အာဒ်၀င်တူး တတိယတနင်္ဂနွေနေ့ ၀မ်းမြောက်ပျော်ရွှင်ကြလော့

အာဒ်၀င်တူး တတိယတနင်္ဂနွေနေ့

၀မ်းမြောက်ပျော်ရွှင်ကြလော့

အာဒ်၀င်တူးတတိယအပတ်တနင်္ဂနွေနေ့ကို Gaudete Sunday ပျော်ရွှင်ခြင်းတနင်္ဂနွေနေ့လို့ အစဉ်လာအရ သတ်မှတ်ထားပါတယ်။ မစ္ဆားတရားမှာ ဖတ်ကြားတဲ့ ပရိတ်မေတ္တာတွေ၊ နှုတ်ကပါတ်တော် သတင်းစကားတွေ ကလည်း ၀မ်းမြောက်ရွှင်လန်းခြင်းရှိဖို့ မီးမောင်းထိုးပြထားတာကို တွေ့ရတယ်။ ပျော်ရွှင်ခြင်းကို ဖော်ထုတ်တဲ့အနေနဲ့ ဒီတစ်ပတ်ရဲ့ ၀တ်ပြုကိုးကွယ်ခြင်းအရောင်က ပန်းရောင်ဖြစ်ပါတယ်။ ဘုရားသခင်က ကယ်တင်ခြင်း ဆုကျေးဇူးကို ယူဆောင်လာတာမို့ အမှောင်က အလင်း၊ စိတ်ပျက်ကြောက်ရွံ့ခြင်းကနေ မျှော်လင့်ခြင်း၊ ၀မ်းနည်းခြင်းကနေ ၀မ်းသာခြင်းသို့ ကူးပြောင်းလာတဲ့အချိန်အခါမို့ ပျော်ရွှင်ကြရမှာပါ။

အမှန်တော့ လူတိုင်းက ပျော်ရွှင်ချင်ကြတယ်။ ဒါပေမဲ့ ပျော်ရွှင်ကြပါလို့ သတိပေးနှိုးဆော်နေရတာတော့ နဲနဲတော့ ထူးဆန်းသလိုပဲ။ ဘ၀ကို ပေါ့ပါး လွတ်လပ်စွာ မပျော်ရွှင်ချင်တဲ့သူ ဒီလောကမှာ ရှိလို့လား။ လူတိုင်းက ပျော်ရွှင်လိုပေမဲ့ မပျော်နိုင်တဲ့သူတွေ ဒုနဲ့ဒေးမက ရှိနေတယ်။ လူတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်နေကြတယ်။ ၀မ်းနည်း ပက်လက် ငိုကြွေးနေကြတယ်။ Covid 19 ကပ်ရောဂါကြောင့်စိတ်ဓါတ်တွေကျနေတယ်။ ကြောက်ရွံခြင်းတွေနဲ့ ထိတ်လန့်နေကြတယ်။ မျှော်လင့်ချက်တွေမဲ့နေကြတယ်။ ဒါတွေဟာ မပျော်ရွှင်နိုင်ခြင်းရဲ့ သာဓက တချို့။ ပျော်ရွှင်ခြင်းရဲ့ အကြီးမားဆုံးရန်သူတွေက ဘယ်သူတွေလဲဆိုရင် ကြောက်ရွံ့ပူပန်ခြင်းပါလို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ “မကြောက်ကြနဲ့” ဆိုတဲ့ အားပေးစကားကိုလည်း ကျမ်းစာတော်မြတ်မှာ အကြိမ်ပေါင်း ၃၆၀ ကျော် တွေ့ရတယ်။ လူတိုင်းမှာ မတူညီတဲ့ ကြောက်ရွံ့ခြင်းတွေရှိကြတယ်။ ကြောက်ရွံ့ခြင်းကို ဖယ်ရှားဖို့ ဘာတွေလုပ်ဖို့လိုလဲ။

