၁၆-ကြိမ်မြောက်-သာမာန်တနင်္ဂနွေနေ့ဩဝါဒ

၁၆-ကြိမ်မြောက်-သာမာန်တနင်္ဂနွေနေ့ဩဝါဒ

စိန်ခေါ်မှုများကြားမှာ အချင်းချင်း သိုးထိန်း‌တွေ ဖြစ်ဖို့ ခေါ်နေပါသည်။

(၁၆) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့

ကာဒီနယ်ချာစ်းလ် မောင်ဘို၏ဩဝါဒ၊ ရန်ကုန် ၊မြန်မာ။

 

 

ပထမကျမ်း။ ။ ယေရမိယအနာဂတ္တိကျမ်း ၂၃း ၁-၆ ထာဝရဘုရားသခင်သည် သူ၏လူမျိုး အီဇရာအယ်ကို သိုးထိန်းပေးမည်ဟု ကတိထားသည်။

 

ဆာလံ။ ။၂၃း ၁-၆ ထာဝရဘုရားသည် ငါတို့၏ သိုးထိန်းဖြစ်သည်။

 

ဒုတိယကျမ်း။ ။ အီဖက် ၂း ၁၃-၁၈ ခရစ်တော်ဘုရားသည် ကျွန်ုပ်တို့ကို အဖခမည်းတော်ဘုရားနှင့် ပြန်လည်သင့်မြတ်စေ၍ ငြိမ်းချမ်းခြင်းနှင့် စည်းလုံးခြင်း၌ ပေါင်းစည်းစေသည်။

 

ဧဝံဂေလိကျမ်း။ ။ မာကု ၆း ၃၀-၃၄ကိုယ်တော်သည် လူအစုအဝေးကို မြင်သဖြင့် သူတို့အပေါ် ၌ကရုဏာသက်တော်မူ၏ အကြောင်းမူကား သူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်နေကြသောကြောင့်တည်း။  

 

ချစ်စွာသော ညီအကိုမောင်နှမအပေါင်းတို့-

 

ဘုရားသခင်၏ ငြိမ်းချမ်းခြင်းနဲ့ ကောင်းကြီးမင်္ဂလာအပေါင်း သင်တို့နဲ့ အမြဲရှိပါစေ။ 

ဒီနေ့ဖက်ရှုရတဲ့ ကျမ်းချက်တွေက သိုးထိန်းခြင်းအကြောင်းကို ပြောနေပါတယ်။ ကောင်းသောသိုးထိန်းဖြစ်တဲ့ ဘုရားက ကျွန်ုပ်တို့ကို သူ့ရဲ့အကာကွယ်အောက် ခိုလှုံဖို့ ဒီကနေ့ခေါ်နေပါတယ်။ ဘုရားသခင်ပြောတာကတော့ ငါ့၏သိုးတွေကို ငါသိ၏။ ငါ့ကိုလည်း သူတို့သိကြ၏။ သူရဲ့ အကာကွယ်မှာ ခိုလှုံဖို့ ကျွန်ုပ်တို့ကို ခေါ်နေပါတယ်။ သိုးများကောင်းစားရေးအတွက် အသက်ပေးခဲ့တဲ့ ခရစ်တော် ဘုရားက စိန်ခေါ်မှုတွေ ကြုံနေရတဲ့ ကျွန်ုပ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကျွန်ုပ်တို့ရဲ့ အိမ်တံခါးရင်းမှာ ရပ်နေပါတယ်။ ပြီးခဲ့တဲ့ ၅ လကတည်း စိန်ခေါ်မှုပေါင်း ဘယ်လောက် ကြုံတွေ့ခဲ့ရပြီလဲ။

 

