၂၀၂၁ ၀ါတွင်းပထမတနင်္ဂနွေ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁

၂၀၂၁ ၀ါတွင်းပထမတနင်္ဂနွေ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁

 

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

 

                ဆုတောင်းခြင်း၊ မျှော်လင့်ခြင်းနဲ့အတူ ကျွန်ုပ်တို့ဟာ ၀ါတွင်းကာလထဲ ဝင်ရောက်လာကြပါပြီ။ ဒီကာလဟာ ကျွန်ုပ်တို့အတွက်ရော၊ နိုင်ငံအတွက်ရော အကျပ်အတည်းရောက်တဲ့ကာလ ဖြစ်နေပါတယ်။ မနှစ်က ၀ါတွင်းအချိန်ကတည်းက ကျွန်ုပ်တို့အားလုံးLockdown ဝင်ခဲ့ရတာ တစ်နှစ်ကြာတဲ့အချိန်အထိ Lockdown ထဲက လွတ်လွတ်ကျွတ်ကျွတ် မထွက်နိုင်သေးပါဘူး။ အခုဆိုရင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စိတ်ပျက်ရတာ၊ မျှော်လင့်ချက် ပျောက်ဆုံးရတာတွေပါ ဖြစ်လာပါတယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံမှာ အကျင့်တရားပြောင်းလဲကြဖို့ လိုအပ်နေပါပြီ။ နိုင်ငံအတွင်း ပြန်လည် သင့်မြတ်ရေးဖြစ်ပေါ်လာဖို့ ဒီဝါတွင်းကာလမှာ ကျွန်ုပ်တို့အထူးဆုတောင်း ကြရပါမယ်။

                ဒီဝါတွင်းကာလမှာ (၄၀)ဂဏန်းနဲ့ပတ်သက်ပြီး ဆင်ခြင်ရမယ့်အချက်(၃)ချက်ကို ထောက်ပြလိုပါတယ်။

                ပထမ(၄၀)က အစ္စရာအဲလ်လူမျိုးတွေ တောကန္တာရမှာ နှစ်ပေါင်း(၄၀)ခရီးသွားခဲ့ရတဲ့ အကြောင်းပါ။ ဂျူးလူမျိုးတွေဟာ ကျွန်ဘဝကို ရောက်ခဲ့ကြတယ်။ အစာရေစာပြတ်တဲ့ဒဏ်ကို ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့တွေဟာ အဖွဲ့အစည်းနဲ့ နေထိုင်တဲ့အခါ အချင်းချင်းကူညီစောင့်ရှောက်ရမယ် ဆိုတဲ့အချက်ကို နားလည်ခဲ့ကြတယ်။ ၀ါတွင်းကာလဟာလည်း အတိဒုက္ခရောက်နေသူတို့အတွက် စဉ်းစားပေးရမယ့်အချိန်ဖြစ်ပါတယ်။ သန်းပေါင်းများစွာသောလူတွေဟာ ဘဝတစ်လျှောက်လုံး အခက်အခဲကြုံတွေ့နေရပါတယ်။ သူတို့တွေအတွက် ကျွန်ုပ်တို့ဟာ အပေါ်ယံပြောဆိုနေတာထက် ကြင်နာစိတ်ထားပြီး လက်တွေ့ကူညီဖို့လိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ပရောဖက် အီဇာအိယက အခုလိုဟောကြားခဲ့ပါတယ်။

                ““ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကို ချခြင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။ မွတ်သိပ်သောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော”” (အီဇာအိယ ၅၈း၆-၇)

