ချစ်ခြင်းမေတ္တာပါရမီအလင်းရောင်ဆီကို သင့်ကိုခေါ်ဆောင်နေတယ် သခင်ခရစ်တော်ရဲ့ လက်ကိုမငြင်းဆန်လိုက်ပါနဲ့။။

ဖေဖော်ရီလ ၁၉ ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ရီလ ၁၉ ရက် ရှင်မာကု ဧဝံဂေလိ ကျမ်းစာမှာ သခင်ခရစ်တော်မှ မျက်စိမမြင်သူကို ရွာအပြင်ခေါ်သွားပြီး ရှင်းလင်းပြတ်သားစွာမြင်ရသည်အထိ ကုသပေးသည့်အကြောင်းကို ကျွန်‌ တော်တို့ကြားနာခဲ့ရတယ်။

ဒီကနေ့ကျမ်းစာမှာ မျက်စိမမြင်သူ ကို ရှင်းလင်းပြတ်သားစွာမြင်း စေသည်အထိ နှစ်ကြိမ်တိုင်တိုင် လက် တင်၍သခင်ခရစ်တော် ကုသပေးခဲ့သည့်အကြောင်းက ဘုရား ရှင် မြင် စေလိုသည့်အရာကို ကျွန်တော်တို့လူသားများ ရှင်းလင်းပြတ်သားစွာမြင်နိုင်စေဖို့ အဓိပ္ပာယ်ဖော်ဆောင်နေတယ်။

သခင်ခရစ်တော်က မျက်မမြင်သူကို ပထမအကြိမ် လက်တင်ကုသပေးပြီးနောက် သင်သည်တစ်စုံတစ်ရာကိုမြင်သလောဟု မေးခဲ့တယ် ထိုသူက မော့ကြည့်၍ အကျွန်ုပ်သည်လူတို့ကိုမြင်ရပါသည် သို့သော်လမ်းလျှောက်နေသောသစ်ပင်များနှင့် တူပါ သည်ဟုလျှောက်လေ၏။ ထို့နောက်သခင်ခရစ်‌တော်သည် ဒုတိယအကြိမ်လက်တင်၍ကုသ‌ပေးသောအခါ ရှင်းလင်းစွာမြင်ရ ကြောင်းကို ဖြေကြားခဲ့တယ်။

ဒီအချက်ကလေးက ဘုရားရှင်ရဲ့ကျေးဇူးတော် သခင်ခရစ်တော်ထံမှကျေးဇူးတော်များ အကြိမ်ကြိမ်ရရှိလာလေ ကျွန်တော်တို့ရဲ့ ဘဝ ထဲမှာ ဘုရားသခင်မြင်စေလိုသည့်အရာများကို ပိုမိုရှင်းလင်းပြတ်သားစွာမြင်နိုင်လာလိမ့်မယ်။ ဒီကနေ့သင်ဟာ လောဘ၊ ဒေါသမောဟ၊ အတ္တမာန်မာန တရားတွေဖုံးလွှမ်းပြီး သင့်ပတ်ဝန်းကျင်မှ ညီကိုမောင်နှမများကို မမြင်နိုင်၊ မပြောနိုင်၊ မပတ်သက်နိုင် ဖြစ်နေသလား။  

ဒါဆိုရင်သင်ဟာ မျက်စိကန်းနေသူနဲ့အတူတူပါပဲ ပထမဦးစွာ ဘုရားရှင်သင့်ရဲ့ အတ္တမာနကို ဖယ်ရှားပေးလိမ့်မယ်၊ ဆက်လက်ပြီး လောဘဒေါသမောဟ ကိလေသာ မကောင်းမှုအမြင်ဖုံးလွှမ်းနေခြင်းတွေကို တဆင့်ပြီးတဆင့် ဘုရားရှင်သင့်ဘဝထဲကနေ ဖယ်ထုတ်ပေးလိမ့်မယ်။

ထိုအခါ ကြမှသာ သင့်ပတ်ဝန်းကျင်ကို ချစ်ခြင်း မေတ္တာပြည့်ဝ‌သော၊ ကရုဏာတရားပြည့်ဝသော၊ ကိုယ်ချင်းစာတရားရှိသော၊ မာန်မာနကင်းသော၊ လူသားချင်းစာနာတတ်သော၊ နှိမ့်ချတတ်သော၊ သည်းခံခွင့်လွှတ်တတ်သော စသည့်‌ ကောင်းမူ့ပါရမီ မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို သင်ကြည့်ရှုလာနိုင်ပါလိမ့်မယ်။

မျက်စိမမြင်သူကိုသခင်ခရစ်တော် လက်ဆွဲခေါ်ဆောင်ပြီး ရွာအပြင်ကိုခေါ်သွားသလို သင့်ကိုလည်းသခင်ခရစ်တော်က လက်ဆွဲပြီး သင့်ရဲ့အတ္တအမှောင်လောကထဲကနေ ချစ်ခြင်းမေတ္တာပါရမီအလင်းရောင်ဆီကို သင့်ကိုခေါ်ဆောင်နေတယ် သခင်ခရစ်တော်ရဲ့ လက်ကိုမငြင်းဆန်လိုက်ပါနဲ့။။

By Kyi Maung

Add new comment

13 + 6 =