(၂၁)ကြိမ်မြောက် သာမန်တနင်္ဂနွေ ကာဒီနယ် ချားစ်၏ သြဝါဒ

(၂၁)ကြိမ်မြောက် သာမန်တနင်္ဂနွေ ကာဒီနယ် ချားစ်၏ သြဝါဒ

(၂၁)ကြိမ်မြောက် သာမန်တနင်္ဂနွေ ကာဒီနယ် ချားစ်၏ သြဝါဒ

ကျွန်ုပ်တို့၏အနာရောဂါအားလုံးကို ပျောက်ကင်းစေသူ၊ မမြင်နိုင်သည့်ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူသောယေဇူးသခင်

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

          ထာဝရတည်တော်မူတဲ့၊ ကုသခြင်း၏အရှင် ယေဇူးခရစ်တော်ရဲ့ကောင်းချီးမင်္ဂလာဟာ သင် တို့အားလုံးအပေါ် သက်ရောက်ပါစေ။ ယေဇူးသခင်ဟာ ကျွန်ုပ်တို့ရဲ့ဘုရားသခင်၊ ကျွန်ုပ်တို့ရဲ့ကယ် တင်ရှင်၊ ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူတဲ့အရှင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ကုသခြင်းအရှင် အဖြစ် ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့လိုအပ်ပါတယ်။

          ခြေလက်မသန်စွမ်းသူတွေ၊ မျက်မမြင်တွေ၊ နာမကျန်းဖြစ်သူတွေကို ကုသပေးခဲ့တဲ့အရှင်၊ သေပြီးသူတွေကို ပြန်ရှင်စေတော်မူတဲ့အရှင်ရဲ့လက်တော်ဟာ သင်တို့အားလုံးအပေါ် အုပ်မိုးပြီး သင်တို့ကို ကောင်းချီးပေးတော်မူပါစေ။ ယခုလိုခက်ခဲကျပ်တည်းတဲ့ကာလမှာ သင်တို့ကို ကာကွယ် ပေးတော်မူပါစေ။ ယေဇူးသခင်ဟာ ကုသပေးတဲ့အရှင်၊ ဖြေသိမ့်ပေးတဲ့အရှင်ဖြစ်တော်မူတဲ့အတွက် ကိုယ်တော်ရှင်ရဲ့ကုသခြင်းလက်တော်ကို ကျွန်ုပ်တို့ တကယ်ပဲလိုအပ်ပါတယ်။

          ဒီနေ့ဖတ်ရှုရတဲ့ကျမ်းတွေက ယေဇူးသခင်အကြောင်းကို ကျွန်ုပ်တို့ဘယ်လိုနားလည်သလဲဆို တာ မေးထားပါတယ်။ ယေဇူးသခင်က သူ့ရဲ့တပည့်တော်ကြီးတွေကို ““သင်တို့မူကား ငါမည်သူဖြစ် သည်ဟု ဆိုကြသနည်း””လို့ မေးတော်မူခဲ့တယ်။ ကိုဗစ်ကပ်ရောဂါကြောင့် စိန်ခေါ်မှုများစွာကြုံနေရ ပြီး ယုံကြည်ခြင်းကလည်း အစမ်းသပ်ခံနေတဲ့အချိန်မှာ ယေဇူးသခင်က ကျွန်ုပ်တို့တစ်ယောက်ချင်း စီကို ဒီမေးခွန်းမေးထားပါတယ်။

သင်တို့မူကား ငါမည်သူဖြစ်သည်ဟု ဆိုကြသနည်း

          ဒီကာလမှာ ဒီလိုမေးခွန်းကို ဖြေရတာ ခက်ခဲတယ်ဆိုတာ ကျွန်ုပ်တို့အားလုံးသိခဲ့ကြပါပြီ။ ကို ဗစ်ကပ်ရောဂါကြောင့် အရာရာလဲကျပြိုပျက်နေတဲ့အချိန်မှာ အဆိုးမြင်တဲ့သူတွေက ဒါဟာ ယေဇူး ဘုရားရှင်ဆီက အပြစ်ဒဏ်ခတ်ခြင်းပဲလို့ ပြောဆိုလာကြပါတယ်။ တချို့ကျပြန်တော့လည်း ဘုရား သခင်ကို ပစ်ပယ်ရုံမျှမက လူ့ဂုဏ်သိက္ခာကိုပါ လျစ်လျူရှုလာကြပါတယ်။ သန်းပေါင်းများစွာသော လူတွေ ဒုက္ခအခက်အခဲခံစားရချိန်မှာ သူတို့တွေဟာ ဘုရားသခင်ဆီကို ခိုလှုံရကောင်းမှန်း မသိကြ ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားတဲ့သူတွေလည်း ရှိနေကြပါတယ်။ ပုပ်ရဟန်းမင်း ကြီးကတော့ ကမ္ဘာသစ်ဖြစ်ပေါ်လာမယ့်လမ်းကို အဆိုးထဲကအကောင်းအဖြစ် မျှော်လင့်နေပါတယ်။ ဒီလမ်းဟာ ယေဇူးသခင်ရဲ့အလိုတော်အတိုင်း ကောင်းကင်နိုင်ငံတော်ရဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့လမ်းဖြစ် ရပါမယ်။

