ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ

ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ

ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ

“ကောင်းမြတ်သောသိုးထိန်းတော်တနင်္ဂနွေနေ့’’

     “ အိုသိမ်မွေ့လှသောသိုးထိန်းတော်မြတ် ၊ ကျွနု်ပ်၏လူများကိုစိမ်းလန်းစိုပြေသည့် မျှော်လင့်အေးချမ်းခြင်းမျက်ခင်း/စာကျက်ကွင်းသို့ပို့ဆောင်ပေးတော်မူပါ။ ’’

-ခရစ်တော်၌ ရိုသေချစ်ခင်အပ်သောသားသမီးအပေါင်းတို့ -

ကောင်းမြတ်လှတဲ့သိုးထိန်းတော်သခင်ခရစ်တော်ဟာစားဝတ်နေရေးနှင့် အသက်ရှင်ရေးတို့အတွက်ရုံးကန်နေကြရရှာတဲ့ ကျွနု်ပ်တို့ပြည်သူပြည်သားများကိုကာကွယ်စောင့်ရှောက်ပေးတော်မူပါစေသောဝ်။

       -ပါစကားပွဲကာလရဲ့စတုတ္ထတနင်္ဂနွေနေ့၊ ကောင်းသောသိုးထိန်းတော်မြတ်တနင်္ဂနွေနေ့လို့လည်းသိကြတဲ့ဒီနေ့ကိုပုပ်ဖရန်စစ်အရှင်သူမြတ်က “ ကမ္ဘာ့ခေါ်တော်မူခြင်းများနေ့” လို့လည်းသမုတ်ထားပါတယ်။ ဘုရားသခင်ဟာသူ့ခေါ်သံကြားဖို့၊ သူ့နောက်တော်သို့လိုက်ဖို့ အစဉ််မပြတ်ကျွနု်ပ်တို့ရဲ့နှလုံးသားတံခါးများကိုခေါက်နေပါတယ်။ လတ်တလောမြန်မာပြည်ကြီးရဲ့အခြေအနေများဟာဗရမ်းဗတာလက်လွတ်ဖြစ်နေကြပြီ။ ဘုရားသခင်ရဲ့ အနန္တဂရုဏာမေတ္တာတော်ကသာဝေဒနာအားလုံးကို ချုပ်ငြိမ်းပေးနိုင်ပါတော့တယ်။

     -တစ်တိုင်းပြည်လုံးကအသက်နှင့်အလင်းသခင်ဘုရားရှင်ကိုဆုတောင်းကြရမယ်။  ခရစ်တော်ကပျောက်တဲ့သိုးကိုရှာတယ်၊ စိတ်ဝင်တစားရှိတယ်၊ ဂရုဏာသက်တယ်။ “ သခင်ဘုရားသည်၊ ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲခြင်းမခံရ”  လို့ဆာလံကျမ်းပြုပုဂ္ဂိုလ်နှင့်အတူ တိုင်းပြည်လုံးတစ်ခုလုံးခံစားနိုင်ဖို့ ဆုတောင်းကြရပါမယ်။

      -ဒီနေ့ဖတ်ကြားထောက်ရှုကြရတဲ့ကျမ်းပိုဒ်၃ခုလုံးက ကျွနု်ပ်တို့ကိုအားရနှစ်သိ်မ့်စေပါတယ်။ ပထမဖတ်ခဲ့တဲ့ တမန်တော်ဝတ္ထုမှာရှင်ပေတရူးကသခင်ခရစ်တော်နာမတော်ဖြင့်၊ ခြေလက်မသန်စွမ်းသူကိုခန္ဓာကိုယ်သာမကစိတ်ဓာတ်ရေးရာကိုလည်းကုသပေးတယ်။ဒီတန်ခိုးရှင်ခရစ်တော်ကိုပဲ ကျွန်ုပ်တို့တိုင်းပြည်ကို  ငြိမ်းချမ်းရေးပျက်ပြားနေခြင်း၊  သနားဂရုဏာကင်းမဲ့နေခြင်း ဒုက္ခိတအခြေအနေဆိုးကြီးမှ ကင်းလွတ်စေရန်  ဆုတောင်းကြရမှာ ဖြစ်ပါတယ်။   သခင်ခရစ်တော်ကိုယ်တော်တိုင်   ရက်စက်စွာညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးရှက်ဖွက်ရာကားတိုင်ပေါ်အသက်ခံခဲ့ရတယ်။ ဒီသေခြင်းအပေါ်ဂူဖွင့်အောင်ပွဲခံခဲ့တဲ့အတိုင်း  ပြည်မြန်မာနိုင်ငံကိုလည်းလူသားဆန်ခြင်းနှင့်  ငြိမ်းချမ်းသာယာခြင်းဆိုတဲ့  ရှင်ပြန်ထမြောက်ခြင်းဘုန်းတန်ခိုးတော်ချီးမြှင့်ပေးပါမည့်အကြောင်း ကျွန်ုပ်တို့ ဆုပန်နေကြပါတယ်။  ဆာလံကျမ်း၂၃က ကောင်းသောသိုးထိန်းတော်မြတ်ကိုအားကိုးအားထားပြုဖို့ ဖိတ်ခေါ်နေပါတယ်။

