Christmas Homily 2020 Bishop John Saw Yaw Han 2020

Christmas Homily 2020

Bishop John Saw Yaw Han 2020

ချစ်ခင်လေးစားရတဲ့ ဘာသာသူညီအစ်ကိုမောင်နှမအပေါင်းတို့..

ခရစ်တော်ဘုရားရှင်သယ်ဆောင်လာတဲ့ ငြိမ်းချမ်းခြင်းမင်္ဂလာဟာ သင်တို့အားလုံးအပေါ်သို့သက်ရောက်ပါစေလို့ ရှေးဦးစွာမေတ္တာပို့သပါတယ်။

“အမိုက်မှောင်ထဲ၌သွားလာနေထိုင်သော လူမျိုးသည် ဧရာမအလင်းကြီးကိုမြင်ရ၏။ ကိုယ်တော်သည် ဝမ်းမြောက်ခြင်းများကို များပြားစေတော်မူ၍ သူတို့၏ပျော်ရွှင်ခြင်းကိုလည်းကြီးမားစေသည်။”လို့ ပရောဖက် အီဇာအီယအနာဂတ္တိကျမ်းမှာတွေ့ရပါတယ်။ အလင်းဟာ ဝမ်းမြောက်စရာအဖြစ်တွေ့ရပြီး၊ အမှောင်ကတော့ စိတ်အားငယ်စရာ၊ စိုးကြောက်စရာအဖြစ် ကျွန်ုပ်တို့တွေ့မြင်ရပါတယ်။ ဖြောင့်မတ်တဲ့၊ ရိုးသားတဲ့၊ ဖြူစင်တဲ့၊ နိမ့်ချတဲ့၊ နားထောင်ခြင်းရှိတဲ့ခရစ်တော်ကို အလင်းနဲ့နှိုင်းထားတာဖြစ်ပါတယ်။ ဖြောင့်မတ်ခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ကောက်ကျစ်မှု၊ နိမ့်ချခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မာနထောင်လွှားမှု၊ ဖြူစင်ခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မစင်ကြယ်မှုတွေဟာ အပြစ်ရဲ့အမိုက်မှောင်တွေဖြစ်ပြီး အဲဒီအရာတွေမှာ ကျင်လည်ကျက်စားတဲ့ပုဂ္ဂိုလ်များဟာ အပြစ်အမှောင်ကမ္ဘာက အပြစ်သားတွေဖြစ်ပြီး၊ ဝမ်းမြောက်မှုတွေ ငြိမ်းချမ်းမှုတွေ ကင်းဝေးနေကြရတာဖြစ်တယ်လို့ ကျွန်ုပ်တို့နားလည်နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့မိဘရင်းဖြစ်တဲ့ အာဒံနဲ့ဧဝ သူတို့ရဲ့မာနထောင်လွှားမှုကြောင့် အလင်းရှင်ဘုရားသခင်နဲ့ဝေးခဲ့ရပါတယ်။

ပြန်လည်ဆုံစရာလမ်းမရှိတော့ပေမဲ့ ဘုရားသခင်ရဲ့သနားကြင်နာမှုနဲ့ ခရစ်တော်ဘုရားရဲ့လူ့အဖြစ်ကိုယူခဲ့မှုကြောင့် အလင်းရှင်နဲ့ပြန်လည်နီးစပ်ဖို့လမ်းစတွေပေါ်လာပြီး ဝမ်းမြောက်စရာအခြေအနေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အလင်းရှင်ခရစ်တော်ဘုရား လူ့အဖြစ်ကိုယူတဲ့ မင်္ဂလာအချိန်အခါကို ဟက်ပီးခရစ္စမတ်စ် ဝမ်းမြောက်ရာအချိန်အခါလို့ ခေါ်ဆိုသတ်မှတ်ကြခြင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့သနားကြင်နာမှုကြောင့် ကျွန်ုပ်တို့ဟာ ဝမ်းမြောက်ကြရတယ်ဆိုလို့ရှိရင် ဒီသနားကြင်နာမှုကိုပြန်လည်ဝေမျှရင်း ကျွန်ုပ်တို့နဲ့နီးစပ်တဲ့သူတေါကို ဝမ်းမြောက်ဝမ်းသာဖြစ်အောင်လည်း ပြုလုပ်ပေးကြရအောင်လို့ တိုက်တွန်းအားပေးလိုပါတယ်။