          ယေဇူးသခင်ဟာ သမိုင်းကို ပုံဖော်ပေးတဲ့သူဖြစ်တယ်ဆိုတာ ရှင်းနေပါပြီ။ ကျွန်ုပ်တို့သုံးစွဲကြ နေတဲ့ ဘီစီ၊ အေဒီဆိုတဲ့ သက္ကရာဇ်အမှတ်အသားတွေဟာ ““ခရစ်တော်မပေါ်မီ””၊ ““သခင်ဘုရား၏ နှစ်””ဆိုတဲ့အဓိပ္ပာယ်နဲ့ ယေဇူးခရစ်တော်ဖွားမြင်တော်မူတဲ့နှစ်ကို ဗဟိုပြုပြီး သတ်မှတ်ထားကြတာပါ။ နွားတင်းကုပ်မှာ မွေးတဲ့ လက်သမားသားဟာ ကားတိုင်ပေါ်မှာ အသတ်ခံရပြီး တစ်ပါးသူရဲ့အုတ်ဂူ မှာ သဂြိုဟ်ခံခဲ့ရပေမဲ့ ဒီအချိန်မှာတော့ သန်းထောင်ပေါင်းများစွာသောလူတွေရဲ့နှလုံးသားထဲမှာ ကိန်းဝပ်နေပါပြီ။ ကိုယ်တော်တိုင် ဘာစာအုပ်မှ မရေးခဲ့ပေမဲ့ လူသန်းပေါင်းများစွာက ကိုယ်တော် ရှင်ရဲ့အကြောင်းကို စာအုပ်မျိုးစုံ ရေးသားထုတ်ဝေနေကြပါပြီ။

          ““မြေခွေးတို့တွင် တွင်းရှိ၏။ ကောင်းကင်ငှက်တို့တွင် အသိုက်ရှိ၏။ လူသားမှာမူကား ခေါင်း ချစရာနေရာမရှိ””လို့ မိန့်တော်မူတဲ့သူကို ကမ္ဘာတစ်ဝန်းက ဘုရားကျောင်းတွေ၊ ကာသီဒြယ်တွေမှာ အလေးအမြတ်ထားပြီး ကိုးကွယ်နေကြပါပြီ။ ဓားကို ဓားအိမ်ထဲ ပြန်ထည့်ခိုင်းတဲ့အရှင်၊ တိုက်ခိုက် လာသူကို ပါးနောက်တစ်ဖက်လှည့်ပေးဖို့ မိန့်ကြားခဲ့တဲ့အရှင်ဟာ အာဏာရှင်တွေရဲ့စိတ်ထဲမှာ စိုး ရိမ်ကြောက်ရွံ့တဲ့စိတ်တွေဖြစ်ပေါ်စေပါတယ်။ ““သင်တို့ရော ထွက်သွားကြဦးမှာလား””လို့ မေးတော် မူတဲ့အရှင်အတွက် ထောင်ပေါင်းများစွာသောဓမ္မအာဇာနည်တွေက လိုလိုလားလားနဲ့ အသက်ကို တောင် ပေးခဲ့ကြပါပြီ။

ခရစ်တော်ဟာ သမိုင်းတွင်ရုံတင်မကဘဲ သမိုင်းကိုတောင် ကျော်လွန်မယ့်အရှင်ဖြစ်ပါတယ်

သမိုင်းထဲမှာ ကျွန်ုပ်တို့ကြားနာရတဲ့ ယေဇူးသခင်ဟာ တကယ့်ကို အံ့ဖွယ်ရာတွေနဲ့ပြည့်နေ တဲ့အရှင်ဖြစ်ပါတယ်။ ယေဇူးသခင်ကို ထူးခြားတဲ့လူသားတစ်ယောက်အဖြစ်လောက်သာ လက်ခံလို တဲ့သူတွေတောင်မှ ကိုယ်တော်ရှင်ကို အံ့ဖွယ်တစ်ပါးအဖြစ် အောင့်သက်သက်နဲ့ လက်ခံထားရပါ တယ်။ သန်းထောင်နဲ့ချီတဲ့လူတွေက သူ့ကို ယုံကြည်လာခဲ့တာ နှစ်ပေါင်းထောင်နဲ့တောင် ချီနေပါ ပြီ။ ကိုယ်တော်ရှင်ကြွလာတော်မူပြီးနောက်ပိုင်း လူ့သမိုင်းကြောင်း၊ ၀ိညာဉ်ရေး၊ နိုင်ငံရေးနဲ့ ကိုး ကွယ်ယုံကြည်ခြင်းတွေဟာ အကုန်ပြောင်းလဲသွားပါတယ်။ လူ့သမိုင်းအပေါ် ကိုယ်တော်ရှင်ရဲ့လွှမ်း မိုးမှု ဘာလို့ဒီလောက်ကြီးမားရသလဲဆိုတာကို ယနေ့ထိတိုင်အောင် လူတွေနားလည်ဖို့ ကြိုးစားနေ ကြတုန်းပါပဲ။