ကြီးမားပြီး မယုံနိုင်လောက်တဲ့ စိန်ခေါ်မှုသုံးရပ်တွေကတော့- (၁) ကိုဗစ်ကပ်ရောဂါ၊ (၂)ပြည်တွင်းစစ်နဲ့ (၃)စီးပွားရေးကျရှုံးခြင်းတွေဖြစ်ပါတယ်။ ခုဆိုရင် အသက်ရှုတိုင်းက စိန်ခေါ်မှုတွေဖြစ်နေပါပြီ။ ထောင်သောင်းမက လူတွေ အသက်ရှုဖို့အတွက် နေ့ည ကြိုးစား ရုန်းကန်နေကြရတယ်။ သေစေနိုင်တဲ့ ကပ်ရောဂါဆိုးကြီးက သဘာဝ လက်ဆောင်တွေ ကို ခိုးယူနေ ပါပြီ။ လေထဲ အလကားရနေတဲ့ အောက်စီဂျင်က ရုတ်တရက် လူတွေအတွက် ရှာပါးပစ္စည်းဖြစ်လာပြီး နေ့ည တန်းစီး ဝယ်ယူနေရတယ်။ O2 အတွက်တန်းစီ ရတယ်။ ပိုက်ဆံလေးထုတ်ဘို့တန်းစီရတယ်။ မီးသင်္ဂြိုင်ဘို့၊ အလောင်းတွေ တန်းစီရတယ်။

 

အင်မတန်မှ စိန်ခေါ်မှုများတဲ့ချိန်တွေဖြစ်ပါတယ်။ မျှော်လင့်ခြင်းနဲ့ ကုသခြင်း တွေ ရှိတဲ့ စိမ်းလန်းစိုပြေတဲ့အရပ်ဆီ ရောက်ဖို့ ကောင်းသိုးထိန်းဖြစ်တဲ့ ခရစ်တော်ဘုရားရဲ့ လမ်းညွန် မှုလိုအပ်ပါတယ်။ ဘဝဟာ ကွဲလွယ်ရှလွယ်တာ သိကြပါတယ်။ ဖန်ဆင်းရှင်ဘုရားက မှုတ်သွင်းထားတဲ့ အသက်ဟာ ကပ်ရောဂါဆိုးကြီးကြောင့် အန္တာရာယ်ကျရောက်နေပါပြီ။ လူထု မိသားစု တစ်ခု အနေနဲ့ ဒီခြောက်ခြားမှုကြီးကို ရင်ဆိုင်နေကြပါတယ်။ အမိမြန်မာ ပြည်ကြီးဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ သေကြေပျက်စီးခြင်းတွေနဲ့ လပေါင်း များစွာ အနာတရ ရနေပါတယ်။ ရိုးသားတဲ့ ကျွန်ုပ်တို့ပြည်သူတွေကို ကိုဗစ်က အသနားမဲ့ ရက်စက်စွာ တိုက်ခိုက်လာတယ်။ အစာရေစာငတ်မွတ်ခြင်း၊ စိတ်ပူ ပန်ခြင်း၊ ကြောက်ရွံ့ခြင်းတွေက ပြည်သူတွေရဲ့ နှလုံးသားကို ချုပ်ကိုင်ထား နေပါတယ်။ ဧဝံဂေလိကျမ်းထဲမှာ ပြောထားသလို သူတို့သည် သိုးထိန်း မရှိသော သိုးများကဲ့သို့ ဖြစ်နေကြသည်။ ဒီမြေ ဒီနေရာကို အုပ်စိုးချင်သူက ဦးစွာပထမ သိုးထိန်းဖြစ်ရပါတယ်။ သိုးထိန်းဆိုတာ မိမိသိုးများအတွက် မိမိအသက်ကိုတောင် ပေးဆပ်ရဲသူဖြစ်ပါတယ်။ ထောင်သောင်းမက လူတွေ အတွက် ကျန်းမာရေး လုပ်ဆောင်မှုတွေမှာ ပါဝင် လုပ်အားပေးဖို့၊ လက်နက် ကိုင်တဲ့ ပုဂ္ဂိုလ်တွေ အားလုံး အားလုံးလက်နက်ချဖို့ ဆုတောင်းရပါတယ်။ ၂၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ရောဂါ ကူးစက်ခံနေရပါပြီ။ ၉၀ ရာခိုင်နှုန်းဟာ မြို့တွေဟာ ကူးစက်ခံနေရပါတယ်။ ကမ္ဘာပျက်တာတော့ မဟုတ်သေး ပေမယ့် အကျင့်တရားပြောင်းလဲခြင်းမရှိရင် လာမယ့် လအတွင်း ထောင်သောင်းမက လူတွေ သင်္ဂြိုဟ်ခြင်းခံကြရမှာပါ။ 

