ဖာသာရ် ပါစကား သီကိုရှင်း (SDB) ပါစကား ကာလ ပဉ္စမ ရက်သတ္တပတ် ဩဝါဒ မေလ ၁၁၊ ၂၀၂၀

ဖာသာရ် ပါစကား သီကိုရှင်း (SDB) ပါစကား ကာလ ပဉ္စမ ရက်သတ္တပတ် ဩဝါဒ မေလ ၁၁၊ ၂၀၂၀

အချစ်နဲ့ ပညတ်

ငါ၏ ပညတ်တော်များကို ခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကို ချစ်၏။ ငါ့ကို ချစ်လျှင် ငါ့စကားကို နားထောင်မယ်။ ငါ့ကို မချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းခြင်း မပြုပေ။ ခရစ်တော်ဘုရားက ဒီယနေ့ ကျွန်ုပ်တို့ကို ဆုံးမနေတဲ့အကြောင်းက ဘုရားကို မချစ်ဘဲ ဘုရားရှင်ရဲ့ တရားတော်တွေကို လိုက်ကျင့်ဖို့ မဖြစ်နိုင်ဘူး။ သူ့ရဲ့တရားတော်၊ သွန်သင်ချက်များကို လိုက်နာကျင့်ကြံတဲ့သူသာလျှင် ဘုရားကို ချစ်တဲ့သူ၊ ဘုရားကို အမှန်တကယ် ကိုးကွယ်ဆည်းကပ်တဲ့သူ ဖြစ်ပါတယ်။ ဘုရားရှင်က နာခံခြင်းရှိတဲ့ ချစ်ခြင်းမေတ္တာကို တောင်းဆိုနေပါတယ်။

ဟုတ်ပါတယ်။ ချစ်တယ်ဆိုရင် မိန့်မှာတဲ့စကားကို ကျွန်ုပ်တို့ နားထောင်ကြတယ်။ မိဘကို ချစ်ရင် မိဘစကား နားထောင်မယ်။ ဆရာသမားကို ချစ်ကြောက်ရိုသေရင် ဆရာရဲ့ စကားကိုလည်း နာခံလိုက်ကျင့် ကြမယ်။ တိုင်းပြည်ကိုချစ်ရင် တိုင်းပြည်ရဲ့ ဥပဒေ စည်းမျည်းတွေကိုလည်း ကျွန်ုပ်တို့ လိုက်နာကြလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ စည်းကမ်းလိုက်နာခြင်းဆိုတာ တကယ်တော့ ခွဲခြားထားလို့ မရပါဘူး။ မေတ္တာတရားရှိရင် သစ္စာတရားတွေ ခိုင်မြဲတတ်ပါတယ်။ မိသားစုအတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မေတ္တာ ထားနိုင်တဲ့အခါမှာ အပြန်အလှန် နားထောင်ခြင်း၊ သစ္စာစောင့်သိခြင်းတွေဆိုတာလည်း ရှိလာပါတယ်။

ကျွန်ုပ်တို့ မိသားစုတွေထဲမှာ မိဘစကား နားမထောင်တဲ့ သားသမီးတွေရှိတတ်ပါတယ်။ သူတို့ကို နားထောင်နာခံတတ်တဲ့သူတွေ ဖြစ်စေချင်တယ်ဆိုရင် ကိုယ့်ရဲ့ သားသမီးတွေကို မေတ္တာတရားနဲ့ ဆုံးမပါ။ မိဘက ချစ်တယ်ဆိုတာကို သူတို့ခံစားရအောင် ပြပေးပါ။ အဲ့ဒီချစ်ခြင်းမေတ္တာကို သူတို့ခံစားရရင် နားထောင် နာခံတတ်တဲ့သူတွေဖြစ်လာပါလိမ့်မယ်။ ထိုနည်းတူပဲ ဘုရားရှင်ဖက်က ကျွန်ုပ်တို့ လူသားတွေကို အဆုံးမဲ့ ချစ်မြတ်နိုးတော်မူူပါတယ်။ ဒါပေမဲ့ တခါတလေ ဘုရားရဲ့ အချစ်ကို ကျွန်ုပ်တို့ သတိမပြုမိကြဘူး။ ကျွန်ုပ်တို့ နေ့တိုင်း အသက်ရှင်ရတယ်။ ဘုရားကို သိခွင့်ရတယ်။ ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေကို ခံစားနေရပါတယ်။ ဒါတွေဟာ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဒီချစ်ခြင်းမေတ္တာကို ခံစားသိရှိပြီး ဘုရားကို ချစ်တဲ့သူတွေ ဖြစ်အောင် ကြိုးစားကျင့်ကြံရပါမယ်။ ဘုရားရှင်တော်မြတ် ဟောကြားခဲ့တဲ့ တရားအဆုံးအမတွေကို လိုက်နာကျင့်ကြံပြီး ဘုရားကိုချစ်တဲ့သူ၊ လူလူချင်း မေတ္တာထားရှိနိုင်တဲ့သူတွေ ဖြစ်အောင် ကြိုးစားပြီး ဘုရားပေးတဲ့ခွန်အားကျေးဇူးတော်တွေနဲ့ အသက်ရှင်ကြပါစို့။

မေလ ၁၁ ရက်

သီကိုရှင်း

Add new comment

1 + 0 =