၁    ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ၊

၂    စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသော မြစ်နားသို့  လမ်းပြ

တော်မူ၏။

၃    ငါ့ဝိညာဉ်ကိုအားဖြည့်၍ နာမတော် အဖို့အလို့ငါှ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။

၄    အကယ်၍ သေမင်း၏အရိပ် လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်းဘေးအန္တရာယ်

ကိုမကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွနု်ပ်နှင့်အတူရှိတော်မူသည်  ဖြစ်၍၊

လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွနု်ပ်ကိုချမ်းသာစေပါ၏။

    -ဒုတိယကျမ်းကဆက်လက်ပြီးအားပေးနေပါတယ်။ ရှင်ယောဟန်ကဘာသာသူတွေကိုပြောတာက- ဆိုးသွမ်းတဲ့လူတွေကသင်တို့ကိုရက်စက်ကြမယ်၊ သတ်ကြမယ်၊ ပူဆွေးဝမ်းနည်းစေကြမယ်။ ဒါပေမဲ့စိတ်ဓာတ်မကျရှုံးကြနှင့်။ ဘုရားသခင်ကအားနည်းသူ၊ အကာအကွယ်မဲ့သူတို့ဘက်မှာရပ်တည်ပေးနေပါတယ်။ အားတင်းထားပါ။   ဘုရားသခင်ရဲ့   အချိန်အခါတော်ရောက်လာရင်  ဘယ်အာဏာမှသခင်ဘုရားကိုတားဆီးခုခံလို့ မရပါ။

    -ဒီနေ့ရဲ့ဧဝံဂေလိခရစ်ဝင်ကျမ်းမှာသခင်ခရစ်တော်ဟာမိမိကိုယ်ကိုကောင်းမြတ်တဲ့သိုးထိန်းတော်ပုံစံနှင့် မိခင်တစ်ဦးကမိမိရင်သွေးငယ်ကိုချော့မြူပြီးမျက်ရည်များသုတ်ပေးနေသလိုဘုရားကလည်းမိမိလူမျိုးရဲ့ ကျေကွဲနာကျည်းဖွယ်ရာများကိုသိရှိနားလည်ပြီးကုသပေးပေးနေပုံကိုတင်ဆက်ထားပါတယ်။ ဒိကျမ်းပိုဒ်ရဲ့ နောက်ခံကိုကြည့်မယ်ဆိုရင်- ခရစ်တော်က၊ မွေးကထဲကမျက်စိကန်းခဲ့တဲ့လူတစ်ယောက်ကိုစက္ခုအလင်းပြန်ပေးတဲ့အချိန်မှာ၊ မာနကြီးသူတို့နှင့်မိမိတို့သြဇာအာဏာလျော့ပါးသွားမှာကြောက်နေသူတို့ကခရစ်တော်ကိုရန်ပြုကြတယ်၊ စွပ်စွဲကြတယ်။ လွန်ခဲ့တဲ့ နှစ်၂ထောင်ကျော်  ခရစ်တော်အချိန်ကတည်းက ၊   ကောင်းတာလုပ်တဲ့သူကိုလက်မခံကြတာ၊  ကဲ့ရဲ့စွပ်စွဲကြတာ၊  အရေးယူအပြစ်ပေးနေကြတာကအခုမျက်မှောက်အချိန်အခါထိပါဘဲ။