ရဟန္တာကြီး စိန့်လေအိုသဂရိတ်က “ခရစ္စမတ်ဆိုတာဟာ ဘုရားက လူနဲ့နီးစပ်ဖို့၊ ဘုရားဂုဏ်တော်ကိုစွန့်ခွါတဲ့အချိန်ဖြစ်တယ်။ လူကလည်းဘုရားနဲ့နီးစပ်ချင်တယ်ဆိုရင်တော့ ဘုရားနဲဝေးစေတဲ့၊ အမှောင်လောကကို စွန့်ရမယ်။” လို့ မိန့်ကြားခဲ့ပါတယ်။ သင်နဲ့ကျွန်ုပ်တို့လည်း ယခုလိုခရစ္စမတ်အချိန်အခါမှာ တကယ်ဝမ်းမြောက်ချင်တယ်ဆိုရင်တော့ အပြစ်မကောင်းမှု၊ အမှောင်လောကကို ကြောခိုင်းစွန့်ခွါရမှာပဲဖြစ်တယ်။

သင်နဲ့ကျွန်ုပ်မှာ ဘာတွေစွန့်ပစ်စရာတွေရှိသလဲ။ ကိုယ့်ဘဝကို ကိုယ်အသိဆုံးဖြစ်တယ်။ ကိုယ့်ဘဝမှာ ဘာစွန့်ပစ်ရမလဲဆိုတာကို ပိုပိုပြီးတော့နားလည်နိုင်ပါတယ်။ ဒါကြောင့်စွန့်ပစ်နိုင်တဲ့ခွန်အားကိုတောင်းလျှောက်ပြီး ဘဝသစ်မှာ ကျွန်ုပ်တို့စိတ်သစ်လူသစ်နဲ့ လျှောက်လှမ်းကြရအောင်လို့လည်း အားပေးလိုပါတယ်။ ဆာလံကျမ်းမှာ ယနေ့ခရစ္စတူးသခင်တည်းဟူသော ကယ်တင်ရှင်သည် ကျွန်ုပ်တို့အဖို့ဖွားမြင်လေပြီလို့ ကျွန်ုပ်တို့တွေ့ရတယ်။ ကျွန်ုပ်တို့ဆိုတဲ့ စကားလုံးဟာတစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘဲ အားလုံးအတွက်ဆိုတာကို နားလည်တယ်။

ခရစ်တော်မွေးဖွါးခြင်းဟာ အားလုံးအတွက်ဖြစ်တယ်။ အားလုံးဆိုတဲ့နေရာမှာ ချမ်းသာသူပါသလို ဆင်းရဲသူလည်းပါတယ်။ သန့်ရှင်းဖြောင့်မတ်တဲ့သူပါသလို မသမာသူ အပြစ်သားတွေလည်းပါတယ်။ အသိုင်းအဝိုင်းတောင့်တင်းတဲ့သူတွေပါသလို အိမ်ခြေရာမဲ့အထီးကျန်တွေအတွက်လည်းပါပါတယ်။ ကျွန်ုပ်တို့ရဲ့ခရစ်တော်ကယ်တင်ရှင်ဘုရားဟာ အယုတ်အလှမရွေး၊ အသွေးအရောင်မခွဲခြားပဲ လူသားအားလုံးအတွက် မွေးဖွားခဲ့တာဖြစ်တဲ့အတွက် ကျွန်ုပ်တို့အားလုံးဟာ ဝမ်းသာဝမ်းမြောက်ဖြစ်ရတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝမှာလည်းပဲ အယုတ်အလှမရွေး ဘာသာတရားခွဲခြားမှုတွေ၊ အသွေးအရောင်ခွဲခြားမှုတွေမပြုဘဲ အားလုံးကို လက်ခံဆက်ဆံသွားဖို့ တွဲခေါ်ဖေးမသွားကြဖို့ တာဝန်ရှိတယ်ဆိုတာကို ကနေ့မှာ နှလုံးသွင်းကြရမှာဖြစ်တယ်။

ခရစ်တော်ဘုရားဖွားမြင်ပြီဆိုတဲ့သတင်းကောင်းကို သိုးထိန်းတွေကိုပြောကြားဖို့ ဘုရားသခင်ဟာသကြားတမန်ကိုစေလွှတ်ပါတယ်။ သိုးထိန်းတွေက သူငယ်တော်ယေဇူးလေးကို ပေးစရာလက်ဆောင်တွေ အမြောက်အများရှိလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူငယ်တော်ယေဇူးလေးလိုပဲ သိုးထိန်းတွေဟာလည်း အနံ့အသက်မကောင်းတဲ့ ဂူလိုင်ထဲမှာပဲခိုနားကြရတယ်။ သူငယ်တော်လေးလိုပဲ အအေးဒဏ်ကို ခံကြရတယ်။ ပေရေညစ်ပတ်မှု၊ ဆင်းရဲမှုတွေ၊ လစ်လျူရှုခံရမှုတွေနဲ့ ရှင်သန်ကြရတဲ့ ဘဝတူတွေဖြစ်နေလို့ပါ။ တနည်းအားဖြင့် သူငယ်တော်ယေဇူးနဲ့ဘဝရှင်သန်မှု တူနေတယ်ဆိုရင် နီးစပ်မှုလည်းရှိမယ်။ ဝမ်းမြောက်မှုလည်းခံစားရမယ်ဆိုတဲ့ သတင်းစကားဖြစ်ပါတယ်။

