အာဒ်ဝင်တူးစတုတ္ထတနင်္ဂနွေ ၊ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

အာဒ်ဝင်တူးစတုတ္ထတနင်္ဂနွေ ၊ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

အာဒ်ဝင်တူးစတုတ္ထတနင်္ဂနွေ ၊ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

ဒီဇင်ဘာ ၂၀၊ ၂၀၂၀

ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

          ခရစ္စမတ်ရောက်ဖို့ လက်တစ်ကမ်းပဲ လိုပါတော့တယ်။ သင်တို့နဲ့ သင်တို့ရဲ့မိသားစုအပေါ် မှာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာ သက်ရောက်ပါစေ။

          ဟိုး..ယခင်က ပရောဖက် အီဇာအိယဟာ ကျွန်ုပ်တို့ ယခုကြုံတွေ့နေရတဲ့စိန်ခေါ်မှုမျိုးနဲ့ ကြုံတွေ့နေရတဲ့ အစ္စရာအဲလ်လူမျိုးတွေကို ““မှောင်မိုက်ထဲမှာ သွားလာသောလူူများတို့သည် ကြီးစွာ သောအလင်းကို မြင်ကြရပြီ””လို့ ဟောကြားခဲ့ပါတယ်။ မှန်ပါတယ်။ ၂၀၂၀ ခရစ္စမတ်ဟာ အလွန် ကို ထူးခြားတဲ့ခရစ္စမတ်ဖြစ်ပါတယ်။ ကမ္ဘာလောကဟာ ကပ်ရောဂါအမိုက်မှောင်အောက်မှာ သွား လာနေခဲ့ရတာ တစ်နှစ်ပြည့်ပါတော့မယ်။ ကမ္ဘာကို ကုသခြင်းပေးမယ့် ခရစ်တော်ရဲ့အလင်းတော် ကိုလည်း ကျွန်ုပ်တို့ရှာဖွေနေကြပါတယ်။

အိမ်ထောင်စုတိုင်းကို ခရစ္စမတ်ရောက်လာတာနဲ့အမျှ သင်တို့တစ်ဦးစီအပေါ်မှာလည်း ခရစ် တော်ရဲ့အလင်းတော်ထွန်းလင်းပါစေ။ ဒီအလင်းတော်ဟာ စိတ်ပျက်အားငယ်ခြင်းအမှောင်ထုမှာ နေထိုင်လာခဲ့ရတဲ့မိသားစုတွေကို မျှော်လင့်ခြင်းပေးပြီး သူတို့ရဲ့ စိတ်တွေဟာလည်း ပေါ့ပါးလန်း ဆန်းလာကြပါစေ။ သင်တို့ရဲ့ဘဝမှာလည်း ခရစ်တော်ရဲ့အလင်း ထွန်းလင်းပါစေ။ ကြောက်မက် ဖွယ်ဗိုင်းရပ်ပိုး ကူးစက်ခံရတဲ့မိသားစုတွေ၊ ဒီရောဂါကြောင့် ချစ်ခင်သူတွေဆုံးရှုံးခဲ့ရတဲ့မိသားစုတွေ အားလုံးအပေါ်မှာလည်း ခရစ်တော်ရဲ့အလင်းတော် ထွန်းလင်းပါစေ။

ခရစ်တော်ရဲ့ကုသခြင်းအလင်းတော်ဟာ သင်တို့အားလုံးအပေါ် သက်ရောက်ပါစေ။ ကာ ကွယ်ဆေးကို တီထွင်ထုတ်လုပ်နိုင်ခဲ့တဲ့ ဆေးသိပ္ပံပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့စွမ်းဆောင်မှု ကြောင့် ကမ္ဘာကြီးဟာ အခုဆိုရင် ကုသခြင်းကို စတင်ခံယူနေပါပြီ။ လာမယ့်နှစ်ဆိုရင် ကမ္ဘာကြီး ဟာ ရောဂါကနေ ကုသပျောက်ကင်းလာတဲ့ကမ္ဘာဖြစ်လာပါတော့မယ်။ ကျန်းမာတဲ့၊ ငြိမ်းချမ်းတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့နှစ်သစ်ဖြစ်လာဖို့ ကျွန်ုပ်တို့မျှော်လင့်ချက်ထားကြပါစို့။