  

အသက်ပေးပိုင်ရှင် ဘုရားရဲ့ ပလ္လင်တော်မှာ ကျွန်ုပ်တို့ရပ်နေကြတယ်။ ကျွန်ုပ်တို့ရဲ့ လက်တွေကို မြောက်ထားပြီး၊ “အို ဘုရား ကျွန်ုပ်တို့၏အပြစ်ကို ရေးမှတ်တော်မမူပါနဲ့။ ကိုယ်တော်၏ သနားကြင်နာခြင်း၌သာ ကုသပေး တော်မူပါ။ ဒီကပ်ရောဂါဆိုးကြီး ဝေးလွင့်ပါစေတော့၊ လွတ်လွတ်လပ်လပ်နဲ့ အသက်ရူပါရစေတော့။” 

 

ဒီနေ့ဖတ်ရတယ့်ကျမ်းချက်တွေဆီကနေ ခွန်အား ယူစရာတွေ ရှိပါတယ်။ ဘုရားသခင် သည် ကျွန်ုပ်တို့၏ သိုးထိန်းဖြစ်သည်။

   

၁. ယေရမိယအနာဂတ္တိကျမ်း - ထာဝရဘုရားသခင်သည် သူ၏လူမျိုး အီဇရာ အယ်ကို သိုးထိန်းပေးမည်ဟု ကတိထားသည်။

 

၂. ဆာလံ - ထာဝရဘုရားသည် ငါတို့၏ သိုးထိန်းဖြစ်သည်။

 

၃. ဒုတိယကျမ်း - သခင်ခရစ်တော်ဘုရားသည် ကျွန်ုပ်တို့ကို အဖခမည်းတော်ဘုရားနှင့် ပြန်လည်သင့်မြတ်စေပြီး ငြိမ်းချမ်းခြင်းနှင့် စည်းလုံးခြင်း၌ ပေါင်းစည်းစေသည်။

 

၄. ဧဝံဂေလိကျမ်း - ကိုယ်တော်သည် လူအစုအဝေးကိုမြင်သဖြင့် သူတို့အပေါ် ၌ကရုဏာသက်တော်မူ၏ အကြောင်းမူကားသူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်နေကြသောကြောင့်တည်း။  

 

သမ္မာကျမ်းစာထဲမှာ ဘုရားကို ကြင်နာသနားတက်သော ကောင်းသော သိုးထိန်းဆိုပြီ ပုံဖော်ထားပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ သိုးထိန်းဆို ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဆောင်တယ်။ သမ္မာကျမ်းစာက သိုးထိန်း နဲ့ပတ်သက်ပြီး အဓိက လက္ခဏာသုံးချက် ပေးထားပါတယ်။  

 

၁. သိုးထိန်းသည် မိမိသိုးစုများကို ချစ်ခင်ကြင်နာ ဂရုစိုက်ပါတယ်။

 

၂. သိုးထိန်းသည်မိမိသိုးစုများကို အန္တာရာယ်များကြားမှ ကာကွယ် စောင့်ရှောက်ပေးတယ်။

 

၃. သိုးထိန်းသည် မိမိသိုးစုများကို စိမ်းလန်းစိုပြေသော စားကျက်သို့ ခေါ်ဆောင်ပေးခြင်းနဲ့  မျှော်လင့်ခြင်းကိုပေးသည်။ 

 