ဒီနေရာမှာ ခရစ်တော်နဲ့ဘဝတူဖို့ နွားတင်းကုတ်မှာသွားနေဖို့မဆိုလိုပါဘူး။ ညစ်ညစ်ပတ်ပတ်၊ နံနံစော်စော်နေဖို့လည်း မဆိုလိုပါဘူး။ သူငယ်တော်ယေဇူးလေးလို ဘဝပေးအခြေအနေကို လက်ခံတတ်တဲ့စိတ်၊ ရိုးသားဖြူစင်တဲ့စိတ်၊ နိမ့်ချနာခံတတ်တဲ့စိတ်၊ အများအကျိုးအတွက် ဘဝကိုပေးဆပ်အနစ်နာခံတဲ့စိတ်တွေ တူညီနေဖို့သာဖြစ်ပါတယ်။ အဲလိုတူနေတယ်ဆိုရင် ဘုရားနဲ့နီးစပ်နေမယ်၊ ငြိမ်းအေးချမ်းသာမှုတွေနဲ့လည်းပဲ ကျွန်ုပ်တို့ပြည့်ဝနေနိုင်မှာဖြစ်တယ်။

ညီအစ်ကိုမောင်နှမအပေါင်းတို့ သေခြင်းကိုအောင်မြင်နိုင်တဲ့ဘုရင် ဘုန်းကြီးတဲ့ဘုရင်ဟာ လူသားအားလုံးရဲ့အသက်သခင်ဖြစ်တယ်ဆိုတာကို ပြနိုင်ဖို့အတွက် ဆင်းရဲတဲ့မွေးဖွါးမှုနဲ့အစပြုခဲ့ရပါတယ်။ အလုပ်ကြမ်းသမားတစ်ဦး ဘဝနဲ့ရှင်သန်ခဲ့ရတယ်။ လူတွေရဲ့အထင်သေးမှု၊ အပြစ်ရှာမှု၊ ပြက်ရယ်ပြုမှု မတရားနှိပ်စက်ညှဉ်းပန်းမှု၊ လက်ဝါးကပ်တိုင်တင် သတ်ဖြတ်မှုတွေနဲ့ အရင်းတည်ခဲ့ရတာဖြစ်ပါတယ်။ ကနေ့ စီးပွါးရေး၊ ပညာရေး၊ နိုင်ငံရေးတွေမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တော်တော်များများဟာလည်းပဲ ခက်ခဲမှုအမျိုးမျိုးကြားမှာ ရုန်းကန်ကြိုးစားမှုတွေနဲ့ ရှင်သန်ခဲ့ကြရတဲ့သူတွေဖြစ်တယ်။ ဇွဲရှိခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

ချစ်မိတ်ဆွေတို့ သင့်ရဲ့ဘဝ သိပ်ပြီးခက်ခဲနေသလား။ ဝန်တွေ သိပ်ပြီးပိနေသလား။ ဘဝကိုအရှုံးပေးဖို့တွေးနေမိပြီလား။ အဲ့လိုအခြေအနေမှာ သင်နဲ့ကျွန်ုပ်တို့ရဲ့ရှေ့မှာ ခက်ခဲမှုအမျိုးမျိုးကြားက ရုန်းကန်ကြိုးစားခဲ့တဲ့ခရစ်တော်၊ ဘဝအစ မွေးဖွားတဲ့အချိန်နေစရာမရခဲ့တဲ့ ခရစ်တော်ဘုရားရှင်ကိုသတိယပြီး ကျားကုတ်ကျားခဲ ဆက်လက်ကြိုးစားကြဖို့တိုက်တွန်းအားပေးလိုပါတယ်။ ဘာကြောင့်လဲဆိုရင် အောင်မြင်မှုဟာ လက်တစ်ကမ်းမှာ စောင့်ကြိုနေလို့ဖြစ်ပါတယ်။ အပြစ်ဝန်ထုတ်ပိပြီး ဝမ်းနည်းပူဆွေးခဲ့ကြရတဲ့ ဘိုးဖွားတွေကို နှစ်သိမ့်ပေးခဲ့တဲ့ ခရစ်တော်သခင်ဟာ အတိတ်မှာ ဘုရားဖြစ်သလို ယနေ့မှာ ဘုရားဖြစ်တယ်။ နောင်မှာလည်း ထာဝရဘုရားဖြစ်နေမယ်။ အမြဲတည်ရှိနေမဲ့ဘုရားဖြစ်ပါတယ်။ အတိတ်က ဘိုးဖွားတွေကို နှစ်သိမ့်မှု၊ လွှတ်မြောက်မှုပေးခဲ့သလို ဒီနေ့မှာလဲပဲ ငြိမ်းချမ်းမှု၊ လွှတ်မြောက်မှုကိုပေးနေတဲ့ ဘုရားရှင်၊ ဧမာနူအဲလ်၊ ကျွန်ုပ်တို့နဲ့အမြဲတန်းအတူရှိနေတဲ့ဘုရားဖြစ်တယ်ဆိုတာကို နှလုံးသွင်းကြရအောင်။