၁။       ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ် ယူတော်မူခြင်းဟာ ထိခိုက်နာကျင်နေတဲ့ လူသားမျိုး နွယ်ကို ဘုရားသခင်လာရောက်ဆက်သွယ်ခြင်းဖြစ်ပါတယ်။

          အာဒ်ဝင်တူးစတုတ္ထတနင်္ဂနွေရောက်နေပြီဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဟာ ကောင်းကင်တမန် တော်က မယ်တော်ကို အမိန့်တော်ပြန်ကြားတဲ့မြင်ကွင်းကို ထောက်ရှုကြရအောင်။ အစ္စရာအဲလ်လူ မျိုးထဲက ဆင်းရဲတဲ့မိန်းမပျိုလေးကို ဘုရားသခင်ရဲ့ နက်နဲတဲ့ ကယ်တင်ခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အတွက် ကောင်းကင်တမန်တော် ဂါဗြီအဲလ်က လာရောက်ပြီး အမိန့်တော်ပြန်ကြားပါတယ်။ ဘုရား  သခင်ဟာ အဲဒီမိန်းမပျိုလေးကို အမိန့်ပေးစေခိုင်းတာမဟုတ်ဘဲ သူကိုယ်တိုင်ပူးပေါင်းပါဝင်လုပ် ဆောင်ဖို့ ကမ်းလှမ်းနေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ် ယူ တော်မူခြင်းဟာ ဘုရားသခင်နဲ့ လူသားတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို ကယ်တင်ဖို့အတွက်ကိုတောင်မှ ဘုရားသခင်ဟာ အမိန့်အာဏာနဲ့ မလုပ်ဆောင်ဘဲ ပူးပေါင်းပါဝင် ဖို့ ဖိတ်ခေါ်နေခဲ့ပါတယ်။ ကျွန်ုပ်တို့ဘက်က ပူးပေါင်းပြီး မလုပ်ဆောင်ရင် ဘုရားသခင်ဟာ ကျွန်ုပ် တို့ကို ကယ်တင်မှာမဟုတ်ပါဘူး။ ဒါဟာ ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကို ယူတော်မူခြင်းက ပေးတဲ့သတင်းစကားပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကယ်တင်ခြင်းမျိုးစေ့ကျရာမြေဖြစ်ပါတယ်။ အဲဒီ မျိုးစေ့ အဆတစ်ရာသီးနိုင်ဖို့အတွက် ကျွန်ုပ်တို့ဟာ ကောင်းသောမြေဖြစ်ရပါလိမ့်မယ်။

          ဘုရားသခင်ဟာ ဒီလိုပူးပေါင်းလုပ်ဆောင်ဖို့အတွက် ချမ်းသာတဲ့သူတွေ၊ အာဏာရှိတဲ့သူ တွေဆီကို မသွားခဲ့ပါဘူး။ ကိုဗစ်ကာလမှာ ကျွန်ုပ်တို့ဟာ မယ်တော်နဲ့ သံဇူဇယ်ရဲ့မိသားစုလိုမျိုး ဆင်းရဲတဲ့သူတွေ၊ တစ်နေ့လုုပ်တစ်နေ့စားရသူတွေ၊ အုပ်ချုပ်သူ လူကြီးပိုင်းတွေနဲ့ ဘာအဆက် အသွယ်မှမရှိတဲ့သူတွေအများအပြားကို တွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ သြဇာအာဏာမရှိတဲ့သူ တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ရွေးချယ်မှုဟာ ဒီနေရာမှာ ရှင်းလင်းပြတ်သားပါတယ်။ သင်ဟာ ဆင်းရဲတဲ့သူ၊ အလွယ်တကူ ထိခိုက်နိုင်တဲ့သူဖြစ်မယ်ဆိုရင် ဘုရားသခင်ဟာ သင်နဲ့ ပူး ပေါင်းလုပ်ဆောင်ပါလိမ့်မယ်။