                ဒုတိယ(၄၀)က ယေဇူးသခင်ဟာ တောကန္တာရမှာ ရက်ပေါင်း(၄၀)ကြာတဲ့အထိ အစာရှောင်ဆုတောင်းပြီး နတ်ဆိုးရဲ့နှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံခဲ့တဲ့အကြောင်းပါ။ လူတိုင်းလူတိုင်း နှောင့်ယှက်ခြင်းခံကြရပါတယ်။ ရှင်ပေတရုက ““နတ်ဆိုးဟာ ကျွန်ုပ်တို့ကို ၀ါးမျိုဖို့ ချောင်းမြောင်းနေတဲ့ ဆာလောင်နေတဲ့ခြင်္သေ့လိုပဲ””လို့ ဆိုခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ အမုန်းတရားနဲ့ အပြစ်ကို တွန်းလှန်နိုင်တဲ့ကျေးဇူးတော်နဲ့အတူ မွေးဖွားလာကြပါတယ်။ ၀ါတွင်းကာလမှ ကျွန်ုပ်တို့ကိုယ်ကို ချုပ်တီးပြီး ကယ်တင်ခြင်းလမ်းခရီးအတိုင်း ပြန်လည်လျှောက်လှမ်းကြရပါမယ်။ ဒီကာလဟာ ဆုတောင်းခြင်း၊ ကိုယ်စိတ်နှိမ့်ချခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းတွေနဲ့အတူ လျှောက်လှမ်းရမယ့် ကာလဖြစ်ပါတယ်။

                တတိယ(၄၀)က ယခုအချိန် မြန်မာနိုင်ငံနဲ့ ကျွန်ုပ်တို့ဘဝရှေ့ရေးအတွက် အရေးပေါ်လိုအပ် နေတဲ့အရာဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်းလည်းဖြစ်တဲ့ ဒီရက်(၄၀)ဟာ ယေဇူးဘုရားရှင် သေခြင်းကနေ ပြန်လည်ထမြောက်ပြီး တပည့်တော်ကြီးတွေနဲ့အတူတူ နေထိုင်ခဲ့တဲ့ ကာလဖြစ်ပါတယ်။ ကားတိုင်ခရီးဟာ သချုႋင်းတွင်းမှာ အဆုံးမသတ်ဘဲ သေခြင်းကို အောင်နိုင်ခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ မျှော်လင့်ခြင်းနဲ့ နေထိုင်အသက်ရှင်သူတွေအတွက် စိတ်ပျက်အားလျော့ခြင်းတွေ ကွယ်ပျောက်ပြီး ဘုန်းဂုဏ်တော်နဲ့ ရှင်သန်နိုင်တဲ့အသက်တာကို ရရှိပါလိမ့်မယ်။ မြန်မာ ပြည်သူပြည်သားတွေခံစားခဲ့ရတဲ့ ဒုက္ခဟာ မပြီးဆုံးနိုင်တော့ဘူးလို့ တချို့က ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ကျမ်းစာထဲက “ယောဘ”လိုပါပဲ။ ယောဘဟာ ဘုရားသခင်အပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းကို မစွန့်လတ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ အဆပေါင်းများစွာသော ကောင်းချီးမင်္ဂလာတွေကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာလည်း ဒီအချိန်မှာ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းကို မစွန့်လွှတ်ဖို့ လိုပါတယ်။

                ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်နဲ့လူသားအကြား ထားရှိခဲ့တဲ့ပဋိညာဉ်တော်ဟာ ဧဒင်ဥယျာဉ် ထဲမှာပဲ လူသားတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ လူသားတွေအတွက် ကယ်တင်ခြင်းလမ်းကို ပြန်ဖွင့်ပေးထားပါတယ်။ ကိုယ်တော်ရှင်ဟာ ဖြောင့်မတ်သူတစ်ဦးဖြစ်တဲ့ နောဧကနေတစ်ဆင့် ပဋိညာဉ်သစ်ကို ပြုခဲ့ပါတယ်။ နောဧဟာလည်း သင်္ဘောထဲမှာ ရက်ပေါင်း (၄၀)ကြာအောင် နေထိုင်ခဲ့ပြီးတဲ့နောက် အသက်ချမ်းသာရခဲ့ပြီး ဘုရားသခင်နဲ့ပဋိညာဉ်သစ်ကို ထူထောင်နိုင်ခဲ့ပါတယ်။

