၀ါတွင်းဒုတိတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

၀ါတွင်းဒုတိတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

၀ါတွင်းဒုတိတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

 

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁

 

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

 

              ၀ါတွင်းကာလကို ကျွန်ုပ်တို့ဖြတ်သန်းနေကြပါပြီ။ ထူးခြားစွာပဲ ဒီကာလမှာ ခရစ္စမတ် သတင်းစကားက ကျွန်ုပ်တို့နဲ့ ကိုက်ညီနေပါတယ်။ ဒီမြေဒီရေမှာ နေထိုင်တဲ့ စိတ်ကောင်းနှလုံး ကောင်းရှိသူတွေအားလုံးအပေါ် ငြိမ်းချမ်းခြင်းမင်္ဂလာ သက်ရောက်ပါစေ။ ယခုအချိန်မှာ ကျွန်ုပ်တို့အတွက် အလိုအပ်ဆုံးအရာက ငြိမ်းချမ်းခြင်းဖြစ်တဲ့အတွက် ၀ါတွင်းကာလမှာ ငြိမ်းချမ်းခြင်းအတွက် ဆုတောင်းကြပါစို့။

              လမ်းမတွေပေါ်မှာ မတရားတဲ့အာဏာဖီဆန်မှုတွေအပြင် သွေးထွက်သံယိုမှုတွေကိုပါ  ကျွန်ုပ်တို့ တွေ့နေရပါပြီ။ ဒီနေ့လည်း လမ်းပေါ်မှာ လူတွေပြည့်နေပါလိမ့်မယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်တဲ့သူတွေက တဖြည်းဖြည်းနဲ့ နှောင့်ယှက်ဖြိုခွဲလာကြပါပြီ။ ဒီမြေပေါ်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေမစွန်းစေဖို့ ကျွန်ုပ်တို့ဆုတောင်းနေကြပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ နိုင်ငံသူနိုင်ငံသားချင်းတွေပဲဖြစ်တဲ့အတွက် စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။

              ဒီမစ္ဆားတရားတော်မြတ်ကို ကျွန်ုပ်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပူဇော်သွားမှာ ဖြစ်ပါတယ်။ အမုန်းကို အမုန်းနဲ့ ဘယ်တော့မှ တိုက်ထုတ်လို့မရဘဲ မေတ္တာတရားနဲ့သာ အောင်မြင်နိုင်တဲ့အကြောင်း ဆရာတော်ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီးပါပြီ။ အမှောင်ကို အောင်နိုင်တဲ့ အရာက အလင်းဖြစ်ပါတယ်။ ““မျက်လုံးအစား မျက်လုံး””ဆိုတဲ့ဝါဒကို စွဲကိုင်ရင် တစ်ကမ္ဘာလုံး မျက်ကန်းတွေချည်းပဲ ဖြစ်သွားပါလိမ့်မယ်။ မေတ္တာနဲ့ ပြန်လည်သင့်မြတ်ခြင်းရဲ့ အစွမ်းကြီးမားတာကို ကျွန်ုပ်တို့ယုံကြည်ဖို့ လိုပါတယ်။

              ဒီနေ့ဖတ်ရှုခဲ့တဲ့ကျမ်းမှာ မေတ္တာနဲ့ နာခံခြင်းအကြောင်းကို ပြောထားပါတယ်။ အာဗြာဟံဟာ သူ့ရဲ့သားကို သတ်ပြီး ပူဇော်ဖို့ အမိန့်တော်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အာဗြာဟံဟာ ဘုရားသခင်ရဲ့မေတ္တာတော်နဲ့ ရေရှည်အကျိုးကို ယုံကြည်ပါတယ်။ ဘုရားသခင်ရဲ့လူမျိုးစုအဖဖြစ်လာမယ့် အာဗြာဟံဟာ နှိမ့်ချစိတ်၊ သည်းခံစိတ် အပြည့်ရှိခဲ့ပါတယ်။ စွန့်လွှတ်အနစ်နာခံစိတ်ရှိသူတွေသာ အောင်နိုင်မယ်ဆိုတာကို သူသိရှိထားပါတယ်။ အကြမ်းဖက်လိုက်တာနဲ့ နိုင်ငံကို ပိုင်စိုးပြီလို့ မှတ်ယူလို့မရပါဘူး။ ပြည်သူအများစုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး စွန့်လွှတ်အနစ်နာခံခြင်းဖြင့်သာ နိုင်ငံကို အုပ်စိုးနိုင်ပါလိမ့်မယ်။

              သမ္မာကျမ်းစာထဲမှာ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အသွေးကို အခုလို တွေ့ရပါတယ်။

