ဖာသာရ် ပါစကား သီကိုရှင်း ခရစ္စမတ်ကာလ သန့်ရှင်းသော ဓမ္မအာဇာနည် ကလေးသူငယ်များပွဲနေ့ ဩဝါဒ ဒီဇင်ဘာ ၂၈၊၂၀၂၀

သန့်ရှင်းသော ဓမ္မအာဇာနည် ကလေးသူငယ်များပွဲနေ့

ဒီဇင်ဘာ (၂၈)ရက်

ရုပ်ရှင်ဇာတ်လမ်းကြော်ငြာတွေမှာ Film Rating တွေ ကပ်ထားတာ တွေ့ဖူးတယ်။ G, PG, PG 13, PG 17 စသဖြင့်ပေါ့။ G ဆိုရင် လူတိုင်းကြည့်လို့ရတယ်။ PG ဆိုရင် Parental Guidance လိုတယ်။ PG 13 ဆိုရင် Violence တွေ သတ်ဖြတ်တာတွေ၊ သွေးသံရဲရဲတွေပါလာလို့ ကလေးတွေအတွက် မသင့်တော်လို့ မိဘလမ်းညွန်ရှင်းပြမူနဲ့ ကြည့်ခိုင်းတဲ့အမျိုးအစား။ မြန်မာဇာတ်ကားတွေမှာတော့ အဲ့လို Rating မရှိသေးဘူး။

လွန်ခဲ့တဲ့ ၂ နှစ်က 'မီ' ဆိုတဲ့ဇာတ်ကား မင်းသမီးက ဆေးလိပ်သောက်တာ၊ အရက်သောက်တာပါတော့ လူငယ်တွေ အတုယူမှားနိုင်တယ်ဆိုပြီး ရုပ်ရှင်ကို ဆင်ဆာဖြတ်ကြတော့ ပြသနာတွေတက်ကြတယ်။ ပြီးတော့ ဆယ်လီဆိုတဲ့ဇာတ်ကား သိကြမယ်ထင်တယ်။ တချို့က အဲ့ဒီဇတ်ကားကို PG13 လို့ သတ်မှတ်တာ။ ၇ တန်း ၈တန်း ကျောင်းသူလေးတွေက ဖေ့ဘုတ်တွေ သုံးပြီး ရည်စားတွေထား၊ လမ်းတွေမှား၊ ဗီလိန်ကိုပေါက်က ရက်စက်ရုတ်မာ၊ မိဘတွေ ၀မ်းနည်းပတ်လက်ဖြစ်ရ တယ်။ အဲ့ဒီဇတ်ကားမှာ ကိုပေါက်ကပြောတယ်။ ဒီဇာတ်လမ်းမှာ ကျနော် ပက်ပက်စက်စက်ကို ရုတ်မာ ထားတာ။ လူကို မဆန်တာ ဆိုပြီး လူကြမ်းသရုပ်ဆောင် ကိုပေါက်က အင်တာဗျူး တစ်ခုမှာ ဖြေဖူးတယ်။

ပြောချင်တာ တစ်ခုက မကြာသေးခင်ကပဲ ခရစ္စမတ်ပွဲကို ကျင်းပတယ်။ ပတ်၀န်းကျင်ကတိတ်ဆိတ် တယ်။ သိုးထိန်းတွေလာကြည့်တယ်။ သိကြားတမန်တွေ သီချင်းဆိုတယ်။ မင်းသုံးပါးက လာရောက်ဖူးမျှော်တယ်။ ကြည့်ရင်တော့ အေးအေးချမ်းချမ်းပါပဲ။ ရုပ်ရှင်တစ်ခုလို နာမည် ပေးရရင်တော့

"အချစ်တစ်ခု ဖွားမြင်ခြင်း" လို့ ဆိုရမယ်။ လူတိုင်းကြည့်နိုင်တဲ့အမျိုးစားပေါ့။ ဒါပေမဲ့ ဒီဇာတ်လမ်းက G အမျိုးအစား မဟုတ်ခဲ့ဘူး။ PG 13 ပါ သွေးထွက်သံယိုတွေ ပါတယ်။ ယုတ်မာ ပက်စက်မှုတွေ ပါတယ်။ လူကြမ်းကြီး ကိုပေါက်လည်း ပါတယ်။ အဲ့ဒါ ဘယ်သူလဲဆိုတော့ ဟေရုဒ်မင်းကြီး။ သူက လူကြမ်း။ လူမဆန်အောင်ကြမ်းတဲ့ လူကြမ်း။ သွေးအေးအေးနဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ လူကြမ်း။