ဒါပေမဲ့ ယုံကြည်သူတစ်ယောက်အတွက်ကတော့ ယေဇူးဟာ သခင်ဘုရားဖြစ်ပါတယ်။ ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းမှာ ရှင်ပေတရုက ယေဇူးဘုရားရှင်အပေါ်ထားရှိတဲ့ သူ့ရဲ့ယုံကြည်ခြင်းကို အခုလို ထုတ်ဖော်သက်သေခံခဲ့ပါတယ်။

               ကိုယ်တော်သည် အသက်ရှင်တော်မူသည့်ဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်။

ခရစ်တော်ဟာ ကမ္ဘာလောကမပေါ်ပေါက်မီကတည်းက တည်ရှိတော်မူတဲ့ အသက်ရှင်တော် မူသောဘုရားဖြစ်ပါတယ်။ လူမျက်စိနဲ့ မမြင်နိုင်တဲ့ဘုရားရဲ့ပုံသဏ္ဌာန်တော်လည်းဖြစ်ပါတယ်။ ခရစ် တော်ဟာ Alpha & Omega၊ အစဦးနဲ့ နောက်ဆုံးလည်းဖြစ်ပါတယ်။ ခရစ်တော်ဟာ ကယ်တင်ရှင် ဖြစ်သလို အချုပ်အနှောင်မှ ဖြေလွှတ်ပေးသူလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရှင်မပါဘဲ လူသားတို့ရဲ့ ဘဝခရီးဟာ မပြည့်စုံနိုင်ပါဘူး။

ခရစ်တော်ဟာ ခရစ်ယာန်မဟုတ်တဲ့သူတွေအတွက် နားလည်ရခက်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ပြဿနာကို ပိုရှုပ်ထွေးစေတာက ခရစ်တော်ရဲ့နောက်လိုက်ဆိုပြီး အသင်းကွဲတွေအမြောက်အမြားရှိ နေတာပါပဲ။ နာမည်ကျော် မဟတ္တမဂန္ဓီကတောင် ““ခရစ်တော်ကို ကျွန်တော်ကြိုက်ပါတယ်။ ကျွန် တော်နားမလည်နိုင်ဖြစ်နေတာက ခရစ်ယာန်တွေပါပဲ””လို့ ပြောခဲ့ဖူးပါတယ်။ ခရစ်ယာန်တွေကို ဆန့် ကျင်တဲ့အတွေးအခေါ်ပညာရှင် Friedrich Nietzsche က ခရစ်တော်နဲ့ပတ်သက်ပြီး ““တကယ် တော့ ခရစ်ယာန်ဆိုတာ တစ်ယောက်ပဲရှိခဲ့တာပါ။ အဲဒီတစ်ယောက်ကလည်း လက်ဝါးကားတိုင် ပေါ်မှာ အသေခံသွားခဲ့ပါပြီ””လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ““ခရစ်တော်ဟာ အိမ်ယာမဲ့သူ၊ ဥစ္စာပစ္စည်းမရှိသူ၊ နေရာစုံ လှည့် လည်သွားလာသူ၊ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ခြင်းခံရသူ၊ ဆွေမျိုးသားချင်းကို အလေးမထားသူ၊ အလုပ်အကိုင်မရှိသူ၊ ဆိုးညစ်သူများနဲ့ပေါင်းဖော်သူ၊ ရုပ်ဝါဒကို ဆန့်ကျင်သူ၊ အသက်ဘေးအတွက် မစိုးရိမ်သူ၊ ခေတ်စနစ်ကို တိုက်ဖျက်သူ၊ အာဏာရှင် ဓနရှင်များကို ဝေဖန်ပြစ်တင်သူ””အဖြစ် တွေ့ မြင်ရပါတယ်။

အခုဆိုရင် ကျွန်ုပ်တို့လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါရဲ့သက်ရောက် မှုတွေကြားမှာ မေးခွန်းက ကျွန်ုပ်တို့ဘက်ကို ပြန်လှည့်လာပါပြီ။ ““ယေဇူးသခင်ဟာ ကျွန်ုပ်တို့တစ်ဦး စီအတွက် ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။””

သမ္မာကျမ်းစာထဲမှာတော့ ကောင်းကောင်းရှင်းပြထားပါတယ်။ ယေဇူးသခင်ဟာ ဖန်ဆင်း ခြင်းအစမှာ ဘုရားသခင်ပြုခဲ့တဲ့ကတိတော်ကို ဖြည့်ဆည်းပေးတဲ့အရှင်ဖြစ်ပါတယ်။ အဲဒီအကြောင်း ကို ပရောဖက်အဆက်ဆက်ဟောကြားခဲ့ကြပါတယ်။ ကိုယ်တော်ရှင်ဟာ ဧမာနူအဲလ်၊ ကျွန်ုပ်တို့နှင့် အတူရှိသောဘုရားဖြစ်ပါတယ်။ ကိုယ်တော်ရှင်မွေးဖွားမယ့်အကြောင်းကို ဘုရားသခင်ရဲ့တမန်တော် က ကြိုတင်ပြီး အမိန့်တော်ပြန်ခဲ့ပါတယ်။ ပရောဖက်တွေကလည်း ခရစ်တော်ရဲ့ကယ်တင်ခြင်းအမှု တော်အကြောင်း ကြိုတင်ဟောပြောခဲ့ကြပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို ထာဝရငရဲဒဏ်က နေ ရွေးနုတ်တော်မူတဲ့ ကယ်တင်ရှင်ဖြစ်သလို တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာဘက်က ရပ်တည် တော်မူတဲ့ ဖြေလွှတ်ပေးသူလည်းဖြစ်ပါတယ်။

