားပြတဲ့ အမိမယ်တော်ကလည်း ကလေး သုံးယောက် ကို ဒီလောကရဲ့ လမ်းစဉ်
အတိုင်း မဟုတ်ဘဲ ဘုရားရဲ့လမ်းစဉ်အတိုင်း လိုက်လျှောက်လှမ်းကြဖို့ သတိပေးတယ်။ လောကနဲ့ မဆိုင်
ကောင်းကင်နဲ့သာဆိုင်ကြောင်း မယ်တော်က ကျွနု်ပ်တို့ကို သတိပေးနေတာကို နှလုံးသွင်းရင်း ဘုရားရဲ့
လမ်းစဉ်အတိုင်း လိုက်လျှောက်နိုင်ကြသူတွေဖြစ်အောင် ကြိုးစားအားထုတ်ကြပါစို့။
Add new comment