ပထမကျမ်းစာမှာ ပရောဖက် ဟေရှာယက စိတ်နှလုံးကြေကွဲနေသူများနှင့် ဒုက္ခဆင်းရဲရောက်နေသူများကို ဝမ်းမြောက်စရာသတင်းကောင်း ပြောကြားဖို့ ဘုရားသခင်က သူ့ကို စေလွှတ်တယ် ဆိုပြီး ဟောထားတယ်။ ဘုရားသခင်က ထိတ်လန့်စရာ ကံကြမ္မာဆိုးတွေကို ဖယ်ရှားပြီး ပျော်ရွှင်၀မ်းမြောက်ခြင်းတွေ ယူဆောင်လာပေးတယ်။ သူရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘ၀ဒဏ်ရာတွေကို ကုစားပေးနေတယ်။ ဘုရားသခင်ကိုယ်တိုင်က ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်ခြင်းပါ။ ဘုရားသခင် ရှိနေတာမို့ ဘာကို ကြောက်စရာလိုလဲ။ ဒုတိယကျမ်းစာမှာလည်း ရှင်ပေါလူးက သခင်ခရစ်တော်၌ အစဉ်အမြဲ ပျော်ရွှင်၀မ်းမြောက်ခြင်း ရှိဖို့ တိုက်တွန်းထားတယ်။ ဘုရားသခင်ကြွလာပြီ။ ပူပန်ခြင်းတွေကို ထားခဲ့ပါတော့။

ဧဝံဂေလိကျမ်းမှာလည်း ဘ၀မှာ ပျော်ရွှင်ချင်တယ်ဆိုရင် ဘယ်လိုပြုမှု ကျင့်ကြံနေထိုင်ရမလဲဆိုတာကို ရှင်ယောဟန်ဘတ္တဇံကနေတဆင့် ခွန်အားပေးထားပါတယ်။ ယောဟန်က သူ ဘယ်သူလဲ၊ သူ ဘာလုပ်ရမလဲ ဆိုတာကို သူသိတယ်။ သူက ကယ်တင်ရှင်မက်ဆီးယား မဟုတ်ဘူး။ ကယ်တင်ရှင် ကြွလာရန်လာကို ပြင်ဆင်ပေးတဲ့ တော ကန္တာရက အသံလို့ မိမိကိုယ်ကို ကြွေးကြော်ပြုခဲ့တယ်။ ဘုရားရဲ့ ရှေ့မှာ ကိုယ်ဘယ်သူလဲဆိုတာကို သိဖို့ ပိုအရေးကြီးတယ်။ ဘုရားက ငါကို ဘာလုပ်ခိုင်းနေလဲဆိုတာကို သိရင် ဘုရား စေခိုင်းတဲ့အတိုင်း ဘ၀ကို အသက်ရှင်နိုင်လိမ့်မယ်။ ကိုယ့်ကိုကိုယ်သိ၊ ကိုယ့်အလုပ်ကို လုပ်ရင် အများနဲ့လည်း ပေါင်းသင်းရ အဆင်ပြေပြီး ပျော်ရွှင်ခြင်းကိုလည်း ရှာဖွေတွေ့ရှိလိမ့်မယ်။

ပျော်ရွှင်ပါ ပျော်ရွှင်ပါလို့ ဆော်သြနေတဲ့ ဒီပျော်ရွှင်ခြင်းဆိုတာ အပေါ်ယံသက်သက်တော့ မဟုတ်ဘူး။ နောက်ဆုံးပေါ်တွေ သုံးတိုင်းလည်း မပျော်ဘူး။ စားကောင်းသောက်ကောင်းတွေ စားနေရလည်း မပျော်ရွှင်နိုင်သူတွေ အများကြီး။ ပျော်ရွှင်ခြင်းကို နေရာမှာပြီး ရှာဖွေနေသူတွေလည်း အပြည့်။ မူးယစ်ဆေးဝါး၊ အပျော်အပါး၊ ဒုစရိုက်တွေမှာ ပျော်ရွှင်ခြင်းကို တလွဲရှာနေသူတွေလည်း ရှိကြတယ်။ ပျော်ရွှင်ခြင်းကို စျေးထဲမှာ သွား၀ယ်လို့မရဘူး။ သူများဆီကလည်း ချေငှားယူလို့လည်း မရနိုင်ဘူး။ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်နဲ့ နက်ရှိုင်းစွာ ပေါင်းစည်းပြီး ဘုရားကို ဗဟိုပြုတတ်ခြင်းကနေလာတယ်။ ဘုရားရဲ့ အလိုတော်ကို ဆောင်ရွက်ခြင်းကနေ ဖြစ်တည်လာတယ်။ ပြောမယ်ဆိုရင် ပျော်ရွှင်ခြင်းဆိုတာ ဘုရားနဲ့ အတူ လျှောက်လှမ်းတဲ့ ဘ၀၊ ရိုးစင်းနှိမ့်ချစွာနဲ့ မေတ္တာထားပြီး အစေခံပေးဆပ်တဲ့ ဘဝတွေမှာ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းတွေ ရှိတယ်။