-             အာဗြာဟံဟာ သူလက်ရှိနေထိုင်တဲ့နေရာကို စွန့်ခွာဖို့ အမိန့်တော်ရရှိခဲ့တဲ့အပြင် သူရဲ့ အချစ်ဆုံးသောသားကို စွန့်လွှတ်ဖို့လည်း အမိန့်တော်ရခဲ့ပါတယ်။

-             မိုးဇက်ဟာလည်း ဘုရားသခင်ရဲ့လူမျိုးတော်ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာဖို့ အမိန့်တော် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကတိထားတော်မူတဲ့ပြည်ကို ဝင်ရမယ့်အချိန်မှာ သူဟာ မဝင်ရဘဲ နေရစ်ဖို့ အမိန့်တော်ရရှိခဲ့ပါတယ်။

-             သူတို့တွေဟာ အများကြီးပေးဆပ်ခဲ့ကြရပါတယ်။ မိုးဇက်ဆိုရင် နန်းတော်ကနေ စွန့်ခွာပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းရပါတယ်။ အာဗြာဟံဆိုရင်လည်း သူ့ရဲ့သားကိုတောင် သတ်ပြီး ပူဇော်ဖို့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကောင်းတွေဟာ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုအရေးကို ဦးစားမပေးကြပါဘူး။ သူတို့ဟာ အများတကာရဲ့ကောင်းကျိုးအတွက် ပေးဆပ်အနစ်နာခံခဲ့ကြပါတယ်။ စွမ်းအားအကြီးဆုံးလက်နက်ဟာ အမြှောက်တွေ၊ သေနတ်တွေမဟုတ်ဘဲ ပြည်သူတွေကို အစေခံခြင်းပဲဖြစ်ပါ တယ်။

ခေါင်းဆောင်ကောင်းဖြစ်လိုသူဟာ စွန့်လွှတ်နိုင်တဲ့စိတ်ကို မွေးမြူရပါမယ်။ အဲဒီလို စွန့်လွှတ်နိုင်တဲ့စိတ်မရှိသရွေ့ ကျွန်ုပ်တို့ဟာ လွတ်လပ်မှုမရနိုင်ပါဘူး။ ဒါဟာ ၀ါတွင်းကာလမှာ ကျင့်ကြံရမယ့်စိတ်ထားလည်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့စွဲလန်းတပ်မက်မှုတွေ၊ စိတ်ခံစားချက်တွေ၊ အငြိှုးအတေးတွေကို စွန့်လွှတ်နိုင်ရပါမယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကိုတော့ ဘယ်တော့မှ စွန့်လွှတ်လို့ မဖြစ်ပါဘူး။

အာဗြာဟံရဲ့ပုံဥပမာကို ကြည့်ရင် ဘုရားသခင်ဟာ ဘယ်တော့မှ စွန့်ပစ်မထားဘူးဆိုတာကို တွေ့နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံဟာ ကိုဗစ်အကျပ်အတည်းနဲ့ အခုဆိုရင် စစ်အာဏာသိမ်းတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ဘယ်တော့မှ စွန့်ပစ် မထားဘူးဆိုတာကို မမေ့ပါနဲ့။ အမှောင်ထုကြီးစိုးချိန်မှာ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့အလင်း ဖြစ်ပါတယ်။ ကိုယ်တော်ရှင် စီရင်တော်မူတဲ့ အချိန်ကျရောက်ရင် ဘယ်သတ္တဝါဆိုးမှ မခံနိုင်ပါဘူး။

အာဗြာဟံဆီကနေ သားကို ပူဇော်ပေးဖို့ တောင်းဆိုခဲ့တဲ့ဘုရားသခင်ဟာ နောက်ဆုံးမှာ လူသားတွေရဲ့ ကယ်တင်ခြင်းအတွက် သူ့ရဲ့တစ်ပါးတည်းသော သားတော်ဘုရားကို လူ့လောကထဲ စေလွှတ်ခဲ့ပါတယ်။ အာဗြာဟံက အီဇတ်ကို မသတ်ခင်လေးမှာ ကောင်းကင်တမန်တော် စေလွှတ်ပြီး သိုးနဲ့ အစားထိုးပေးခဲ့တဲ့ ဘုရားသခင်ဟာ ကာလ်ဝါရီတောင်ထက်က လက်ဝါးကပ်တိုင်မှာ ယေဇူးသခင်က ““ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်း””လို့ ဟစ်ကြွေးနေချိန်မှာ ဘာမှဝင်ပြီး မိန့်ဆိုတာ၊ လုုပ်ဆောင်တာ မရှိခဲ့ပါဘူး။ ဒါဟာ လူသားတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ဟာ လူသားတွေအပေါ်မှာ ဘယ်တော့မှ သစ္စာမပျက်ခဲ့ပါဘူး။