ခရစ်တော်ဘုရားရဲ့ သိုးထိန်းကောင်းပုံရိပ်ဟာ ဒီချိန်ခါမှာ ကျွန်ုပ်တို့ကို အားပေး နှစ်သိမ့် နေပါတယ်။ သမ္မာကျမ်းစာထဲကလို ဝံပုလွေ အန္တာရာယ်ပုံစံနဲ့ မလာ ပေမဲ့။ ရောဂါပိုးမွှား ပုံစံအဖြစ် အန္တရာယ်တွေ ကျွန်ုပ်တို့ ကြုံတွေ့ နေရပါတယ်။ သိုးထိန်းလို့ ပြောလိုက်ရင် ရဟန်းဘုန်းကြီးတွေနဲ့ ဆရာတော်ကြီးတွေ ပဲလို့ နားလည်တက်ကြတယ်။ သာသနာမှာ အားလုံးအုပ်ထိန်းသူဖြစ်ဖို့ အားလုံး ခေါ်တော်မူခြင်းခံရတယ်။ သိုးစုတွေကို အကောင်းဆုံး အဖော်မွန်ပြုပေး ဖို့လည်း မျှော်လင့်ထားကြတယ်။ ကပ်ရောဂါက ကုသဖို့ အဖိုးခကြီးသလို၊ စစ်တွေကလည်း ကျွန်ုပ်တို့ကို နှိပ်စက်နေပါတယ်။ ရဟန်းမင်းကြီး အရှင်သူမြတ် ပုပ်ဖရန်စစ်က - တစ်ယောက်အတွက် တစ်ယောက် သိုးထိန်း ကောင်း ဖြစ်ကြပါလို့ တိုက်တွန်းထားပါတယ်။ 

 

ကောင်းသော သိုးထိန်းလို ကျွန်ုပ်တို့လည်း အောက်ပါ သုံးချက်ကို လုပ်ဆောင်နိုင်ပါတယ်။

 

၁. မိမိကိုယ်ကိုယ် အကောင်းဆုံး နေထိုင်ခြင်းအားဖြင့် မိမိအတွက် မိမိကပဲ သိုးထိန်း ကောင်း ဖြစ်ပါ။

၂. ဝေမျှ ပေးကမ်းခြင်းအားဖြင့် ပတ်ဝန်းကျင်ရှိ လူသားများအတွက် သိုးထိန်း ကောင်းဖြစ်ပါ။

၃. ရောဂါကူးစက်ခံရပြီး သေခြင်းတရားကို ရင်ဆိုင်ကြရတဲ့ မိသားစုများ အတွက် သိုးထိန်းကောင်းဖြစ်ပါ။

 

နံပါတ် ၁. မိမိကိုယ်ကိုယ် အကောင်းဆုံး နေထိုင်ခြင်းအားဖြင့် မိမိအတွက် မိမိကပဲ သိုးထိန်းခြင်းပါ။

 

သမ္မာကျမ်းစာထဲမှာ ရွှေပညတ်တော်ကတော့- သင်တို့အား သူတစ်ပါးတို့ ပြုမူစေလိုသည့် အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမူကြလော (မာသဲ ရး၁၂) ။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် တစ်ပါးသူကို ဂရုစိုက်ရာရောက်ပါတယ်။ ဒီရောဂါဟာ သေစေနိုင်တဲ့ရောဂါ ဖြစ်တာမို့ မိမိကိုယ်ကို အထူးဂရုစိုက်နေထိုင်မှာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

သင်လျော်တဲ့ ခန္ဓာကိုယ်ကျန်းမာဖို့၊ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့၊ ဝိညာဉ်ရေးပိုင်း ကျန်းမာဖို့ လိုအပ်နေပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ကျိန်းဝပ်ရာ ဗိမာန်တော်ဖြစ်ပါတယ်။ ကပ်ရောဂါဟာ မထိန်းနိုင်တဲ့အခြေနေကို ရောက်နေပါတယ်၊ ဒါကြောင့် ကောင်းသော သိုးထိန်းဆီ ဆုတောင်းကြဖို့ လိုအပ်ပါတယ်။ ကုသခြင်းရှိရာ စိမ်းလန်းစိုပြေ တဲ့အရပ်ကို ခေါ်ဆောင်သွားပါ။ ကာကွယ်ကုသခြင်း အစီစဉ်တွေကို အကောင်းဆုံး လိုက်နာဆောင်ရွတ်ဖို့လိုနေပါတယ်။

  