၁။ ယေဇူးသခင်ဟာ ကျွန်ုပ်တို့ကို အပြစ်ရဲ့ထမ်းပိုးကနေ ရွေးနုတ်တော်မူတဲ့ကယ်တင်ရှင်ဖြစ်ပါတယ်

          နာမည်ကျော်ကျမ်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ယောဟန် (၃း၁၆-၁၇)မှာ အခုလိုပြောထား ပါတယ်။ ““သားတော်အား ယုံကြည်သူဟူမျှကို ပျက်စီးခြင်းသို့ မရောက်စေဘဲ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာ လောကသားတို့ကို ချစ်တော်မူ၏။ အကြောင်းမူကား ဘုရားသခင်သည် ဤလောကကို အပြစ်စီရင် စေခြင်းငှာ သားတော်အား လောကထဲသို့ စေလွှတ်တော်မူသည်မဟုတ်။ သားတော်အားဖြင့် ဤ လောကသည် ကယ်တင်ခြင်းခံရစေရန် စေလွှတ်တော်မူခြင်းသာဖြစ်၏။””

၂။ ယေဇူးသခင်ဟာ လူ့ပယောဂမကင်းတဲ့ မကောင်းမှုမှန်သမျှကနေ ရွေးနုတ်တော်မူတဲ့ ဖြေလွှတ်ပေးသူဖြစ်ပါတယ်

          ဓမ္မဟောင်းကျမ်းထဲမှာ တွေ့ရတဲ့ဘုရားသခင်ကို တရားမျှတမှုရဲ့အရှင်၊ ဆင်းရဲသား၊ မိဘမဲ့နဲ့ သူစိမ်းတစ်ရံတွေကို ကာကွယ်စောင့်ရှောက်တော်မူတဲ့အရှင်အဖြစ် ပုံဖော်ထားပါတယ်။ ယေဇူး သခင်ရဲ့ ကယ်တင်ခြင်းအမှုတော်နဲ့ပတ်သက်ပြီး ပရောဖက် ဟေရှာယက ကြိုတင်ဟောကြားခဲ့ပါ တယ်။ ယေဇူးသခင်ဟာ လူ့ပရောဂမကင်းတဲ့ မကောင်းမှုမှန်သမျှကနေ ရွေးနုတ်ပေးတဲ့ ဖြေလွှတ် ပေးသူအဖြစ် မိမိကိုယ်ကို ဖော်ညွှန်းထားပါတယ်။ ပရောဖက် ဟေရှာယ အနာဂတ္တိကျမ်းနဲ့ ရှင်လု ကာဧဝံဂေလိကျမ်းမှာ တွေ့ရတဲ့ ““ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကြားပြောရန်၊ ချုပ် နှောင်ခံရသူတို့အား လွတ်ငြိမ်းခြင်းကို ကြေညာရန်၊ ဖိနှိပ်ခံရသူတို့အား ကယ်တင်ရန်... ကိုယ် တော်သည် ငါ့ကို စေလွှတ်တော်မူ၏””ဆိုတဲ့ကျမ်းစကားကတော့ မကြာခဏ ကိုးကားပြောဆိုကြတဲ့ ကျမ်းစကားဖြစ်ပါတယ်။

          ဒါပေမဲ့ မျက်မှောက်ခေတ်လူတွေ ယေဇူးသခင်ကို ရှုမြင်ပုံက ရံဖန်ရံခါဆိုသလို ““ကယ်တင် ရှင်၊ ဖြေလွှတ်ပေးသူ၊ အသက်ရှင်တော်မူသောဘုရားသခင်””စတဲ့ပုံစံမျိုးမဟုတ်တော့တာကို တွေ့နေ ရပါတယ်။

ကိုးကွယ်သူများ၊ နောက်လိုက်တပည့်များ၊ ပရိသတ်များ၊ အားပေးစောင့်ကြည်သူများ

          ယေဇူးသခင်ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် တစိုက်မတ်မတ်အမှုတော်ဆောင်သူဖြစ် ပါတယ်။ တစ်ခါတလေမှာ ဘာသာရေးထုံးတမ်းစဉ်လာတွေက ယေဇူးသခင်ကို ဝတ်ပြုရှိခိုးထိုက်တဲ့ ဆင်းတုတော်သာသာလောက်ပဲ သဘောထားလာကြပါတယ်။ ယေဇူးသခင် အမှန်တကယ်တောင်း ဆိုထားတာက အဲဒါထက် အများကြီးပိုပါတယ်။

          ““ငါ့ကို သခင်၊ သခင်ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။  ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူတို့သာလျှင် ဝင်ရလိမ့်မည်။”” (မာတေးဦး ရး၂၁)

          ဒီကျမ်းချက်ကိုကြည့်ရင် ခရစ်တော်ရဲ့နောက်တော်ကို လိုက်တဲ့အခါမှာ ကြမ်းတမ်းတဲ့ ဒုက္ခ အခက်အခဲတွေရင်ဆိုင်ရမယ်ဆိုတာ သိသာပါတယ်။