သခင်ယေဇူးမွေးလာတဲ့အချိန်မှာ နိမ့်ကျတယ်ဆိုတဲ့ သိုးထိန်းတွေက နှိမ့်ချတဲ့ဘုရားကို အရင်ဆုံး ဖူးမြော်ရတယ်။ ပညာရှိမင်းသုံးပါးက ပေါ်ထွန်းလာတဲ့ ဘုရင်ကို ဂါရဝြပုလက်ဆောင်ဆက်သပူဇော်တယ်။ ဘုရင်တစ်ပါး ပေါ်ထွန်းပြီဆိုတဲ့ စကားကို ဟေရုဒ်ကြားကတည်းက ဒီ အမည်မသိရသေးတဲ့ ဘုရင်ကို သူ အမုန်းပွားခဲ့တယ်။ ဘာအရှိန်အဝါမှ မပြနိုင်သေးတဲ့ သူငယ်တော်လေးကို သြဇာကြီးတဲ့ ဟေရုဒ်မင်းကြီးက ဖိန့်ဖိန့်တုန်နေခဲ့တယ်။ ကောင်းကင်ဘုံ၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော် ရှိစေပြီး၊ မြေကြီးပေါ်၌ စ်ိတ် ကောင်းနှလုံးကောင်း ရှိသူတို့ ငြိမ်းသက်ခြင်းရှိစေသတည်းလို့ သိကြားတမန်တွေက ကြွေးကြော်သီဆိုခဲ့ပေမဲ့ ဟေရုဒ်မင်းကြီးက မငြိမ်းချမ်းနိုင်ခဲ့ဘူး။

သိကြားတမန်တွေ ပြောတဲ့စကား အရမ်းလှတယ်။ စိတ်နှလုံးကောင်း ရှိသူတို့ ငြိမ်သက်ခြင်း ရှိစေသတည်းလို့ ဆိုခဲ့တာ။ စိတ်ကောင်းနှလုံးကောင်းမရှိတော့ ဟေရုဒ်မင်းကြီးမှာ မငြိမ်း ချမ်းနိုင်ခဲ့ဘူး။ အဓိက က သူ့မှာ စိတ်နှလုံးကောင်းမရှိဘူး။ နှလုံးမကောင်းတော့ မေတ္တာလည်း မထားနိုင်ဘူး။ မေတ္တာပျောက်တော့ ချစ်ရာမရောက်၊ သစ္စာဖောက်ဖို့ ဖြစ်လာတယ်။ ဘုရားရဲ့အလိုတော်နဲ့ ဆန့်ကျင်တာတွေ သူ စလုပ်တော့တယ်။ ပေါ်ထွန်းလာတဲ့ ဘုရင်ကို သူလည်း ဖူးမြော်ချင်လို့ပါ။ အပြန်ကျရင် ၀င်ခဲ့ပါဦးဆိုပြီး တစ်ဖက်လှည့်နဲ့ လိမ်ညာစကားဆိုခဲ့တယ်။ လိမ်ညာတဲ့သူမှာ ရိုးသားမှုမရှိဘူး။ အဲ့ဒီကနေ စပြီး သူ ဟန်ဆောင်လာတယ်။ ကောက်ကျစ်လာတယ်။ နောက်ဆုံး ဘယ်သူကိုမှ မငဲ့ကွက်တော့ဘဲ အပြစ်မဲ့တဲ့ ကလေးတွေကို သတ်ဖြတ်တဲ့အထိ ယုတ်မာလာတယ်။ မိဘတွေ ရင်ကွဲပက်လက်နဲ့ ငိုကြွေးနေတာကိုလည်း ဂရုမစိုက်တော့ဘူး။ သူများတွေ ဘာဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကိုပဲ မိုက်ရူးရဲဆန်ခဲ့တယ်။ လူညာကြီးကနေ လူသတ်သမား အဆင့်ရောက်သွားတယ်။ ဟန်ဆောင်ပြီး ညစ်လာတယ်။ မာန်ထောင်ပြီး အပြစ်ရှာတယ်။ တဖြေးဖြေးနဲ့ အချစ်တစ်ခု မွေးဖွား ခြင်းဇာတ်လမ်းမှာ ဟေရုဒ်မင်းကြီးက လူကြမ်းကြီး ကိုပေါက်ဖြစ်သွားတယ်။

 

အပြစ်မဲ့ကလေးများ သတ်ခံရသောနေ့

 

