ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၃၂) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၈၊ ၁၁၊ ၂၀၂၂

နိုဝင်ဘာလ (၈) ရက် (အင်္ဂါနေ့)

ဒီယနေ့ကြားနာထောက်ရှုရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ပြန်အလာကို ခရီးဦးကြိုပြုပြီး တည်ခင်းကျွေးမွေးဖို့

စောင့်ဆိုင်းနေတဲ့ အစေခံတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ စိတ်နေစိတ်ထားတွေကို သတိပေးထားတယ်။ အစေခံက

သူ့သခင် ပြန်လာတဲ့အခါ သခင်နဲ့ တစ်ပါးတည်း အတူမစားဘူး။ သခင်အတွက် လိုအပ်ရာကို ဆောင်ရွက်ဖို့က

အဓိကပဲ။ ဒီလိုလုပ်ပေးတဲ့ အစေခံကို ကျေးဇူးတင်ကြောင်းပြောချင်မှပြောမှာ မပြောလည်း ကိစ္စမရှိဘူး။ ဒီလိုမျိုး

ကြားလိုက်ရတဲ့အခါ မှာ ဖာသာရ်အနေနဲ့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ဘယ်လိုလဲပေါ့။ သခင်က မောက်မာ

လိုက်တာ၊ ကျေးဇူးတင်တယ် နော်ဆိုတဲ့စကားလေးတော့ ပြောဖို့ကောင်းပါတယ်လို့တွေးမိနေပါသေးတယ်။ ဒါပေမဲ့

သခင်ယေဇူးပြောချင်တာက သခင်ရဲ့ အပြုအမှုကို ပြောနေတာမဟုတ်ဘူး။ အစေခံတစ်ယောက်မှာ ထားရှိရမယ့်

စိတ်နေစိတ်ထားကို မီးမောင်းထိုးပြနေတာပါ။ အစေခံဆိုတာ သခင်ရဲ့ အိမ်မှုကိစ္စတွေ ဆောင်ရွက်ဖို့ သူလုပ်ရမယ့်

တာဝန်တွေ ကျေပွန်ဖို့က အဓိကပဲ။ 

 သခင်ယေဇူးက ယခုလိုမျိုး မိန့်ဆိုလိုက်ခြင်းအားဖြင့် ဖာရီဇေဦးတွေကို ခပ်ပါးပါးလေး ပညာပေးလိုက်တာပဲ။

ဖာရီဇေဦးတွေက ဘုရားနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို သခင်နဲ့အစေခံလို မြင်ကြတယ်။ အစေခံက ကောင်းကောင်းလုပ်

ရင် သခင်ဖြစ်သူက ထိုက်ထိုက်တန်တန် ဆုချသင့်တယ်လို့ ယူဆတယ်။ သူတို့လုပ်နေတဲ့ ဘာသာရေးဆောင်ရွက်ချက်

တွေကို လည်း ဘုရားသခင်ဆီက တစ်ခုခု ပြန်ရလိမ့်မယ်လို့ မျှော်လင့်ချက်ကြီးနဲ့ လုပ်ဆောင်နေကြတယ်။ တကယ်

တော့ ဒါဟာ ဘုရားဆုချတာထက် မိမိကိုယ်က ပြန်ဂုဏ်ပြုပြီး ဆုချပေးသလိုဖြစ်နေပါတယ်။ ကိုယ့်လုပ်တဲ့အကောင်း

အတွက် ကိုယ်နဲ့ ထိုက်တန်ရာကို မျှော်လင့်တွက်ချက်ပြီးသားပုံစံမျိုး။ ဒါကြောင့်မို့ ခရစ်တော်က ကိုယ်လုပ်စရာရှိတာကို

အကောင်းဆုံးလုပ် တာဝန်ကျေပွန်အောင်လုပ်၊ ပေးတာ မပေးတာက ဘုရားရဲ့ ဆုံးဖြတ်ချက်။ ကိုယ့်မှာ တောင်းပိုင်ခွင့်ဆို

တာမရှိဘူး။ တခါတလေမှာ ကျွနု်ပ်တို့တွေထင်တာက ဘုရားရဲ့စကား နားထောင်ရင်၊ ကောင်းတာတွေလုပ်နေရင် ဘုရား

သခင်က ငါ့ကို တစ်ခုခုပြန်ပေးဖို့ ကောင်းတာပေါ့လို့ တွေးမိကြတယ်။ ဘုရားဆီမှာ ရစရာ အကြွေးသွားတင်နေသလိုလို။ 

ဒါကြောင့်မို့ သခင်ယေဇူးက အစေခံတစ်ယောက်မှာ ရှိဖို့လိုတဲ့ စိတ်နေစိတ်ထားကို ဒီယနေ့ တရားပေးပြီး ဆုံးမထားပါ

တယ်။ တာဝန်ကျေပွန်အောင် အကောင်းဆုံးလုပ်ဖို့က အဓိကပဲ။ ဆုပြန်ရတာ မရတာက ကိုယ်တောင်းဆိုရ မယ့်အခွင့်

အရေးမဟုတ်ဘူး။ ဥပမာ ဟိုတယ်လိုနေရာ၊ စားသောက်ဆိုင်တစ်ခုခုမှာ သွားပြီး စားသောက်တဲ့အခါ ဝန်ထမ်းတွေကို

မုန့်ဖိုးပေးလေ့ရှိကြတယ်။ ပေးလည်း ရတယ်။  မပေးလည်းရတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုအပေါ်ကြည့်ပြီး အားရကျေနပ်

မှုရှိတယ်ဆိုရင်တော့ စားသုံးသူက မုန့်ဖိုးပေးပျော်တယ်။ ဝန်ဆောင်မှုမကောင်းရင်တော့ သိပ်မပေးချင်ကြ ဘူး။ ဝန်ထမ်း

ကလည်း ကျွန်တော်တို့ကို မုန့်ဖိုးပေးပါဦးလို့ တောင်းဆိုခွင့်မရှိဘူး။ ပေးပေး၊ မပေးပေး အရေးမကြီးဘူး။ သူ့အလုပ်ကို

သူအကောင်းဆုံးလုပ်ဆောင်ဖို့က ပိုအရေးကြီးတယ်။ ဘဝမှာလည်း ဒီလိုစိတ်ထားတတ်တယ်ဆိုရင် ဘဝက နေပျော်ပါ

တယ်။ စိတ်ထားမှန်ဖို့လိုတယ်။ တာဝန်ကျေဖို့လိုတယ်။ သစ္စာရှိဖို့လိုတယ်။ ကောင်းတဲ့ အစေခံလေးတွေဖြစ် အောင်

ကြိုးစားအသက်ရှင်နိုင်ကြပါစေ။

Add new comment

2 + 16 =