ကောင်းသောသိုးထိန်းခရစ်တော်ကသနားကျင်နာမူနှင့် ကိုယ်ချင်းစာနာခြင်းတို့နှင့် လူ့နှလုံးသားကိုစိုးစံတာပါ။ အထက်စီးကနေပြီးဖိနှိပ်ချုပ်ချယ်တာမျိုးလုံးဝမဟုတ်ပါ။ ခေါင်းဆောင်ကောင်းတိုင်းဟာကောင်းသောသိုးထိန်းဖြစ်တယ်။ သူ့စိတ်ထင်သလိုသိုးကိုမသတ်ဘူး၊ သူ့အသက်ကိုတောင်မှ သူ့သိုးအတွက်စွန့်လှုပေးတတ်တယ်။ သခင်ခရစ်တော်ရဲ့ခေါင်းဆောင်မှုက မေတ္တာအရှိန်အဝါပေါ်မှာအခြေပြုတယ်။ ဖါရီရှဲနှင့်ဂျူးလူမျိုးခေါင်းဆောင်တွေကျတော့ မောက်မှာမှုအပေါ်သြဇာအာဏာကိုအခြေစိုက်ထားကြတယ်။ ဒီလူတွေဟာခေါင်းဆောင်အတုအယောင်တွေသာဖြစ်တယ်။  မိမိသိုးစုကိုအမည်လိုက်သိပြီးအပြီချစ်တဲ့သိုးထိန်းကောင်းနှင့်အငှားလိုက်တဲ့သိုးထိန်းအလုပ် သမားတို့ဟာရေနှင့်ဆီလိုကွာဟကြပါတယ်။ သိုးထိန်းကောင်းဟာသိုးစုကိုကြည့်ရှူ့ထိန်းကြောင်းရတာကိုအလုပ်တစ်ခုလို့မမြင်ဘူး။ မိမိဘဝတစ်သက်ရဲ့ သမိုင်းပေးတာဝန်လို လက်ခံမြတ်နိုးတယ်။ သူ့ရဲ့ပါ၀ါကလည်းမေတ္တာပါပဲ။ အာဏာကိုမရဏါသေခြင်းလုပ်ရပ်မှာပဲ ပြချင်ကြတဲ့ခေါင်းဆောင်တွေနဲ့ တစ်ခြားစီပါပဲ။a

         ဒီတနင်္ဂနွေနေ့မှာထောက်ရှူ့ရမယ့်ဒုတိယအချက်ဟာ vocation ဆိုတဲ့ခေါ်တော်မူခြင်းပါပဲ။ ခေါ်တော်မူခြင်း (သို့မဟုတ်) ဘဝလမ်းစဉ်၄မျိုး၄စားရှိပါတယ်။

         (၁) အိမ်ထောင်သည်ဘဝလမ်းစဉ်။  ။ ပထဦးဆုံးလူယောကျင်္ားနှင့် လူမိန်းမဖြစ်ကြတဲ့ အာဒါန်နှင့် ဧဝတို့ကိုဘုရားသခင်ကဖန်ဆင်းပြီး အသက်သစ်ဖြစ်ထွန်းစေကာအသက်ကိုကာကွယ် စောင့်ရှောက် ၊ ပြုစုကျွေးမွေးဖို့ ဖန်တီးပေးခဲ့တယ်။

         (၂) ကမ္မဌာန်းစီးဖြန်းခြင်းဘဝ။  ။ ယေဇူးနှင့်မာရီးတို့အနှစ်(၃၀)နေထိုင်ကျင့်ကြံခဲ့တဲ့လမ်းစဉ်။ အသင်းတော်ထဲမှာ ကာသုူစီးယမ်း၊ ကာမယ်လိုက်နှင့်ဘေနယ်ဒစ်ရသေ့ဂိုဏ်းတွေလိုစိတ်ငြိမ် စွာတရားကျင့်ကြံပြီး လူ့ဘောင်ကိုအကျိူးပြုနေတဲ့ဘဝလမ်းစဉ်။

         (၃) အပြင်လောကနှင့်လက်ပွန်းတတီးတွေ့ထိနေထိုင်ပြီး။ အမှုတော်ထမ်းဆောင်နေတဲ့ သီလရှင်ဂိုဏ်းများနှင့် ရဟန်းဂိုဏ်းများရဲ့ဘဝလမ်းစဉ်။