ဒါနဲ့ပတ်သက်လို့ ရှင်ပေါလုက (၁ ကော် ၁း၂၇)မှာ ““ဘုရားသခင်သည် ပညာရှိသူတို့ အရှက်ရစေရန် လောကတွင် ဉာဏ်ပညာမဲ့သူတို့ကို ရွေးချယ်ခဲ့ပြီး ခွန်အားကြီးသူတို့အရှက်ရစေရန် အားနည်းသောသူတို့ကို ရွေးချယ်တော်မူခဲ့၏””လို့ ဆိုခဲ့ပါတယ်။

မယ်တော်သခင်မဟာလည်း အားနည်းသူနဲ့ အလွယ်တကူထိခိုက်နိုင်တဲ့သူတွေအပေါ် ထား ရှိတဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်ရှားတဲ့ ““ဂုဏ်တော်ဧကျူးခြင်း”” (Magnificat) မှာ ““ကိုယ်တော်သည် အင်အားကြီးသောသူတို့ကို အရိုက်အရာမှ ချတော်မူ၍ နှိမ့်ချ သောသူတို့ကို ချီးမြှောက်တော်မူပြီ။ ကိုယ်တော်သည် ငတ်မွတ်သောသူတို့ကို ကောင်းသောအရာ တို့နှင့်ပြည့်ဝစေ၍ ကြွယ်ဝသောသူတို့ကို လက်ချည်းသက်သက်လွှတ်လိုက်တော်မူ၏””လို့ ဆိုခဲ့ပါတယ်။

ဒါဟာ ခရစ္စမတ်သတင်းစကားဖြစ်ပါတယ်။ ခရစ်တော်ဖွားမြင်ချိန်မှာ ကောင်းကင်တမန် တွေ သီဆိုကျူးဧတဲ့သတင်းစကားလည်းဖြစ်ပါတယ်။ ခရစ်တော်ရဲ့ဖွားမြင်ခြင်းကို လောကရှင်ဘုရင် တွေမဖူးတွေ့ရဘဲ သိုးထိန်းတွေသာ ဖူးတွေ့ခဲ့ရတယ်ဆိုတဲ့သတင်းစကားလည်းဖြစ်ပါတယ်။ ညီ အစ်ကိုမောင်နှမတို့၊ သင်နဲ့ ကျွန်ုပ်ဟာလည်း ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကို ယူတော်မူတဲ့ နက်နဲရာမှာ ပါဝင်ခွင့်နေပါပြီ။ ခရစ်တော်သခင် ကျွန်ုပ်တို့ဆီကို ကြွလာတဲ့အကြောင်းရင်းက ကျွန်ုပ်တို့ဟာ ချမ်းသာလို့၊ သြဇာအာဏာရှိလို့မဟုတ်ဘဲ ကျွန်ုပ်တို့နာကျင်ကြေကွဲနေရတာ၊ ပူပန် သောကရောက်နေရတာ၊ အလုပ်အကိုင်ဆုံးရှုံးခဲ့ရတာ၊ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတာတွေကို ကိုယ်တော်ရှင်သိနေလို့ပဲ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလဟာ ဝမ်းနည်းကြေကွဲရတဲ့ကာလ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမိုက်မှောင်ကာလမှာ ပေးတဲ့ ခရစ္စမတ်သတင်းစကားက ရိုးရှင်းပါတယ်။

ကောင်းကင်တမန်တော် ဂါဗြီအဲလ်က မယ်တော်မာရိယာကို နှုတ်ဆက်ခဲ့သလိုပဲ ဘုရား သခင်ဟာ ကျွန်ုပ်တို့မိသားစုတစ်စုချင်းဆီကို ““ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသောသူ၊ ဘုရားသခင်သည် သင်တို့၌ ကိန်းဝပ်တော်မူ၏””လို့ နှုတ်ဆက်နေပါတယ်။