                ယခု ကျွန်ုပ်တို့ကြုံတွေ့နေရတဲ့အခြေအနေတွေကြောင့် ကျွန်ုပ်တို့အရေးတကြီးလုပ်ဆောင်ရ မယ့်အရာတွေကို ဦးစားပေးဆောင်ရွက်တတ်ရပါမယ်။ ဒီနေရာမှာ လူရဲ့အကြံအစည်အတိုင်း မဟုတ်ဘဲ ဘုရားသခင်ရဲ့အကြံအစည်တော်အတိုင်း လုပ်ဆောင်ရပါမယ်။ အမုန်းတရားတွေ၊ ဒေါသတွေကို ရှေ့တန်းတင်လို့ မရပါဘူး။ ပုပ်ရဟန်းမင်းကြီးကလည်း ခြိုးခြံဝါရှောင်ခြင်းနည်းလမ်း သစ်တွေဖြစ်တဲ့ ဒေါသကို ချုပ်တည်းခြင်း၊ မုန်းတီးစိတ်ကို ချုပ်တည်းခြင်း၊ အာဏာတပ်မက်စိတ်ကို ချုပ်တီးခြင်း၊ ကလဲ့စားတုံ့ပြန်လိုစိတ်ကို ချုပ်တည်းခြင်း စတာတွေကို ကျင့်ကြံရပါလိမ့်မယ်။ မြန်မာ နိုင်ငံဟာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအနေနဲ့ ပြန်လည်ရုန်းထနိုင်ဖို့ လိုပါတယ်။

                ရှင်ပေတရုသြဝါဒစာဒုတိယစောင်ထဲမှာ နောဧလက်ထက်တုန်းက လူတိုင်း ကယ်တင်ခြင်း မရခဲ့ဘဲ နောဧတို့မိသားစု(၈)ယောက်သာ အသက်ချမ်းသာရခဲ့တဲ့အကြောင်းကို သတိပေးထားပါ တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ယုံကြည်ပါတယ်ဆိုရုံနဲ့မပြီးဘဲ ကိုယ်တိုင်က ယုံကြည်တဲ့အတိုင်း ကျင့်ကြံဖို့လိုပါတယ်။ ကျွန်ုပ်တို့မှာ မုန်းတီးစိတ်၊ အာဏာတပ်မက်စိတ်၊ သူတစ်ပါးကို ဖိနှိပ်လိုစိတ်တွေများနေပြီဆိုရင် အသက်ရှင်လျက်နဲ့ သေနေတဲ့သူတွေလိုပါပဲ။ ““လူတွေဟာ အသက်(၇၀) (၈၀) လောက်မှ မြှုပ်နှံသဂြုႋဟ်ခြင်းခံရပေမဲ့ အသက်(၄၀)လောက်ကတည်းက သေနှင့်နေပြီးသားပါပဲ””လို့ ပညာရှိတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ ဘုရားတရားမေ့လျော့နေတဲ့သူ၊ အတိဒုက္ခရောက်နေသူကို လျစ်လျူရှုပြီး ကောင်းသောဆမာရီတန်လို ကျင့်ကြံခြင်းမရှိတဲ့သူဟာလည်း လူသေတွေနဲ့ မခြားပါဘူး။ ကျွန်ုပ်တို့ရဲ့အသက်တာဟာ ၀ိညာဉ်တော်၌ ရှင်သန်သောအသက်တာဖြစ်ရပါမယ်။ ရှင်ပေတရုက သူ့ရဲ့သြဝါဒစာထဲမှာ ““ခရစ်တော်ဟာ အသွေးအသား ခန္ဓာအားဖြင့် သေဆုံးခဲ့ပေမဲ့ ၀ိညာဉ်တော်အားဖြင့် ပြန်လည်ထမြောက်ခဲ့တယ်””လို့ သွန်သင်ထားပါတယ်။ ၀ိညာဉ်တော်အလင်းကျေးဇူးနဲ့ ရှင်သန်သူတွေကို သေခြင်းကသော်လည်းကောင်း၊ အကျဉ်းထောင် ကသော်လည်းကောင်း အောင်နိုင်ခြင်းမရှိပါဘူး။