         (၄) လောကထဲမှာလူဝတ်ကြောင်လို လူ့တောလူ့လုပ်ငန်းခွင်ထဲမှာနေထိုင်လှုပ်ရှားပေမဲ့ ဘုရားသခင်နိုင်ငံတော်အတွက် ငယ်ဖြူသစ္စာကိုဂတိသစ္စာဆိုထားတဲ့ ဘဝလမ်းစဉ်။ စသည့်ခေါ် တော်မှုခြင်းအမျိူးမျိူးရှိကြတယ်။

 ကျွန်ုပ်တို့မြန်မာပြည်မှာအထက်ပါခေါ်တော်မှုခြင်းအမျိုးမျိုးရှင်သန်နေပြီးခေါ်တော်မှုခြင်းရရှိကြတဲ့ လူ့ငယ်မောင်မယ်များစွာအတွက် ဘုရားသခင်ကိုကျေးဇူးတင်ကြပါစို့။ ခေါ်တော်မှုခြင်းဟာကာယကံရှင်ရဲ့ သီးခြားအရည်အချင်းပါရမီတို့ကြောင့်မဟုတ်ပါ။အဓိက ကဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်ပေါ်လာရတာပါ။

ရှေးအရင်နှစ်ကာလများမှာနိုင်ငံခြား(ဥရောပနိုင်ငံများ)မှ သာသနာပြုများဟာအနှစ်နာအမျိူးမျိူးခံပြီး မြန်မာနိုင်ငံသို့လာရောက်သာသနာပြုခဲ့ကြပါတယ်။ အခုအခါမှာ မြန်မာ့ရင်သွေးများထဲမှ သားသမီးအချို့မှာအခြားနိုင်ငံများသို့သွားရောက်သာသနာပြုနေကြသည်မှာအားရစရာကောင်းလှပါ တယ်။ မိသားစုတိုင်းကဘုရားသခင်ကိုယုံကြည်အားထားပြီးမိမိတို့သားသမီးတွေထဲကခေါ်တော်မူခြင်း အရိပ်အမြွက်ရှိသူတို့ကိုအားပေးရင် ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာအဆတစ်ရာရပါလိမ့် မည်။

         ခေါ်တော်မှုခြင်းပတ်သက်ပြီးရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကရဟန္တာဂျိုးဇာက် (သံဇူဇယ်)ကိုစံပြရဟန္တာအဖြစ်တင်ဆက်ထားပါတယ်။ ရှင်ဂျိုးဇက်ဘဝမှာ အောက်ပါ၃ချက်ကို တွေ့မြင်ရပါတယ်။

အိပ်မက်၊ စိန်ခေါ်မူ၊ မေတ္တာ။

၁. အိပ်မက်မက်ခြင်းနှင့်အိပ်မက်ကိုအကောင်အထည်ဖေါ်ယူတတ်ခြင်း၊    ။ ရှင်ဂျိုးဇက်ဘဝမှာဘုရားသ္ခင်ကသူကိုအိပ်မက်နှင့်လမ်းညွှန်ခဲ့တယ်။ အိပ်မက်တိုင်း၊ မျှော်မှန်းချက်တိိုင်းကမလွယ်ကူပါ။ စိန်ခေါ်မူနှင့်တွဲဖက်နေတယ်။ နောက်မဆုတ်ကြပါနှင့်။

၂. စိန်ခေါ်မူ။   ။ ခေါ်တော်မူခြင်းဆိုတာစိန်ခေါ်တာပါပဲ။ ရှင်ဂျိုးဇက်ဟာသူငယ်တော်ယေဇူးလေးနှင့် မယ်တော်ကိုဟေရုဒ်မင်းဆိုးကြီးရဲ့လက်ကနေထွက်ပြေးတိမ်းရှောင်ပြီးတိုင်းတစ်ပါးမှာအသက်မွေး ကျောင်းရှာခဲ့ရရှာတယ်။ ဟေရုဒ်မင်းကြီးကမိမိကိုရန်မူမည်လိုထင်တဲ့ခလေးသူငယ်များကိုလက်လံ ရှာဖွေပြီးသတ်ခဲတဲ့လူသတ်သမားရာဇဝတ်ကောင်ကြီးအဖြစ်ကမ္ဘာသမိုင်းမှာဆိုးသတင်းပေါက်ခဲ့ပါ တယ်။ယနေ့ခေတ်လူငယ်လူရွယ်တွေတွေ့ဟာရင်ဆိုင်နေရတဲ့စိန်ခေါ်မူကြီးတွေကိုကျော်လွှားပါလိမ့် မယ်။