တစ်ခါမှာ ဆွိဒင်နိုင်ငံက ဘုရင်မကြီးက သူ့ရဲ့ ရတနာတွေကို ရောင်းချပြီး ဆင်းရဲသားတွေအတွက် ဆေးရုံတစ်လုံး ဆောက်ပေးခဲ့တယ်။ တစ်ရက်မှာ အဲ့ဒီဆေးရုံက လူနာတွေဆီကို အလည်သွားတဲ့အခါ လူနာတွေက ဘုရင်မကြီးကို ကျေးဇူးတင်လွန်းလို့ မျက်ရည်ပေါက်ပေါက်ကျပြီး လက်ဆွဲနုတ်ဆက်ကြတယ်။ သူမရဲ့ လက်ဖမိုးပေါ်မှာ ကျလာတဲ့ မျက်ရည်စက်တွေကို ကြည့်ပြီး “ဘုရားသခင်က ကျမကို ရတနာတွေ ပြန်ပေးနေပါလား” လို့ လှိုက်ဖိုစွာ ပြောခဲ့ဖူးပါတယ်။ အများအတွက် ပိုင်ဆိုင်ရာကို စွန့်လွှတ်ပေးလှူလိုက်တဲ့အခါ ပျော်ရွှင်ခြင်း ရတနာကို ပြန်လည် ပိုင်ဆိုင်ခွင့်ရပါတယ်။ ပေးကမ်းခြင်း၊ မျှ​ဝေခြင်း၊ တရားမျှတခြင်း၊ စာနာထောက်ထားခြင်း၊ ကူညီရိုင်းပင်းခြင်းတွေသာ ရှိကြမယ်ဆိုရင် တကယ်ပဲ ပျော်ရွှင်ကြရမှာပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က “ဧဝံဂေလိတရားရဲ့ ၀မ်းမြောက်ရာ” ဆိုတဲ့ စာချွန်တော်မှာ ပျော်ရွှင်ခြင်းဆိုတာ ခရစ်တော်နဲ့ ဆုံဆည်းခြင်းကနေ လာတယ်လို့ မိန့်ကြားထားတယ်။ ဧဝံဂေလိသတင်းကောင်းရဲ့ ပျော်ရွှင်ခြင်းက သခင်ယေဇူးနဲ့ ဆုံဆည်းတဲ့သူတိုင်းရဲ့ ဘ၀ နှလုံးသားတွေကို ပြည့်ဝစေတယ်။ ခရစ်တော်နဲ့အတူ ဘ၀မှာ ပျော်ရွှင်ခြင်း အသစ်သစ်တွေလည်း ရရှိလာကြပါတယ်လို့ ရဟန်းမင်းကြီးက ရေးသားထားတယ်။

ပျော်ရွှင်၀မ်းမြောက်ခြင်း အာဒ်၀င်တူး တတိယတနင်္ဂနွေနေ့မှာ ဘုရားသခင်နဲ့ ဆုံဆည်းခြင်းအားဖြင့် ပျော်ရွှင်ကြရအောင်ပါ။ ဘုရားကို ဗဟိုပြုပြီး ဘုရားရှင် စေခိုင်းတဲ့ အမှုခပ်သိမ်းကို မေတ္တာတရား၊ ပေးကမ်းဝေမျှခြင်းတွေနဲ့ လုပ်ဆောင်ပြီး စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ပါစေ။ အကြောင်းအမျိုးမျိုးကြောင့် မပျော်ရွှင်နိုင်ကြတဲ့ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေအတွက်လည်း သတိရဆုတောင်းပေးရအောင်။ အေမာနူအဲလ်ဘုရားက ကယ်တင်ခြင်းပေးဖို့ ကျွန်ုပ်တို့အလယ်မှာ ရှိနေပြီ။ မကြောက်ကြပါနဲ့တော့။ အားလုံး အားလုံး ဘုရားသခင်၌ ပျော်ရွှင်၀မ်းမြောက်ကြရအောင်ပါ။

- သီကိုရှင်း -

Add new comment

14 + 2 =