ဒုတိယကျမ်းထဲမှာလည်း ရှင်ပေါလုက ဘုရားသခင်ရဲ့ ကြီးမြတ်လှတဲ့အရည်အသွေးဟာ ကိုယ်တော်ရှင်ရဲ့သစ္စာ တရားပါပဲလို့ မိန့်ကြားခဲ့ပါတယ်။ ““ကျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက် မိမိရဲ့တစ်ပါးတည်းသော သားတော်ကို စွန့်လွှတ်ပူဇော်ပေးခဲ့တာကို ကြည့်ရင် ဘုရားသခင်ရဲ့သစ္စာ တရားကို သိနိုင်ပါတယ်””လို့ သွန်သင်ခဲ့ပါတယ်။ ““မိခင်ဟာ သူ့ရဲ့သားငယ်ကို မေ့လျော့ခဲ့ရင် တောင်မှ သင်တို့ကို ငါဘယ်တော့မှ မမေ့လျော့””လို့ မေတ္တာတော်ရှင် ဘုရားသခင်က မိန့်ကြား ခဲ့ပါတယ်။

ဒီနေ့ ဧဝံဂေလိကျမ်းထဲမှာ ယေဇူးသခင် အဆင်းသဏ္ဌာန် ပြောင်းလဲတော်မူတဲ့အကြောင်း ဖတ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဓမ္မဟောင်းက ပုဂ္ဂိုလ်မြတ်နှစ်ပါးဖြစ်တဲ့ မိုးဇက်နဲ့ ဧလိယတို့ဟာ  ကိုယ်တော်ရှင်နဲ့အတူ ရှိနေခဲ့ပါတယ်။

မိုးဇက်ဟာ ဟီဘရူးတွေကို ကျွန်ဘဝကနေ ကယ်ထုတ်ပြီး ကတိတော်ထားရာပြည်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာလည်း အဲဒီလိုခေါင်းဆောင်မျိုးကို ရဖို့ ဆုတောင်းနေခဲ့ကြတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။

ဧလိယဟာလည်း ကယ်တင်ရှင်အကြောင်း ကြိုတင်ဟောပြောခဲ့တဲ့ ပရောဖက်တစ်ပါး ဖြစ်ပါတယ်။ သူဟာ အစ္စရာအဲလ်လူမျိုးတွေ ဘုရားသခင်အပေါ် သစ္စာမပျက်ဘဲ ယုံကြည်နေစေဖို့ ကူညီခဲ့တဲ့ ပရောဖက်ကြီးတွေထဲက တစ်ပါးဖြစ်ပါတယ်။

ဒီအချိန်ကာလမှာ ကျွန်ုပ်တို့ဟာလည်း ကမ္ဘာမြေပေါ်ကို ဘုရားသခင်ရဲ့နိုင်ငံတော် ရောက်ဖို့ လိုအပ်နေပါပြီ။ ငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်တဲ့ ယေဇူးဘုရားရှင်ကို လိုအပ်နေပါတယ်။ ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ပထမဆုံးတာဝန်က ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ ဖြစ်ပါတယ်။

၀ါတွင်းကာလမှာ ကျွန်ုပ်တို့ဟာ စိတ်သစ်လူသစ်နဲ့ ဘုရားသခင်ရဲ့သားသမီးများ ဖြစ်လာဖို့  ကြိုးစား ကျင့်ကြံရပါလိမ့်မယ်။ ဒါဟာ လူမှုကွန်ရက် အသုံးများတဲ့ခေတ်မှာ စိန်ခေါ်မှုတစ်ခုဖြစ် ပါတယ်။ လူမှုကွန်ရက်၊ အထူးသဖြင့် ဖေ့စ်ဘွတ်က အမုန်းစကားတွေ ပြန့်ပွားတဲ့နေရာဖြစ်နေပါတယ်။ လူကောင်းသူကောင်းတွေတောင် အဲဒီနေရာမှာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးနှုန်းပြီး တစ်ပါးသူတွေရဲ့ဘဝကို ဖျက်ဆီးနေကြပါတယ်။ ယေဇူးသခင်ရဲ့ အဆင်းသဏ္ဌာန် ပြောင်းလဲခြင်းအကြောင်းကို ထောက်ရှုရင်း ကျွန်ုပ်တို့ဟာ ဒီလိုအမုန်းတရားတွေကို သတိထားရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ယေဇူးသခင်ရဲ့ အဆင်းသဏ္ဌာန်ပြောင်း လဲပြီးတဲ့နောက်မှာ တပည့်တော်ကြီးတွေဟာ ဧဝံဂေလိသတင်းကောင်းကို စိတ်အားထက်သန်စွာ ဟောပြောခဲ့ကြပါတယ်။ အဲဒီလိုမျိုးပဲ ကျွန်ုပ်တို့နိုင်ငံဟာလည်း ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်တွေဟာ ယေဇူးသခင်လိုမျိုး စွန့်လွှတ်အနစ်နာခံနိုင်ရပါမယ်။ မိုးဇက်လိုမျိုး သာယာအေးချမ်းပြီး တိုးတက်တဲ့နိုင်ငံကို ဦးတည်ခေါ်ဆောင်နိုင်ရပါမယ်။ ဧလိယလိုမျိုး မျှော်လင့်ချက်နဲ့ပြည့်ဝတဲ့ နိုင်ငံတော်သစ်ကို ညွှန်ပြနိုင်ရပါမယ်။ ဒါတွေဟာ စိတ်ကူးအိပ်မက်တစ်ခုအဖြစ်သာ ရှိမနေဘဲ ရည်မှန်း ချက်ပန်းတိုင်ရောက်တဲ့အထိ အပတ်တကုတ်ကြိုးစားရပါလိမ့်မယ်။ တစ်ယောက်ချင်းစီက စိတ်ပါလက်ပါနဲ့ ပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။