2. အများအတွက် သိုးထိန်းကောင်းတစ်ယောက်ဖြစ်စေပါ။

ကိုဗစ်ကြောင့် ကျွန်ုပ်တို့ဟာ တစ်ကိုယ်ကောင်းဆန်မှုတွေ ဖြစ်စေနိုင်သလို အချင်းချင်းကြား ကြောက်ရွံ့မှုတွေ ဖြစ်စေနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ကွာကွာ နေရမယ်ဆိုတာဟာ ကျွန်ုပ်တို့အချင်းချင်း ထားရမယ့် မေတ္တာတရား ဝေးကွာသွားခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ သိုးတွေဆီသွားပြီးတော့ သိုးတွေရဲ့ အနံ့နဲ့ ပြန်လာဖို့ဟာ အသင်းတော်ရဲ့ တမန်တော်လုပ်ငန်းဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်တော်မူ ခဲ့ပါတယ်။ လူတွေ တစ်ယာက်ကိုတစ်ယောက် အကျိုးပြု၊ ကူညီဖို့လို နေချိန်မှာ ကိုဗစ်ကြောင့် လူတွေရဲ့ဒုက္ခဝေဒနာကို မမေ့လျော့သင့်ပါဘူး။

 

ဒီနေ့ဧဝံဂေလိကျမ်းထဲမှာဆိုရင် လူတွေစိတ်ပျက်ဝမ်းနည်းမှုတွေနဲ့ ဒုက္ခရောက် နေတဲ့ အခါမှာ သခင်ခရစ်တော်က မေတ္တာတရားနဲ့ လမ်းပြပေးခဲ့ပါတယ်။ ကောင်းသော သိုးထိန်း အနေနဲ့ ခရစ်တော်ရဲ့ ရိုးရိုးလူသားတစ်ဦးအနေနဲ့ နှိမ့်ချခြင်းဟာ သူ့ရဲ့တမန်တော် လုပ်ငန်းကနေ တစ်ဆင့် ဖြစ်ပေါ်လာတာပါ။ “ကိုယ်တော်သည် လူအစုအဝေးကို မြင်သောအခါ သူတို့ အပေါ်ဂရုဏာ သက်တော်၏။ အကြောင်းမူကား ထိုသူတို့သည် သိုးထိန်းမရှိသော သိုးများ ကဲ့သို့ အားကိုးရာမဲ့၍ စိတ်ပျက်ဝမ်းနည်းကြသောကြောင့် ဖြစ်၏။” ဟု St. Matthew ကဆိုထားပါတယ် (မာသဲ ၉း ၃၆)။ ဒါနဲ့ပတ်သက်လို့ ခရစ်တော်ရဲ့ သွန်သင်ခြင်း နှင့် လူငါးထောင်ကို ကျွေးမွေးတဲ့ အကြောင်းကို (မာကု ၆း ၃၄) မှာ ဖော်ပြထားပါတယ်။

 

မှန်ပါတယ်။ ဒီကပ်ရောဂါကြီးကြောင့် အရာရာ ပြောင်းလဲခဲ့ပါတယ်။ ဘုရား ကျောင်းတွေ ပိတ်ထားရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် လုပ်ဖို့ဆိုတာ ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ ယဇ်ပလ္လင်တော်တွေ ပြောင်းလဲသွားပါတယ်။ ကျွန်ုပ်တို့တွေရဲ့ နှလုံးသားဟာ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေနဲ့ မျှဝေရမယ့် ဂရုဏာမေတ္တာတည်ရှိရာ ယဇ်ပလ္လင်တော် ဖြစ်လာပါတယ်။ ကျွန်ုပ် တို့ဟာ အစားအစာတွေ ဆေးဝါးတွေကို ဝေမျှမပေး နိုင်ရင်တောင်မှ အနည်းဆုံး တော့ တစ်ယောက်အတွက်တစ်ယောက် ဆုတောင်းခြင်းဖြင့် ဆက်သွယ်နိုင်ပါတယ်။ မေတ္တာ တရားကို အလေးထားပြီး နှလုံးသားတွေကိုစုစည်းပေးတဲ့ သာသနာ တော် အသစ် ဒီအမှောင်ထုကြီးကနေ ပေါ်ထွက်လာမှာပါ။

 

၃. ရောဂါကူးစက်ခံရပြီး သေခြင်းတရားကို ရင်ဆိုင်ကြရတဲ့ မိသားစုများအတွက် သိုးထိန်းကောင်းဖြစ်ပါ။

 

