ဖာသာရ် Paschal သီကိုရှင်း (SDB) ဝါတွင်းတတိယသီတင်းပတ် တနင်္လာနေ့ သြဝါဒ ၁၃၊ ၃၊ ၂၀၂၃

မတ်လ (၁၃) ရက်နေ့၊ တနင်္လာနေ့ ဒီယနေ့ ဧဝံဂေလိကျမ်းစာထဲမှာ ခရစ်တော်ဟာ မိမိရဲ့ နေရင်းအရပ် ဇာတိမြေမှာ မျက်နှာသာ မရတဲ့အကြောင်း ကြားနာရပါတယ်။ နေရာအနှံ့မှာ အံ့ဖွယ်တန်ခိုးလက္ခဏာတွေ အမျိုးမျိုးပြုလုပ်ခဲ့ပေမဲ့ ကိုယ့်ရပ်ကိုယ့်ရွာမှာတော့ ဘာတန်ခိုး လက္ခဏာမှ မပြုလုပ်ခဲ့ ပါဘူး။ ဘုရားရှင်ရဲ့ဘဝက သေချာစဉ်းစားကြည့်ရင် အကြိမ်ကြိမ်ငြင်းပယ်ခံရတဲ့ဘဝပါပဲ။ လူကို ဖန်ဆင်းလိုက်ပြီဆိုကတည်းက ဖန်ဆင်းခံ လူသားက ဖန်ဆင်းရှင်ကို ငြင်းဆန်တယ်။ ရွေးကောက်ခံလူမျိုးတော်က သူတို့ကို ကျွန်ဘဝမှ ကယ်နှုတ်ခဲ့တဲ့ ဘုရားရှင် ကို ငြင်းဆန်ကြတယ်။ ပရောဖက်ဟောရှေကျမ်းမှာဆိုရင် ဘုရားရှင်က ပရောဖက်ဟိုဆီယားကို ပြည့်တန်ဆာမနဲ့လက်ထပ်ခိုင်း တယ်။ ပြည့်တန်ဆာမက အကြိမ်ကြိမ်ပရောဖက်ဟိုဆီယားကို ထားရစ်ပြီး သစ္စာဖောက်ပြန်ခဲ့တယ်။ ဘုရားပေးတဲ့ မယားလေးကို မယူချင်တော့ကြောင်း ငြင်းဆန်လျှောက်တင်တဲ့အခါ ဘုရားရှင်က ပြန်ပြောတယ်။ ငါ့ရဲ့ လူမျိုးတွေက မင်းရဲ့ပြည့်တန်ဆာမလိုပဲ ငါ့အပေါ်မှာ အကြိမ်ကြိမ်သစ္စာဖောက်တယ်။ ငါ့ကို ငြင်းဆန်ကြတယ် ဆိုပြီး လူတွေက ဘုရားကို သွေဖီငြင်းဆန်တဲ့အကြောင် း ပြည့်တန်ဆာနဲ့ ခိုင်းနှှိုင်းပြီးတောင် ရှင်းပြခဲ့ရတယ်။ ဒီလောက်ငြင်းဆန်ခံရတဲ့ဘုရားက အကြိမ်ကြိမ်အခါခါ ငြင်းလည်း အကြိမ်ကြိမ်အခါခါ လူတွေဆီချဉ်းကပ် တယ်။ နောက်ဆုံး လူ့ဇာတိကို ခံယူပြီး ဆင်းလာတဲ့အခါမှာတောင် မီးဖွားဖို့ နေရာမရှိ ကြောင်း မမွေးခင်ကတည်းက ငြင်းပယ်ခံရပြန်တယ်။ ငြင်းပယ်ခံရတဲ့ကိုယ်တော့်ဘဝဟာ ကားစင်ပေါ်မှာ အသက်စွန့်တဲ့အထိ လူအများရဲ့ ငြင်းပယ်ခြင်း ကို ခံခဲ့ရတယ်။ အထူးသဖြင့် ကိုယ့်ရပ် ကိုယ်ရွာက လူတွေက အထင်မကြီးဘဲ ငြင်းပယ်ခံရတာက ခံရအခက်ဆုံးပါပဲ။ ဒီနေ့ ဧဝံဂေလိကျမ်းစာထဲမှာ လူတွေက ကိုယ်တော့်ကို အထင်သေးစွာနဲ့ သရော်ကြတယ်။ ငြင်းဆိုကြတယ်။ အထင်ကြီးစရာ မရှိတဲ့ မိသားစု အသိုင်းဝိုင်းကို အခြေခံပြီး သခင်ယေဇူးပြောတဲ့စကားတွေ၊ လုပ်ရပ်တွေကို လက်မခံနိုင်ဘဲ တောင်ထိပ်စွန်းကနေ တွန်းချဖို့အထိတောင်ဖြစ်လာတယ်။ ကိုယ်တော်ကပြောတဲ့စကားထဲမှာ လူ နှစ်ယောက်ကို