ခရစ်တော်ဟာ (Emmanuel) ကျွန်ုပ်တို့နဲ့အတူရှိသောဘုရားဖြစ်ပါတယ်။ မှန်ပါတယ်။ ကောင်းကင်တမန်တော် ဂါဗြီအဲလ်ပေးခဲ့တဲ့သတင်းစကားက ဘုရားသခင်ဟာ ကျွန်ုပ်တို့၌ ကိန်းဝပ် တော်မူတဲ့ မျှော်လင့်ခြင်းသတင်းစကားဖြစ်ပါတယ်။ စိန့်သြဂုတ်စတင်းမိန့်ကြားခဲ့တဲ့အတိုင်းဆိုရင် ကျွန်ုပ်တို့အချင်းချင်း နီးစပ်တာထက် ဘုရားသခင်ဟာ ကျွန်ုပ်တို့နဲ့ပိုပြီးနီးစပ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုဗစ်ကြောင့် သံသယတွေဖြစ်ပေါ်လာတယ်။ ဒီလိုအချိန်မှာ ဘုရားသခင် ဘယ်ရောက်နေသလဲလို့ အတော်များများက မေးကြတယ်။ တစ်နှစ်အတွင်းမှာ လူသန်းပေါင်းများစွာ ရောဂါပိုးကူးစက်ခံရပြီး (၁)သန်းခွဲကျော်သေဆုံးခဲ့တဲ့အချိန်မှာ ဘုရားသခင်က ဘယ်မှာလဲ။ လူသန်းပေါင်းများစွာ ဆာ လောင်ငတ်မွတ်နေတဲ့အချိန်မှာ ဘုရားသခင်က ဘယ်မှာလဲလို့ မေးကြတယ်။ အဖြေကတော့ ““ဘုရားသခင်ဟာ သင်တို့ထဲမှာ ကိန်းဝပ်နေပါတယ်””။ ဒါကြောင့် အမိုက်မှောင်ကြီးစိုးတဲ့ကာလကို ယုံကြည်ခြင်းအလင်းနဲ့ ဖြတ်သန်း ရပါလိမ့်မယ်။ ဒီမေးခွန်းတွေမေးတာ ကောင်းပါတယ်။ ဒါပေမဲ့ မေးခွန်းတွေချည်းပဲမေးနေလို့ ပြဿနာက မပြီးသွားပါဘူး။ ဒီလိုအချိန်မှာ ယုံကြည်ခြင်းအလင်းနဲ့ လျှောက်လှမ်းမှသာ ဒီအကျပ်အတည်းဒုက္ခထဲက ထွက်နိုင်ပါလိမ့်မယ်။ ဒုတိယကျမ်းမှာ ရှင်ပေါလု ဆုံးမခဲ့သလိုမျိုး ကျွန်ုပ်တို့ဟာ နာခံခြင်းနဲ့ ဆက်ကပ်မှသာလျှင် ဘုရားသခင်က ကျွန်ုပ်တို့ကို ခွန် အားကျေးဇူးပေးမှာဖြစ်ပါတယ်။

၂။ ဘုရားသခင်ရဲ့ဖိတ်ခေါ်သံကို အမြဲနာခံပြီး ဆက်ကပ်အပ်နှံမှသာလျှင် ကယ်တင်ခြင်းရရှိနိုင်ပါ လိမ့်မယ်။

          ““ဘာဖြစ်လို့ ငါ့ကျမှ ဖြစ်ရတာလဲ””၊ ““ငါ့မိသားစုကျမှ ဘာလို့ဖြစ်ရတာလဲ””ဆိုတဲ့မေးခွန်းမျိုးနဲ့ ရုန်းကန်နေရတဲ့သူတွေအဖို့ မယ်တော်သခင်မက လမ်းပြခဲ့ပါတယ်။ မယ်တော်ကလည်း ““ကျမဟာ အပျိုကညာတစ်ဦးဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး ကျမမှာ ဒီလိုဖြစ်ရတာလဲ။ ပတ်ဝန်းကျင်မှာ ကျမ အရှက်တကွဲဖြစ်ရမှာပေါ့””လို့ မေးခဲ့ပါတယ်။ အဲဒီအခါမှာ ကောင်းကင်တမန်တော်က ဘုရားသခင် အဖို့ မဖြစ်နိုင်တဲ့အရာဆိုတာမရှိတဲ့အကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။ ယနေ့ကြုံတွေ့နေရတဲ့ လူသား တွေရဲ့ဒုက္ခမျိုးစုံကြားမှာ ဘုရားသခင်ပါဝင်လှုပ်ရှားနေပါတယ်။ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်း တွေနဲ့ လုပ်အားပေး စေတနာ့ဝန်ထမ်းတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဆင်းရဲတဲ့သူတွေကို ကူညီ လှူဒါန်းနေကြသူတွေရဲ့စေတနာသဒ္ဓါတရားတွေကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်ပါဝင်လှုပ်ရှား တာကို သိနိုင်ပါတယ်။