၃.အချစ်မေတ္တာ။ ။ ခေါ်တော်မူခြင်းတိုင်းဟာသူတစ်ပါးကိုချစ်ဖို့နှင့်သူတစ်ပါးရဲ့အချစ်ကိုခံယူဖို့ဖြစ်ပါတယ်။ ရှင်ဂျိုးဇက်ဟာယေဇူးနှင့်မယ်တော်တို့ကိုချစ်မြတ်နို်းစွာစောင့်ရှောက်ခဲ့ပြီး၄င်းတို့ရဲ့အချစ်မေတ္တာကို လည်းရရှိခဲ့တယ်။ ခေါ်တော်မူခြင်းတိုင်းဟာလူသားပီသဖို့ဖိတ်ခေါ်ခံရခြင်းဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတစ်ချို့လူတွေရဲ့စိတ်ထဲမှာအမုန်းတရားကစိုးမိုးနေတယ်။ အဝိဇ္ဇာလွမ်းမိုးနေတယ်။ မမြင်နိုုင်မသိနိုင်ပဲရက်စက်ကြမ်းကြုတ်တဲ့လမ်းစဉ်နှောက်တကောက်ကောက်လိုက်နေကြတာက တကယ့် ဝမ်းနည်းစရာပါပဲ။

         ရဟန်းမင်းကြီးကစပြီး၊ ဘာသာတရားကိုင်းရှိုင်းတဲ့ပုဂ္ဂ္ဂိုလ်တိုင်းဟာဒူးထောက်နေကြတယ်၊ ဒူးတုက်ပြီးရှိခိုးနေကြတယ်။ ဆုတောင်းမေတ္တာပို့သနေကြပါတယ်။ ကျွန်ုပ်တို့ချစ်တဲ့အမိမြန်မာနိုုင်ငံတော်ကြီးဟာလည်းဒူးထောက်နေပါတယ်။ ဝမ်းနည်းပူဆွေးချိန်နှင့်အလင်းမဲ့နေချိ်န်တွေမှာ ကျွန်ုပ်တို့ဟာဒူးတုတ်ရှိခိုး ကြပါတယ်။ ကောင်းမြတ်တဲ့သိုးထိန်းတော်ကကျွန်ုပ်တို့ကိုသာယာစိမ်းလန်တဲ့ဘဝသစ်ဆီ ဦးဆောင်လမ်း ညွှန်ပေးတော်မူပါစေသောင်။

   မြန်မာပြည်မှာရှိတဲ့တစ်ယောက်တိုင်းဆီအတွက်လူသားဆန်လူသားပီသတဲ့ခေါ်တော်မူခြင်းဘဝ လမ်းစဉ် ရရှိ ဖို့ ဆုမွန်ကောင်းတောင်းလျက်ပါ။ချမ်းသာကြွယ်ဝသူများ၊ သြဇာအာဏာရှိသူများနှင့်အားလုံးအပေါ်အကြင်နာတရားစိုးမိုးပါစေ။  

လူလူချင်းစာနာထောက်ညှာမှုပြကြပါစေ။

စားဝတ်နေရေး၊အသက်ဘေးအန္တရယ်မှလွတ်ကင်းရေးနှင့်စိန်ခေါ်မူအမျိုုးမျိုးကြားမှာလျှပ်ရှားနေကြရတဲ့မြန်မာပြည် မိသားစုတိုင်းကို ကောင်းတဲ့သိုးတိန်းတော်မြတ်ကငြိမ်းချမ်းသာယာမှုကောင်းချီးမင်္ဂလါသွန်းလောင်းပေးတော်မူပါစေ သောင်။ မိမိတို့ရဲ့မေတ္တာလွှမ်းမိုးတဲ့ အိမ်မက်လှလှလေးများအကောင်အထည်ဖေါ်နိုင်ကြပါစေ၊ အောင်ဇေယတု၊ သဗ္ဗမင်္ဂလံ။

 

Photo courtesy of Diocese of St.Petersburg

Add new comment

17 + 0 =