          ““ငါ့နောက်သို့ လိုက်လိုသောသူသည် မိမိကိုယ်ကို ငြင်းပယ်၍ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့လိုက်စေ။”” (မာတေဦး ၁၆း၂၄)

          ဒီအချက်ကြောင့် ခရစ်တော်ရဲ့နောက်တော်ကို လိုက်ခဲ့ကြတဲ့သူတွေဟာ ဧဝံဂေလိသတင်း ကောင်းကို ဟောကြားရင်း၊ နိုင်ငံတော်ကို မျက်မှောက်ပြုရင်းနဲ့ မိမိတို့အသက်ကို ပေးဆပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ဟာ နောက်တော်ကို လိုက်တဲ့သူတွေကိုပဲ အလိုရှိနေတာပါ။ ရှိခိုးပြီး လို ရာဆုတွေကိုပဲ တောင်းနေမယ့်သူမျိုးတွေကို မဟုတ်ပါဘူး။ စစ်မှန်တဲ့ခရစ်ယာန်ဟာ ယေဇူးသခင်ရဲ့ (Fan)ပရိသတ်ဖြစ်နေရုံနဲ့မရပါဘူး။ ကိုယ်တော်ရှင်နောက်တော်ကိုလိုက်တဲ့သူ (Follower)ဖြစ်ရပါလိမ့် မယ်။ နိုင်ငံတော်ကို တည်ထောင်တဲ့နေရာမှာ ပါဝင်ဖို့ ခရစ်ယာန်တိုင်းမှာ တာဝန်ရှိပါတယ်။ ကိုး ကွယ်ယုံကြည်သူတွေက ယေဇူးသခင်ဆီကနေ ဆုကျေးဇူးတော်တွေတောင်းလျှောက်ကြပါလိမ့်မယ်။ နောက်လိုက်တပည့်တွေကတော့ နိုင်ငံတော်အတွက် ဆိုပြီး ယေဇူးရဲ့နာမတော်နဲ့ ကြီးမြတ်တဲ့အရာ တွေကို ပြုလုပ်ကြပါလိမ့်မယ်။ ဂျာမန်အတွေးအခေါ်ပညာရှင် Dietrich Bonhoeffer က ““နောက် လိုက်တပည့်မရှိတဲ့ခရစ်ယာန်ဘာသာဟာ ခရစ်တော်မရှိတဲ့ ခရစ်ယာန်ဘာသာလိုပါပဲ””လိုပြီး မှတ် ချက်ပြုခဲ့ဖူးပါတယ်။ မာသာရ် ထရေဇာက ယေဇူးသခင်ရဲ့သတင်းစကားကို အိန္ဒိယ နဲ့ ကမ္ဘာအရပ် ရပ်က လူသန်းပေါင်းများစွာဆီ ရောက်ရှိစေခဲ့တာက သူ့ရဲ့တရားဟောပြောချက်ကြောင့်မဟုတ်ဘဲ သူရဲ့လုပ်ရပ်ကြောင့်သာ ဖြစ်ပါတယ်။ နောက်လိုက်တပည့်တွေကသာလျှင် ““ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်””လို့ သက် သေခံကြပါလိမ့်မယ်။

ယေဇူးသခင်အကြောင်း ဟောပြောခြင်းနှင့် ယေဇူးသခင်ကို ကောင်းစွာသိရှိစေရန် ဟောပြောခြင်း

          လောကီကောင်းကျိုးချမ်းသာကို အဓိကထား ဟောပြောကြတဲ့ တရားဟောဆရာတွေက ယေဇူးခရစ်တော်ကို အွန်လိုင်းမီဒီယာမှာ အရောင်းသွက်တဲ့ကုန်ပစ္စည်းတစ်ခုလို ပြုလုပ်လာကြပါ တယ်။ အတော်များများက ယေဇူးသခင်အကြောင်းပဲ ဟောပြောကြပါတယ်။ ယေဇူးသခင်ကို စိတ် နှလုံးထဲကနေ ကောင်းကောင်းသိဖို့ ဟောပြောတာမျိုးမဟုတ်ပါဘူး။ အဲဒီလူတွေကို ယေဇူးသခင်က ““ငါဘယ်သူဖြစ်တယ်လို့ သင်တို့ပြောမလဲ””ဆိုပြီး မေးလာရင် သူတို့ဖတ်ထားတဲ့တရားစာအုပ်တွေထဲ က စာသားတွေနဲ့ပဲ ပြန်အဖြေပေးကြပါလိမ့်မယ်။ ယေဇူးသခင်ကြားချင်တဲ့အဖြေမျိုးက အသက်ရှင် တော်မူတဲ့ဘုရားသခင်ကို ဆုံတွေ့ရတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့၊ ဘဝတစ်ခုလုံးပြောင်းလဲတဲ့ခံစားမှုက နေ ထွက်ပေါ်လာတဲ့ နှလုံးသားထဲကအဖြေမျိုးပါ။

