ဖာသာရ် ပါစကား သီကိုရှင်း (SDB) ၁၂  ကြိမ်မြောက် သာမာန် ရက်သတ္တပတ် ဩဝါဒ ဇွန်လ ၂၇၊ ၂၀၂၀

ဖာသာရ် ပါစကား သီကိုရှင်း (SDB) ၁၂ ကြိမ်မြောက် သာမာန် ရက်သတ္တပတ် ဩဝါဒ ဇွန်လ ၂၇၊ ၂၀၂၀

 

ဇွန်လ ၂၇ ရက် (စနေနေ့)

ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို့ ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝကြပါစေ။ ဒီနေ့ ကြားနာရတဲ့ ဧဝံဂေလိ ကျမ်းစာထဲမှာ လူတစ်ရာတပ်မှူးရဲ့ အစေခံနှင့် ပီတာရဲ့ ယောက္ခမ တို့ကို ရောဂါပျောက်ကင်းအောင် ကုသပေးလိုက်တဲ့ အကြောင်း ထောက်ရှုရပါတယ်။ လူတစ်ရာတပ်မှူးဆိုတာ စစ်သားတစ်ရာလောက်ကို အုပ်ချုပ်စီမံရတဲ့ ရောမ အရာရှိ စစ်သားတစ်ဦးဖြစ်ပါတယ်။ ဒီလူဟာ အရာရှိ အကြီးအကဲဆိုပေမဲ့ လက်အောက်ငယ်သားတွေအပေါ် ညှာတာဖေးမမှုရှိတာ ကိုတွေ့ရပါတယ်။ ဘာသာတရားကိုလည်း ကြည်ညိုကိုင်းရှိုင်းမှုရှိတယ်။ လက်အောက်စစ်သားတစ်ယောက် နေမကောင်းတာကို ကိုယ်တိုင်ကိုယ်ကျ ခရစ်တော်ဘုရားဆီမှာလာပြီး ကုသခြင်းကိုတောင်းခံခဲ့တယ်။ သူ့ရဲ့ ယုံကြည်ခြင်းကို ဘုရားရှင်မြင်တဲ့အခါမှာ အံ့သြသွားခဲ့ပါတယ်။

လူတစ်ရာတပ်မှူး ၀န်ခံဖွင့်ဟခဲ့တဲ့ စကားကို ယနေ့ထက်ထိ မစ္ဆားတရားပူဇော်တဲ့ အခါ ကိုယ်တော်မြတ် မြောက်ပြီး ပင့်ယူဖို့ ဖိတ်ခေါ်တဲ့အခါမှာ ရွတ်ဆိုနေကြတယ်။

"အိုသခင်ဘုရား၊ တပည့်တော်၏ အိမ်မိုးအောက်သို့ ကိုယ်တော်ရှင် ကြွ၀င်တော်မှုရန် မထိုက်တန်ပါ။ သို့ရာတွင် တစ်ခွန်းမျှသာ အမိန့်ရှိတော်မူပါလျှင် တပည့်တော်၏ ဝိညာဉ် သည် သန့်ရှင်းစင်ကြယ်ပါလိမ့်မည်" ။

ခရစ်တော်ဘုရား သြချလောက်တဲ့ လူတစ်ရာ တပ်မှူး ယုံကြည်ခြင်းက သူ့အတွက် တောင်းခံတာ မဟုတ်ဘူး။ သူများအတွက် ယုံကြည်စွာနဲ့ တောင်းပေးတာ။ ကျွန်ုပ်တို့လည်း ဆုတောင်းတဲ့အခါ သူတစ်ပါးအတွက်၊ ကျွန်ုပ်တို့ ချစ်ခင် မြတ်နိုးရတဲ့သူတွေအတွက် ဆုတောင်းပေးကြတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ရဲ့ ဆုတောင်းခြင်းကို နားညောင်းမယ်လို့ ယုံကြည်ဖို့လိုတယ်။ ယုံကြည်ခြင်းက ဆုတောင်းခြင်းမှာ အရေးကြီးတယ်။

တစ်ခါမှာ လူတွေက ဘုရားကျောင်းကို လာပြီး မိုးခေါင်ရေရှားတဲ့အတွက် မိုးရွာဖို့ ဘုရားဆီမှာ လာရောက် ဆုတောင်းကြတယ်။ ဘုန်းတော်ကြီးက အဲ့ဒါကိုတွေ့တော့ "မိုးရွာဖို့ အတွက် ဘုရားဆီမှာ ဆုတောင်းတယ်။ တစ်ယောက်မှလည်း ထီး မယူလာကြပါလား။ ဘယ်မှာလည်း သင်တို့ရဲ့ ယုံကြည်ခြင်းက" ဆိုပြီး မိန့်ခဲ့ဖူးပါတယ်။

ဆက်လက်ပြီး တခြားသူတွေအတွက် ယုံကြည်ခြင်းနဲ့ ဆုတောင်းပေးရအောင်။ ဆုတောင်းတဲ့အခါမှာလည်း လူတစ်ရာ တပ်မှူးလို ယုံကြည်ခြင်းအပြင် နှိမ့်ချခြင်းလည်း ရှိဖို့ လိုတယ်။ ယုံကြည်နှိမ့်ချစွာနဲ့ တောင်းတဲ့ ဆုတောင်းသံကို ဘုရားရှင်က နားညောင်းတော်မူပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းတို့၊ ဒီယနေ့ ဘုရားရှင်ထံမှာ ယုံကြည်ခြင်း၊ နှိမ့်ချခြင်း များစွာနဲ့ မိမိအတွက်မဟုတ်ဘဲ အကူညီလိုနေတဲ့သူတွေအတွက် သတိရဆုတောင်းပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးကို ဘုရားရှင်ကောင်းကြီးပေးပါစေ။

သီကိုရှင်း

Add new comment

5 + 7 =