ဒီဗိုင်းရပ်စ်ဟာ ကူးစက်ပြန့်ပွားနှုန်း အရမ်းမြန်ပါတယ်။ စစ်ဆေးချက်တွေ အားလုံးအရ နိုင်ငံတစ်နိုင်ငံရဲ့ ကူးစက်နှုန်းဟာ ၃၀ ရာခိုင်နှုန်းရှိနေပါတယ်။ ဒါဟာ တကယ့်ကို သတိပေးတဲ့ အချက်ဖြစ်ပါတယ်။ ဆေးရုံတိုင်း လူနာတွေနဲ့ ပြည့်နေပါပြီ။ သချိုင်္င်းမှာလည်း လူသေလောင်းတွေ တန်းစီးနေပါတယ်။ လူတွေဟာ နှုတ်ဆက်စကားမပြောပဲ သေကြရ တယ်။ သူတို့ချစ်တဲ့သူတွေကို မမြင်ရပဲသေကြရတယ်။ ဒါဟာ ကမ္ဘာပျက်နေသလိုပါပဲ။ သေခြင်းတရားက ဘုရားရဲ့လက်ဆောင်မွန်ဖြစ်တဲ့ အသက်နဲ့ အလင်းတော်ကို စိန်ခေါ်နေ သလိုပါပဲ။ ကျွန်ုပ်တို့ဟာ ဆေးဖက်ဆိုင်ရာ အမှုထမ်းတွေလိုနေသလို စေတနာ့ ဝန်ထမ်းတွေလည်း လိုနေပါတယ်။ အောက်ဆီဂျင်ပေးတဲ့ ဘဝဟာ လူတွေအတွက် အင်မတန်းမှ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ သူတွေအတွက် ခရစ်ယာန်ချစ်ခြင်းမေတ္တာကို သယ်ဆောင် ပေးတဲ့ ရှေ့တန်းကနေ လုပ်ဆောင် ပေးသူတွေ စေတနာ့ဝန်တထမ်းတွေရဲ့ ကူညီခြင်းဟာ တကယ့်ကို အ့ံအား သင့်စရာ ကောင်းလှပါတယ်။ “တစ်ပါးသူတွေအတွက် ခရစ်ယာန် ချစ်ခြင်း မေတ္တာနှင့် ပုဂ္ဂိုလ်လူသားတစ်ဦးရဲ့သက်သေအနေနဲ့ အမြဲကူညီဖို့ အားစိုက် ထုတ်နေတဲ့ သူတွေဟာ ချီးကျူးခံထိုက်တဲ့သူတွေပါပဲ။ ဒီလူတွေဟာ သူတို့ရဲ့ ကျန်းမာရေးကို တောင်မှ ရင်းပြီး ဖျားနာသူတွေအတွက် ဆက်ကပ် ကြပါ တယ်။ သူတို့တွေဟာ သူရဲကောင်းတွေပါပဲ” လို့ ပုပ်ဖရန်စစ်က ချီးကျူး ပြောဆိုထားပါတယ်။

 

စိန်ခေါ်မှုတွေ အများကြီးကြားမှာ မြန်မာနိုင်ငံမှာရှိတဲ့ ကက်သလစ် သာသနာ တော်ဟာလည်း ဒီလိုမျိုး မေတ္တာသက်သေကို ပေးနေပါတယ်။ တစ်ပါးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့ဟာ ခရစ်ယာန်ချစ်ခြင်းမေတ္တာကို သက်သေခံ နိုင်တယ်လို့ ဒီနေ့သံပေါလူးကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ရဲ့ ချစ်ခြင်း မေတ္တာဟာ ဒီနေ့ ကပ်ရောဂါ ရဲ့ သားကောင်တွေ၊ ရောဂါကြောင့်ဒုက္ခရောက်သူတွေနဲ့ သေခြင်းတရားကို ရင်ဆိုင်ကြရတဲ့ သူတွေ ဆီကို ရောက်အောင်ဦးစားပေး ကြိုးစား ကြရပါမယ်။ 

 