ကိုယ်ကိုယ်တိုင်ခံစားရတဲ့ ဘဝအတွေ့အကြုံထဲက ယေဇူးသခင်

          ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)က သူအနားမယူခင်မှာ ““သတင်းကောင်းကို အသစ်တစ် ဖန်ဟောပြောခြင်း”” (New Evangelization)ဆိုတဲ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပါတယ်။ တရားတော်ကို ကြားနာရသူတိုင်းက တရားတော်ကို ဟောပြောသူဖြစ်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့အ တွက် ပထမဆုံးလုပ်ရမယ့်ခြေလှမ်းက ယေဇူးသခင်ကို ကိုယ်တိုင်တွေ့ကြုံခံစားရပါမယ်။ စစ်မှန်တဲ့ ခရစ်ယာန်ဟာ တရားဓမ္မစာအုပ်တွေထဲက ယေဇူးသခင်နဲ့ဆိုင်တဲ့ ယုံကြည်ရာအချက်တွေကို ရှင်းပြ တဲ့သူမျိုးမဟုတ်ဘဲ အသက်ရှင်တော်မူတဲ့ဘုရားသခင်ကို မိမိဆုံတွေ့ရတဲ့အခါမှာ ခံစားရတာကို ဝေမျှပြောဆိုတတ်တဲ့သူပဲဖြစ်ပါတယ်။ ဆမာရိတန်အမျိုးသမီးလို၊ ဇာခေဦးလို၊ သေခြင်းကနေ ပြန် လည်ထမြောက်ပြီးတဲ့နောက် ယေဇူးသခင်နဲ့ဆုံတွေ့ခဲ့ရတဲ့အမျိုးသမီးတွေလို၊ ဧမာဦးကိုသွားတဲ့လမ်း မှာ ကိုယ်တော်ရှင်နဲ့ဆုံတွေ့ခဲ့ရတဲ့ တပည့်တော်ကြီးတွေလို ပြန်လည်ဝေမျှရမယ့် ခံစားမှုအတွေ့အ ကြုံမျိုးရှိရပါမယ်။ ယေဇူးသခင်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရှောလုဟာ နောက်ပိုင်းမှာ ပေါလုဖြစ် လာပြီး ထင်ရှားတဲ့တမန်တော်တစ်ပါးလည်း ဖြစ်လာခဲ့ပါတယ်။ ရှင်ပေါလုက ““ကိုယ်တော်သည် မျက်စိဖြင့် မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဖန်ဆင်းခြင်းအားလုံး၏သားဦးဖြစ် တော်မူ၏””လို့ သက်သေခံခဲ့ပါတယ်။

          ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက ဒီလိုခရစ်ယာန်ဘာသာထဲမှာ အတွင်းထဲကနေပဲ ကွဲပြားမှု တွေထွက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော အသင်းကွဲတွေဟာ ခရစ်တော်ကို မိမိတို့လိုရာဆွဲ ပြီး ဟောပြောရင်း ယုံကြည်သူတွေကို ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်တာ၊ ဆယ်ဖို့တစ်ဖို့ရဖို့ အတွက် တိုက်ခိုက်ကြတာတွေရှိလာတာကြောင့် ခရစ်ယာန်မဟုတ်တဲ့သူတွေအနေနဲ့ အထင်အမြင် လွဲမှားကုန်ကြပါတယ်။ တချို့ဆိုရင် ယေဇူးသခင်ကို “P” (၅)လုံးနဲ့ ခေတ်သစ်ယုဒအစ္စကာရီယုဒ်လို သစ္စာဖောက်ပြီး အမြင်လွဲမှားအောင် ပြုမူနေကြပါတယ်။ အဲဒီ “P” (၅)လုံးကတော့

၁။ Plastic Jesus (ကော်ဆင်းတုတော်နဲ့ အလားသဏ္ဌာန်တူတဲ့ယေဇူးသခင်)

          ယေဇူးသခင်ဟာ မိမိရဲ့ဆင်းတုတော်ရှိရာကို လာရောက်ဆုတောင်းဝတ်ပြု မယ့်သူတွေကိုပဲ စောင့်မျှော်နေရတဲ့သူလိုမျိုး မှားယွင်းစွာ ပုံဖော်ကြပါတယ်။ ဒီလိုပုံစံမျိုးနဲ့ နောက်လိုက်တပည့်တွေ မတိုးပွားနိုင်သလို ဧဝံဂေလိတရားတော်ကို ဟောကြားဖို့လည်း လှုံ့ဆော်နိုင်မှာမဟုတ်ပါဘူး။

၂။ Prosperity Jesus (လောကီကောင်းကျိုးချမ်းသာပေးတဲ့ယေဇူးသခင်)

          ယေဇူးသခင်ရဲ့ဘဝဇာတ်ကြောင်းကို လက်သမားရဲ့သားဘဝကနေ အောင်မြင်လာသူလိုမျိုး ပုံဖော်ပြီး လောကီကောင်းကျိုးချမ်းသာပေးမယ့်သူအဖြစ် လူတွေကို ဆွဲဆောင်ရင်း လွဲမှားစွာ ဟော ပြောသွန်သင်ကြပါတယ်။ ဒီလိုမှားယွင်းတင်ပြမှုကြောင့် ခရစ်ယာန်ဘာသာဟာ အရှေ့တိုင်းမှာ ပြန့် ပွားသင့်သလောက် မပြန့်ပွားဘဲ ဖြစ်နေရပါတယ်။