၀ါတွင်းကာလမှာ ကျွန်ုပ်တို့ရဲ့အကျင့်တရားကို ပြောင်းလဲရပါလိမ့်မယ်။ တစ်ယောက်ကို တစ်ယောက် ကောင်းမွန်တဲ့အမြင်စိတ်ထားနဲ့ ကြည့်ဖို့လည်း လိုပါတယ်။ ထိခိုက်နာကျင်စေတဲ့ လက်နက်တွေကို ပစ်ပယ်ပြီး အချင်းချင်း ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လက်နက်ကို ကိုင်စွဲဖို့ လိုအပ်နေပါတယ်။ မကောင်းမှုပျောက်ကွယ်ဖို့ လိုအပ်တာမှန်ပေမဲ့ မကောင်းမှုကို မကောင်းမှုနဲ့ တိုက်ဖျက်လို့ မရနိုင်ပါဘူး။

ဒီနိုင်ငံမှာ ပြောင်းလဲမှု(၅)ခုဖြစ်ပေါ်စေဖို့ ဆုတောင်းကြပါလို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်။ အဲဒီပြောင်းလဲမှုတွေက

-             ဒီနိုင်ငံဟာ မုန်းတီးစိတ်နဲ့ အကြမ်းဖက်မှုတွေကနေ ငြိမ်းချမ်းသာယာတဲ့နိုင်ငံအဖြစ် ပြောင်းလဲဖို့ ဆုတောင်းကြပါ။

-             အပြန်အလှန်ယုံကြည်မှု ပျောက်ဆုံးရာကနေ စည်းလုံးချစ်ခင်တဲ့နိုင်ငံအဖြစ် ပြောင်းလဲဖို့ ဆုတောင်းကြပါ။

-             သယံဇာတကြွယ်ဝပေမဲ့ ဆင်းရဲတဲ့နိုင်ငံအဖြစ်ကနေ ရရှိတဲ့အကျိုးအမြတ်တွေကို မျှဝေ သုံးစွဲတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအဖြစ် ပြောင်းလဲဖို့ ဆုတောင်းကြပါ။

-             ရာထူးနေရာနဲ့ သြဇာအာဏာလုတဲ့နိုင်ငံအဖြစ်ကနေ သာတူညီမျှပြီး ဒီမိုကရေစီဖြစ်ထွန်းတဲ့နိုင်ငံအဖြစ် ပြောင်းလဲဖို့ ဆုတောင်းကြပါ။

-             ဘက်ပေါင်းစုံက အမြတ်ထုတ်ခံနေရတဲ့နိုင်ငံအဖြစ်ကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုတွေ ဖြစ်ထွန်းတဲ့နိုင်ငံအဖြစ် ပြောင်းလဲဖို့ ဆုတောင်းပေးကြပါ။

အချင်းချင်းအပေါ်မှာ မေတ္တာစိတ်ထားပြီး လုပ်ဆောင်ကြမယ်ဆိုရင် မြန်မာနိုင်ငံတော်သစ် ထွက်ပေါ်လာနိုင်ပါတယ်။ အမုန်းစကားတွေ၊ အကြမ်းဖက်လိုစိတ်တွေ ဘေးဖယ်ပြီး ကျွန်ုပ်တို့အချင်းချင်း ညီအစ်ကိုမောင်နှမလို ရှုမြင်နိုင်အောင် ကြိုးစားကြပါစို့။

စစ်ပွဲတွေ၊ ပဋိပက္ခတွေကို သမိုင်းထဲမှာပဲ ချန်ထားရစ်ခဲ့ပါစို့။ ကျွန်ုပ်တို့ရဲ့နိုင်ငံပြောင်းလဲအောင် ကြိုးစားကြပါစို့။ နိုင်ငံတော်သစ် ထွက်ပေါ်လာဖို့ လမ်းဖွင့်ပေးကြပါစို့။

 

Add new comment

7 + 1 =