                ဘုရားသခင်ရဲ့သားတော်ဖြစ်တဲ့ ယေဇူးကိုယ်တော်တိုင်တောင် နတ်ဆိုးရဲ့နှောင့်ယှက်ခြင်းကို ရက်ပေါင်း(၄၀)တိုင်တိုင် ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကိုယ်တော်ရှင်ဟာ ဆုတောင်းခြင်း၊ ခြိုးခြံဝါ ရှောင်ခြင်းတွေနဲ့ ကျော်ဖြတ်အောင်မြင်ခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာလည်း နှောင့်ယှက်ခြင်းနဲ့ ကြုံ လာတဲ့အခါမှာ တွန်းလှန်တိုက်ဖျက်မှသာ ရပါလိမ့်မယ်။ အပြစ်ကို တွန်းလှန်ခြင်းမရှိသူဟာ အပြစ်နွံမှာပဲ နစ်မွန်းပါလိမ့်မယ်။ ဒီအပြစ်ဟာ နောက်ဆုံးမှာ ကျွန်ုပ်တို့ရဲ့ဘဝကို နင်းချေဖျက်ဆီးမယ့် အရာပဲဖြစ်ပါတယ်။

                တောကန္တာရမှာ ယေဇူးဘုရားရှင်ခံခဲ့တဲ့ နှောင့်ယှက်ခြင်းဟာ ကိုယ်တော်ရှင်ရဲ့ကားတိုင်ခရီး အစပဲ ရှိပါသေးတယ်။ ဒီထက်ပိုပြီး ခက်ခဲကြမ်းတမ်းတဲ့အရာတွေကို ကိုယ်တော်ရှင်ကျော်ဖြတ်ခဲ့ရပါတယ်။ အလားတူပဲ ကျွန်ုပ်တို့ရဲ့ဝါတွင်းခရီးဟာလည်း အစပဲရှိပါသေးတယ်။ ကျွန်ုပ်တို့ဟာ နှောင့်ယှက်ခြင်းတွေကို ဘဝတစ်လျှောက်လုံး တိုက်ဖျက်တွန်းလှန်ရမှာဖြစ်ပါတယ်။ ““သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်အဖြစ်သို့ ပြန်သွားရမည်””ဆိုတဲ့စကားက ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။ ကယ်တင်ခြင်းရဖို့ရန်အတွက် ကောင်းမှုတွေပြုလုပ်ဖို့၊ ကောင်းသောအသက်တာနဲ့ရှင်သန်ဖို့လည်း လိုအပ်ပါတယ်။

                ယေဇူးဘုရားရှင်ဟာ တောကန္တာရကနေ ထွက်လာပြီးတဲ့နောက် ကောင်းကင်နိုင်ငံတော် တည်မည့်အကြောင်း ဟောကြားတဲ့နေရာမှာ ““နောင်တရကြဖို့”” အဓိကထား ဟောကြားခဲ့ပါတယ်။ ကောင်းကင် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိုယ်တော်ရှင်ရဲ့တရားစကားက ရှင်းပါတယ်။