ဒါတွေဘာကြောင့်ဖြစ်ရတာလဲ။ အချက် ၂ ချက်နဲ့ ဝေမျှချင်ပါတယ်။

နံပတ် ၁ . . မနာလိုတဲ့ စိတ်ရှိတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဟေရုဒ်မင်းက ဘုရင် . . သူ့ကို ကျော်ပြီး ခုမှ ပေါ်လာတဲ့ သူကို ဘုရင်ဆိုပြီး အဝေးကြီးကနေ တကူးတက လာရောက်ဖူးမြော်တဲ့အခါမှာ ကျောတယ်လို့ ခံစားရတယ်။ တခါတလေ သူများ ကိုယ့်ထက်သာရင် မုဒိတာ မပွားနိုင်တဲ့ စိတ် လူတချို့မှာ ရှိတယ်။ သူတစ်ပါးရဲ့ အောင်မြင်မှုကို မရှုစိမ့်နိုင်ဖြစ်ကြတယ်။ မနာလိုတဲ့စိတ်က အချင်းချင်းကို မေတ္တာ ပျက် စေပါတယ်။

နံပါတ် ၂ အချက်က . . သြဇာ အာဏာ တပ်မက်ခြင်း။ ဘယ်အရာမှ မတည်မြဲပါဘူး။ မတည်မြဲတဲ့ အရာတွေကို တလွဲတပ်မက်နေတာက မိမိစိတ်ကို မလုံခြုံစေပါဘူး။ အချိန်တန်ရင် ပလ္လင်ပေါ်က ဆင်းရမှာပဲ။ နောက်လာမယ့်သူကို နေရာဖယ်ပေးရမှာပဲ။ နေရာ မပေးချင်လို့ မရဘူး။ ဆုပ်ကိုင်ထားလို့မရဘူး။ ကိုယ်ဆုပ်ကိုင်ထားသရွေ့ အဲ့ဒီအရာကို ကိုယ်မပိုင်ဘူးဆိုတာ ပို သေချာလာတယ်။ ဥပမာ .. ရေ လက်နှစ်ဖက်နဲ့ ကိုင်ထားကြည့် ဘယ်လိုမှ မရဘူး။ ကိုယ်က ဆုပ်ကိုင်ထားလေ ရေ က ယိုစီးကျလေပဲ။ ကိုယ်ပိုင်တဲ့ ပစ္စည်းတစ်ခုခုကို ကိုယ်ပိုင်တယ်ဆိုပါစို့။ အဲ့ဒီ ပစ္စည်းက ငါ့ဟာ ဆိုတဲ့ တပ်မက်စိတ်ကြောင့် ပစ္စည်းရဲ့ ချည်နှောင်မှုကိုခံရတယ်။ ပစ္စည်းကို ကိုယ်ပိုင်တာ မဟုတ်ဘဲ ပစ္စည်းက ကိုယ့်ကို ပိုင်နေတာမျိုး ဖြစ်တတ်တယ်။ တပ်မက်တဲ့ အရာတွေအားလုံးထဲမှာမှ အာဏာကို တပ်မက်လွန်းတာက အများအတွက် ပို ဒုက္ခရောက်တယ်။ ဟေရုဒ်မင်းကြီးရဲ့ အာဏာတပ်မက်စိတ်ကြောင့် အပြစ်မဲ့တဲ့ ကလေးတွေ အသက် စတေးလိုက်ရတယ်။

မနာလိုတဲ့စိတ်ကနေ တဖြေးဖြေး မေတ္တာပျောက်ပြီး သြဇာကို မက်လာတဲ့အခါမှာ ဘုရားမကြိုက်တဲ့ ဒုစရိုက်တွေ ကို လုပ်လာတတ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ပွဲကနေ ကျနော်တို့ တွေကိုလည်း သတိပေးနေပါတယ်။ အချင်းချင်း မေတ္တာထားပြီး တစ်ယောက်ရဲ့အောင်မြင်မှုမှာ မုဒိတာပွားပေးနိုင်ဖို့လိုတယ်။ ကျနော်တို့တွေ တစ်ရက်ကျ တာ၀န်တွေ ယူရမယ်။ ကိုယ့်ကို ပေးတဲ့ တာ၀န်ရာထူးဟာ အာဏာပြဖို့ မဟုတ်ဘဲ အစေခံဖို့ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။ အချိန်စေ့ရင် နေရာ ဖယ်ပေးရမှာပဲ။ တာ၀န်ယူဖို့ ပြင်ဆင်နေကြသလို နေရာပေးဖို့အတွက်လည်း ပြင်ဆင်ရမယ်။ မနာလိုခြင်းအစား မုဒိတာပွားပြီး၊ အာဏာပွားမည့်အစား မေတ္တာထားနိုင်မယ်ဆိုရင် လောကလူသားတိုင်း စိတ်နှလုံးအေးချမ်းကာ ငြိမ်သက်ချမ်းသာခြင်း ရှိကြပါလိမ့်မယ်။

သီကိုရှင်း

 

 

 

Add new comment

6 + 9 =