လူသားကဘုရားရှင်ကို ချစ်လို့ ခရစ်တော်ကလောကကို ကြွရောက်ခဲ့တာမဟုတ်ပါဘူး။ ဘုရားသခင်က အစပြုပြီး လူသားတွေကိုချစ်လို့သာ လူ့အဖြစ်ကိုယူ မွေးဖွားခြင်းခံခဲ့တာဖြစ်တယ်။ ဘုရားရဲ့အချစ်ဟာ ယနေ့ထက်တိုင် တည်မြဲဆဲပဲဖြစ်ပါတယ်။ လူတွေဟာသီလပါရမီ ပြည့်စုံလို့၊ သိပ်ပြီးတော့ချစ်စရာကောင်းလွန်းလို့ ဘုရားသခင်က လူ့အဖြစ်ကိုယူတာမဟုတ်ဘဲ လူတွေအပေါ်မှာ အရှိကိုအရှိအတိုင်း လူတွေရဲ့အားနည်းချက်၊ အားသာချက်တွေနဲ့ နားလည်ပြီးတဲ့နောက်၊ လက်ခံပြီးတဲ့နောက် ဘုရားရှင်ဟာ သူ့ရဲ့ကရုဏာမေတ္တာစိတ်ကြီးမားလို့သာ လူ့အဖြစ်ကိုယူခဲ့တာဖြစ်တယ်။ ဘုရားရှင်ရဲ့မွေးနေ့မှာ ဘုရားရှင်ရဲ့ကြီးမားတဲ့အချစ်၊ ကြီးမားတဲ့ကရုဏာအတွက် ဘုရားရှင်ကို ကျေးဇူးတင်ကြရအောင်။ ကျွန်ုပ်တို့ ချီးမွမ်းကြရအောင်။ အတုယူကြရအောင်။ အဲ့ဒီချစ်ခြင်း၊ အဲ့ဒီမေတ္တာတွေကို အကူအညီလိုအပ်နေတဲ့သူတွေကို ပြန်လည်ဝေမျှရင်း ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ ပျော်ရွှင်ဘွယ်ခရစ္စမတ်ဖြစ်စေဖို့ ကြိုးစားကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။

ကျွန်ုပ်တို့ ခရစ္စမတ်ရာသီမှာ ချစ်သူခင်သူအတွက် ခရစ္စမတ်ကဒ်လှလှလေးတွေရွေးပြီးတဲ့နောက် ပေးတတ်ကြပါတယ်။ ဘုရားသခင်ကျွန်ုပ်တို့ကိုပေးတဲ့ ခရစ္စမတ်လက်ဆောင်ကတော့ သူချစ်မြတ်နိုးတဲ့ တန်ဖိုးထားတဲ့ တစ်ပါးတည်းသော သားတော်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘုရားသခင်ကို ဘာလက်ဆောင်ပြန်ပေးမလဲ။ ကျွန်ုပ်တို့ဆီက ပြန်လည်မျှော်လင့်မိမဲ့ လက်ဆောင်ကတော့ ဖြူစင်တဲ့နှလုံးသား၊ စေတနာမေတ္တာတရားနဲ့ ကိုယ်ချင်းစာနာမှုတွေနဲ့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း ဦးထိပ်ပန်ဆင်နေထိုင်မှုတွေနဲ့ ရှင်သန်ခြင်းပဲဖြစ်နေမှာပါ။

ဒါကြောင့် ညီအစ်ကိုမောင်နှမအပေါင်းတို့ အကောင်းဆုံးကိုပေးဆပ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းသာယာမှုမှာ လျှောက်လှမ်းနိုင်ကြဖို့ မိမိအတွက်၊ မိမိဆုတောင်းပေးလိုသောသူအတွက်၊ ဆုတောင်းပေးဖို့အထူးလိုအပ်နေသူအတွက်ပါ ပြုလုပ်ပေးကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။

အယောက်တိုင်းဆီအပေါ်မှာ ဘုရားရှင်ရဲ့ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်း ပြည့်ဝနိုင်ပါစေ။

#ChristmasHomily,BishopJohnSawYawHan2020

 

Add new comment

4 + 4 =