အာဏာတပ်မက်တာကို စွန့်ပယ်ပြီး အလုပ်အကျွေးပြုလိုတဲ့စိတ်ကို မွေးရပါမယ်။

တစ်ပါးသူတွေအပေါ် ဖိနှိပ်ခြင်းကို စွန့်ပယ်ပြီး ညီအစ်ကိုမောင်နှမစိတ်မွေးရပါမယ်။

မုန်းတီးစိတ်ကို စွန့်ပယ်ပြီး ခွင့်လွှတ်နိုင်တဲ့စိတ်မွေးရပါမယ်။

တရားမဲ့ စိုးမိုးလိုတဲ့စိတ်ကို စွန့်ပယ်ပြီး မေတ္တာစိတ်မွေးရပါမယ်။

မတရားနည်းနဲ့ချမ်းသာလိုစိတ်ကို စွန့်ပယ်ပြီး ပေးကမ်းဝေမျှလိုစိတ်မွေးရပါမယ်။

တိုက်ခိုက်လုယက်လိုစိတ်ကို စွန့်ပယ်ပြီး ကောင်းသောဆမာရီတန်ရဲ့စိတ်မျိုးမွေးရပါမယ်။

ကိုယ့်မိသားစုကောင်းစားရေးကိုပဲ မကြည့်ဘဲ လူအားလုံးအပေါ် မိသားစုစိတ်ဓာတ်ထားရပါမယ်။

စိတ်ပျက်အားငယ်စိတ်ကို စွန့်ပယ်ပြီး မျှော်လင့်ခြင်းထားနိုင်တဲ့စိတ်ကို မွေးရပါမယ်။

စိတ်နှလုံးနှိမ့်ချသူတို့သာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်ဆိုတဲ့အချက်ကို မေ့ထားလို့မရပါဘူး။ မကောင်းမှုတွေ အဆုံးသတ်ရမယ့်နေ့ရက်ဟာ သတ်မှတ်ပြီးသားပါ။ အဲဒီနောက်မှာ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်ုပ်တို့တွေ့ရပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ငိုကြွေးခြင်းတွေလည်း ချုပ်ငြိမ်းသွားပါလိမ့်မယ်။ ယုံကြည်သူတိုင်းဟာ ဘဝမှာ အံ့ဖွယ်တန်ခိုးတွေကို မြင်ရတွေ့ရပါလိမ့်မယ်။

၀ါတွင်းကာလဟာ ကျွန်ုပ်တို့ရဲ့အားနည်းချက်နဲ့ အပြစ်တွေကို အသေအချာသိမြင်အောင် လုပ်ပြီး ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ပြန်လည်တွန်းလှန်ရမယ့်အချိန်ဖြစ်ပါတယ်။ နောဧလက်ထက်လိုပဲ ကျွန်ုပ်တို့ဟာလည်း အသက်ချမ်းသာရခဲ့တဲ့ (၈)ယောက်ထဲမှာ ပါမလား၊ ဒါမှမဟုတ် သေကြေပျက်စီးရတဲ့သူတွေထဲမှာ ပါမလားဆိုတာ ဆင်ခြင်သုံးသပ်ရပါမယ်။

ကျွန်ုပ်တို့ဟာ သေဆုံးပြီးတာနဲ့ ဘယ်ကိုသွားမလဲဆိုတာ ထောက်ရှုကြည့်ပါ။ မသေခင်စပ်ကြားမှာ ငွေကြေး၊ သြဇာအာဏာ၊ ဂုဏ်ဒြပ်နဲ့ သူတစ်ပါးအပေါ် ဖိနှိပ်မှုတွေနောက်ကိုပဲ လိုက်နေခြင်းဟာ ဘာကိုမှ ကောင်းကျိုးမပေးဘူးဆိုတာ မြင်အောင်ကြည့်ပါ။ ဘယ်လောက်ပဲ သြဇာအာဏာရှိရှိ တစ်ချိန်မှာ သေဆုံးပြီး သူတို့ရဲ့လုပ်ရပ်မှန်သမျှကို သမိုင်းက မှတ်တမ်းတင်ပါလိမ့်မယ်။

လက်သမားရဲ့သားဖြစ်တဲ့ ယေဇူးခရစ်တော်ကို ယုံကြည်သက်ဝင်ပြီး နှစ်ပေါင်းရာထောင်ချီအောင် နောက်တော်ကို လိုက်နေကြတဲ့သူ သန်းပေါင်းများစွာရှိပါတယ်။ ဒီဝါတွင်းကာလမှ အမှန်တရားကို မြင်အောင်ကြည့်ကြပါ။ ကိုယ့်ရဲ့ဘဝမှာ အမှောင်ဖုံးထားတဲ့ အတုအယောင်၊ အလိမ်အညာတွေရဲ့ဘေးကနေ အားလုံးကင်းဝေးကြပါစေ။

Add new comment

1 + 3 =