ဥပမာပေးခဲ့တယ်။ ပထမတစ်ယောက် ပရောဖက်ဧလိယ။ သူ့လက်ထပ်မှ ာ တိုင်းပြည်ဟာ အစာရေစာခေါင်းပါးငတ်မွတ်တဲ့ဘေးဆိုက်ရောက်တဲ့အခါ အီစ္စရာအဲလ်ပြည်မှာ မုဆိုးမတွေ အများကြီးရှိနေ တယ်။ ဒီအထဲမှာမှ စီဒွန်နယ် ဇာရေဖတ်မြို့က မုဆိုးမတစ်ယောက်ကိုပဲ ကျွေးမွေးဖို့ဘုရားက စေလွတ်ခဲ့ တယ်။ အဲ့ဒီမုဆိုးမက လူမျိုးခြားတစ်ယောက်။ ကိုယ့်တိုင်းပြည်က တခြားသောလူတွေအတွက်မဟုတ်ဘဲ လူမျိုးခြားက ကျေးဇူးခံစားသွားခဲ့ရတယ်။ နောက်တစ်ယောက်က ဆီးရိယပြည်သာ စစ်သူကြီးနာမန်။ သူလည်းပဲ တိုင်းတစ်ပါးသား တစ်ယောက်။ အနာကြီးရောဂါစွဲကပ် သူအများကြီးထဲမှာ နာမန်တစ်ယောက်ပဲ ကုသခြင်းခံခဲ့ရတယ်။ ကိုယ့်နေရာက လူတွေက ဘုရားကို မယုံကြည် လက်မခံကြတော့ လူမျိုးခြားတိုင်းတစ်ပါးသားတွေက ကျေးဇူးတော်တွေ ရသွားကြတယ်။ သခင်ယေဇူးအချိန်မှာလည်း ကိုယ့်နေရပ်က လူတွေက ကိုယ့်တော့်ကို အထင်မကြီး လက်မခံကြလို့ ကိုယ်တော်က တန်ခိုး လက္ခဏာတွေကို တစ်ခြားသူတွေအတွက်ပိုပြီး ပြုလုပ်ပေးခဲ့ တယ်။ နှစ်ပေါင်း ၃၀ လုံး နာဇရက်မြို့လေးမှာ ကြီးပြင်းခဲ့တဲ့ ယေဇူးဆိုတဲ့ သူကို သိပ်သိတာပေါ့လို့ ဒေသခံတွေက ထင်ကြတယ်။ ကကြီးကစ အ, အထိ အကုန်သိနေပြီးသားမို့ အထင်မကြီးတာလည်း ပါတယ်။ ဒါပေမဲ့ သခင်ယေဇူးရဲ့ လူသားတစ်ယောက်ဆိုတာရဲ့ နောက်ကွယ်က ဝှက်ထားတဲ့ ဘုရားဖြစ်ခြင်းကို သူတို့ မသိခဲ့ကြဘူး။ ရင်းနှီးတယ်လို့ ထင်ထားပေမဲ့ သူစိမ်းတွေ ဆန်နေကြတယ်။ တခါတလေ ကျနော်တို့ဘဝတွေလည်း အတူတူပဲ။ ငယ်ကတည်းက ခရစ်ယာန်ဖြစ်ခဲ့ကြလို့သာ ခရစ်ယာန်ဖြစ်လာတာ။ ဘာသာရေး အသိတွေ၊ ဝိညာဉ်ရေးအသက်တာတွေက အပေါ်ယံ လောက်ပဲဖြစ်တတ်တယ်။ မစ္ဆားတရား နေ့တိုင်းတက်ကြ သူတွေရှိတယ်။ စက္ကရမင်တူးတွေ မကြာခဏ ခံယူကြသူတွေ ရှိတယ်။ မစ္ဆားတရားဆိုတာ တန်ဖိုးထားရမှန်းမသိ။ ယုံကြည်ရာ ယုံကြည်ချက်ဆို တာလည်း နားမလည်။ အခြေခံသဘော တရားတွေလည်း မသိ။ ကိုယ်သိတာက တကယ်တော့ မသိဘူးဖြစ်နေတယ်။ သာမန်လို့ ထင်ထားတဲ့ အရာတွေရဲ့ နောက်ကွယ်မှာ သာမန်ထက်ပိုတဲ့ လေးနက်မှုတွေ ရှိတတ်တယ်။ ယေဇူးဘုရားရှင်ကို တကယ် ဘုရားအဖြစ် သိမှတ် လက်ခံ ယုံကြည်ကြလား။ ဘုရားနဲ့ နီးနေတယ်လို့ထင်ပေမဲ့ အဝေးကြီးမှာ ရောက်နေတတ်ကြလား။ စဉ်းစားဆင်ခြင်ကြပါစို့။

Add new comment

1 + 1 =