၃။ Project (ပရောဂျက်ပုံစံနဲ့လာတဲ့ယေဇူးသခင်)

          တရားဟောကြားတာ၊ ဘဝပြောင်းလဲတာ၊ သာသနာသစ်ထူထောင်တာတွေအားလုံးကို NGO လုပ်ငန်းသဘောလိုမျိုး စည်းမျဉ်းဥပဒေတွေနဲ့ပဲ လုပ်ဆောင်ပြီးတော့ အစမူလအသင်းတော်ဟာ တံငါသည်တွေ၊ တဲချုပ်တဲ့သူတွေနဲ့ တည်ထောင်လာခဲ့တာကို လုံးလုံးလျားလျားမေ့လျော့သွားတဲ့ပုံစံ မျိုးဖြစ်ပါတယ်။ အဲဒီတံငါသည်တွေ၊ တဲချုပ်တဲ့သူတွေဟာ ““ငါသည် အားနည်းသောအခါ ခွန်အား နှင့် ပြည့်စုံလာ၏””လို့ဆိုပြီး ဘုရားသခင်အပေါ် ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့နဲ့ အသင်းတော်ကို အတူ တကွ တည်ထောင်ခဲ့ကြတယ်ဆိုတာကိုတော့ မေ့လို့ မဖြစ်ပါဘူး။

၄။ Politicians’ Jesus (နိုင်ငံရေးသမားတွေရဲ့ ယေဇူးသခင်)

          အမေရိကလိုနိုင်ငံမျိုးမှာ နိုင်ငံရေးသမားတွေဟာ ယေဇူးသခင်ကို မိမိတို့ရဲ့နိုင့်ငံရေးအကျိုး အမြတ်အတွက် လိုသလို အပိုင်းခွဲပြီး အလွဲသုံးစားပြုတတ်ကြပါတယ်။ ယုံကြည်ခြင်းနဲ့ နိုင်ငံရေး ဟာ ကွဲကွဲပြားပြားမရှိဘဲ မိမိတို့လိုသလို ပြောင်းလဲပုံဖော်တတ်ကြပါတယ်။ ငွေလိုတဲ့အခါ ATM Card ကို အသုံးပြုသလိုမျိုး ကျမ်းစာကိုလည်း အသုံးပြုနေကြတာပါ။

၅။ Persecuting Jesus (အပြစ်ဒဏ်ခတ်တဲ့ယေဇူးသခင်)

          ဘေးဒုက္ခတွေ၊ ကပ်ရောဂါတွေကျရောက်တဲ့အခါ ဒါတွေဟာ ယေဇူးသခင်ရဲ့အမျက်တော်နဲ့ ဒဏ်ခတ်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာကုန်ဖို့ နီးလာပြီဖြစ်တဲ့အကြောင်း၊ ရွေးချယ်ထားသူလူနည်းစုသာ ကယ်တင်ခြင်းခံရပြီး ကျန်တဲ့သူအားလုံးကတော့ အပြီးတိုင်ပျက်စီးခြင်းနဲ့ကြုံတွေ့ရမယ့်အကြောင်း ဟောပြောပြီး ယေဇူးသခင်ကို လွဲမှားစွာ ပုံဖော်တတ်ကြပါသေးတယ်။

ဒီလိုအခြေအနေအမျိုးမျိုးကြားမှာ ယေဇူးသခင်က ကျွန်ုပ်တို့အားလုံးကို ထပ်ပြီးမေးနေပါ တယ်။

သင်တို့မူကား ငါမည်သူဖြစ်သည်ဟုဆိုကြသနည်း

ယေဇူးဘုရားရှင်ဟာ သူ့ရဲ့သာသနာတော်ကို ပေတရုဆိုတဲ့ ““ကျောက်””အပေါ်မှာ တည် ထောင်တော်မူခဲ့ပါတယ်။ ကက်သလစ်သာသနာတော်ရဲ့သမိုင်းကြောင်းဟာ အဲဒီကာလကတည်းက ပြတ်တောက်သွေဖည်ခြင်းမရှိဘဲ တစ်ဆက်တည်း တည်ရှိလာခဲ့တာပါ။ သာသနာတော်ရဲ့ယုံကြည် ခြင်းခရီးလမ်းဟာလည်း ကြာမြင့်ခဲ့ပါပြီ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မကြာခဏ နှိုးဆော်သလို သာ သနာတော်ဟာ သိုးစုဖြစ်တဲ့ လူတွေရှိရာကို ထွက်ပြီး သာသနာပြုရမယ်။ ပြီးရင် ဒဏ်ရာအနာတရ တွေနဲ့ ““သိုးနံ့စွဲပြီး”” ပြန်လာရပါလိမ့်မယ်။

ယေဇူးခရစ်တော်တည်ထောင်တော်မူတဲ့သာသနာဟာ “P”သုံးလုံးနဲ့ ကိုက်ညီနေပါတယ်။ အဲ ဒီ “P” (၃)လုံးကတော့