ကိုဗစ်မထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား/ အမျိုးသမီး တွေရဲ့ အဖက်ဖက်မှ ကူညီပေးမှုဖြင့် ခရစ်ယာန် ချစ်ခြင်းပေါ်လွင် ခဲ့ပါတယ်။ အခုတတိယ လှိုင်းမှာတော့ နိုင်ငံရေးအခြေနေပြောင်းလဲမှုကြောင့် ကိုဗစ်ဒါဏ်ခံရတဲ့ သူတွေဆီ ရောက်ဖို့ မနည်း ကြိုးစားနေကြရပါတယ်။ လူတွေရဲ့ကျန်းမာရေးအတွက် ကျွန်ုပ်တို့ရဲ့ နေရာတွေကိုပေးခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ စောင့်ရှောက်ရေးဗဟိုလ်ကို နေရာနှစ်ခုနဲ့ ဖွဲ့ထားပါတယ်။

 

ဒီအရာတွေအားလုံး၌ ခရစ်ယာန်သက်သေခံချက်ဟာ ဂရုဏာမေတ္တာ၊ ရက်ရောမှုတို့နဲ့ လျှော်ညီဖို့ လိုပါတယ်။ လူတွေဟာ အခုချိန်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ အမှန်ပါပဲ။ ဒီဗိုင်းရပ်စ်ကြီးကို ဖုံးကွယ်လို့ မရနိုင်ပေမယ့် ယုံကြည်ခြင်း၌ ပိုမိုခိုင်မြဲစေဖို့ သူတို့ရဲ့နှလုံးသားကို အမြဲဖွင့်ထား ကြပါတယ်။ ရောဂါကြောင့် ဒုက္ခရောက်နေကြတဲ့ မိသားစုတွေကို အလေးထား ခြင်းအားဖြင့်သော်လည်းကောင်း တတ်အားသမျှ ကူညီခြင်း အားဖြင့် သော်လည်းကောင်း ဒီနေ့ဧဝံဂေလိကျမ်းမှာ ဖော်ပြထားတဲ့ ချစ်ခြင်းမေတ္တာကို သက်သေခံကြရအောင်။ 

 

ဒီအချိန်တွေဟာ လူတိုင်း မိမိတို့ကိုယ်တိုင် သာသနာပြုရမယ့် အချိန်လို့လည်း ဆိုနိုင်ပါတယ်။ စိတ်ပျက်ပြီးလက်လျှော့ အရှုံးပေးရမယ့်အချိန်မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ဖို့ ဘုရားရဲ့ ခေါ်သံကို ရဲရဲရင့်ရင့် စိန်ခေါ်သံတွေနဲ့ ထူးရမယ့်အချိန်ပဲဖြစ်ပါတယ်။ ဒီနေ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ခရစ်တော် ပြောထားတဲ့အတိုင်း ဒုက္ခ ရောက်သူတွေကို မေတ္တာပြနိုင်တဲ့ စိတ်ဓါတ်လေးကို မွေးထားရမယ့် အချိန်ပဲ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့ ဒီအချိန်မှာ ဆက်လက်ပြီးတော့မှ ဆုတောင်းကြရအောင်။ အန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတိုင်းအတွက် ဆုတောင်းပေးကြ ရအောင်။ ကျွန်ုပ်တို့ရဲ့ ကောင်းသော သိုးထိန်းတော်ဖြစ်တဲ့ ဘုရားသခင်က သေခြင်းချိုင့်ဝှမ်းကနေ ကျွန်ုပ်တို့ကို ကယ်တင် ရန်နှင့် ကုသခြင်း စိမ်းလန်းစားကျက်မြေကို ခေါ်ဆောင်သွားဖို့ရန် ဆက်လက် ဆုတောင်း ကြရအောင်။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ လူတွေကို စာနာမှုအားဖြင့် ညီအစ်ကို မောင်နှမ ရင်းသဖွယ် လက်တွဲကြပါစို့။

 

ဘေးကင်းလုံခြုံကြလျက် ဘုရားကောင်းကြီးခံစားကြရပါစေ။ ကျွန်ုပ်တို့ရဲ့ ဘုရားသခင်ဟာ အရာရာကို ထိန်းချုပ်ပိုင်ရှင်ဖြစ်တဲ့အတွက် ဒီအခြေနေကြီးကို ပြောင်းလဲပေးမှာပါ။

Add new comment

1 + 0 =