၁။ Proclaiming Jesus and the Kingdom of God

နှုတ်ကပါတ်တော်အတိုင်း ရှင်သန်ပြီး ယေဇူးခရစ်တော်ဟာ တစ်ဆူတည်းသော ဘုရားဖြစ် တဲ့အကြောင်းနဲ့ ဘုရားသခင်ရဲ့နိုင်ငံတော်ကို လူတွေရဲ့ရင်မှာ စွဲမြဲအောင် ဟောပြောကြေညာရပါ လိမ့်မယ်။ ““နှုတ်ကပါတ်တော်သည် လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ ငါတို့အလယ်တွင် စံပယ်တော် မူလေ၏””ဆိုတဲ့ကျမ်းစကားအတိုင်း နေထိုင်အသက်ရှင်တဲ့ သာသနာတော်ဖြစ်ရပါမယ်။

၂။ Preaching an integrated Evangelization of Salvation and Liberation

ကယ်တင်ခြင်းနဲ့ ဖြေလွှတ်ခြင်းသတင်းကောင်းကို ဟောပြောတဲ့သာသနာတော်ဖြစ်ရပါမယ်။ အမုန်းတရားပဋိပက္ခတွေ၊ ဆင်းရဲချို့တဲ့မှုတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေ၊ စာနာစိတ်ကင်းမဲ့မှုတွေ ကြောင့် ဒဏ်ရာအထပ်ထပ်ရနေတဲ့ ခန္ဓာကိုယ်ကို အရေးမထားဘဲ ““၀ိညာဉ်””ကို ကယ်ဖို့ပဲ စိတ်စွဲ မနေရပါဘူး။ လူသားတိုင်းကို ဘုရားသခင်ရဲ့ရွှေပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းထားတယ်ဆိုတဲ့ အချက်ကို မယိုင်မလဲ ဆုပ်ကိုင်ထားတဲ့သာသနာတော်မျိုးလည်း ဖြစ်ပါတယ်။

၃။ Poor Centered Jesus

ဆင်းရဲသားတွေကို အလေးထားတဲ့သာသနာတော်ဖြစ်ရပါမယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အလိုရှိတဲ့ပုံစံကလည်း ဆင်းရဲသားတွေနဲ့ဖွဲ့စည်းထားတဲ့သာသနာတော်၊ ဆင်းရဲသားတွေအတွက် ဖွဲ့ စည်းထားတဲ့သာသနာတော်ဖြစ်ပါတယ်။ ပျောက်ဆုံးတဲ့သိုးတွေကို လိုက်လံရှာဖွေတဲ့  ကောင်းသော သိုးထိန်းတော် ယေဇူးသခင်အကြောင်းကို ဟောပြောတဲ့သာသနာတော်ဖြစ်ဖို့ လိုအပ်ပါတယ်။ လူ နည်းစုကသာ အကြီးအကျယ်ချမ်းသာကြွယ်ဝနေတဲ့၊ တရားမျှတမှုမရှိတဲ့ ကမ္ဘာကြီးမှာ သာသနာ တော်ဟာ တောင်ပေါ်ဒေသနာထဲက ““ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏””ဆိုတဲ့ကျမ်းချက်အတိုင်း လျှောက်လှမ်းနိုင်တဲ့သာသနာတော်ဖြစ်ရပါလိမ့်မယ်။

ကိုဗစ်ကပ်ရောဂါအချိန်မှာ ကျွန်ုပ်တို့ဟာ သဒ္ဓါတရားကြောင့်ရော၊ အကြောက်တရားနဲ့ပါ ပေါင်းစည်းလာခဲ့ကြပါတယ်။ ကျွန်ုပ်တို့ရဲ့တည်ရှိမှု၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းနဲ့ ကျွန်ုပ်တို့ဘယ်အရာ ကို ဦးစားပေးသလဲဆိုတာတွေဟာ မေးခွန်းထုတ်ခံကြရပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ ဒီနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းမှာပါတဲ့ ““သင်တို့မူကား ငါမည်သူဖြစ်သည်ဟု ဆိုကြသနည်း””ဆိုတဲ့ ယေဇူးသခင်ရဲ့မေးခွန်းက ကျွန်ုပ်တို့ကို စိန်ခေါ်နေပါတယ်။

ဒီမေးခွန်းရဲ့အဖြေက ကိုဗစ်ရောဂါအလွန်ကာလမှာ ဖြစ်လာမယ့် ကျွန်ုပ်တို့ရဲ့ဘဝ၊ ကျွန်ုပ်တို့ ရဲ့ယုံကြည်ခြင်းအသက်တာနဲ့ ကျွန်ုပ်တို့ရဲ့လူသားမျိုးနွယ်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးပါလိမ့် မယ်။

Maranatha ... ။ အိုယေဇူးဘုရားရှင်...ကြွလာတော်မူပါ။ ဤကမ္ဘာလောကအား ကုသပေး တော်မူပါ။ ကိုယ်တော်ရှင်၏နောက်တော်သို့ ပိုမိုလိုက်လျှောက်နိုင်ရန် ကျွန်ုပ်တို့အား ကူညီစောင်မ တော်မူပါ။

သင်တို့အားလုံးကို ဘုရားသခင်ကောင်းချီးပေးတော်မူပါစေ။

Add new comment

2 + 0 =