          မယ်တော်သခင်မကတော့ ““ကိုယ်တော်၏အလိုတော်အတိုင်း ကိုယ်တော်၏ကျွန်မ၌ ဖြစ်ပါ စေ””ဆိုပြီး နှိမ့်ချခြင်းနဲ့ ဆက်ကပ်ပါဝင်ခဲ့ပါတယ်။ ““ဒီအတိုင်း ဖြစ်ပါစေ””ဆိုတဲ့ မယ်တော်ရဲ့စကား ဟာ လှပပါတယ်။ ကမ္ဘာဦးကျမ်းမှာလည်း ဖန်ဆင်းရှင်က ““ဤအတိုင်း ဖြစ်စေ””ဆိုတဲ့စကားနဲ့ ဒီ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပါတယ်။ မယ်တော်ရဲ့ ““ဒီအတိုင်း ဖြစ်ပါစေ””ဆိုတဲ့စကားနောက်မှာ လူသား မျိုးနွယ်သစ်ထွက်ပေါ်လာခဲ့ပါတယ်။ ဆက်ကပ်အပ်နှံခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းကို ရရှိ နိုင်ပါတယ်။ ခုခံငြင်းခုံနေလို့ မရနိုင်ပါဘူး။ သမ္မာကျမ်းစာထဲမှာ ဆက်ကပ်အပ်နှံခြင်းရဲ့စံနမူနာ အဖြစ် အာဗြာဟံ၊ မိုးဇက်၊ ရှင်ပေါလု စတာတွေကို တွေ့နိုင်ပါတယ်။

နောက်ဆုံး ယေဇူးသခင် ကိုယ်တော်တိုင် ကားတိုင်ထက်မှာ ““အိုအဖ၊ ကိုယ်တော်အလို တော်ရှိပါလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏အလို အတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေသော်”” (လု ၂၂း၄၂)လို့ မိန့်ဆိုပြီး မိမိကိုယ်ကို ဆက်ကပ်ပူဇော်ခဲ့ပါတယ်။

ခရစ္စမတ်ဟာ အရေးကြီးတဲ့ ၀ိညာဉ်ရေးသတင်းစကား(၂)ခုကို ဆောင်ကြဉ်းပေးပါတယ်။ ခရစ္စမတ်ဟာ ဘုရားသခင်နဲ့ ထိခိုက်နာကျင်နေတဲ့လူသားတွေအကြား ပေါင်းသင်းဆက်သွယ်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကောင်းသောဆမာရိတန်လိုကြွလာပြီး လမ်းဘေးမှာ လဲကျနေတဲ့ လူသားမျိုးနွယ်ကို ကုသခြင်းပေးပါတယ်။ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ဟာ အချင်းချင်း သဟဇာတရှိရှိ ပေါင်းသင်းဆက်နွယ်နေကြောင်း ခရစ်တော်ကနေတစ်ဆင့် ကျွန်ုပ်တို့သိခဲ့ရပါတယ်။ ခရစ္စမတ်ဟာ ကျွန်ုပ်တို့ရဲ့ပေါင်းသင်းဆက်နွယ် မှုတွေကို ပြန်လည်ကုစားရမယ့်အချိန်လည်းဖြစ်ပါတယ်။ မိသားစုအချင်းချင်း၊ ပတ်ဝန်းကျင်က လူ သားတွေအချင်းချင်းထဲမှာ ခရစ်တော်ကို မြင်အောင် ကြည့်ပြီး ကရုဏာတရားပြသဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာဝနဲ့လည်း သဟဇာတရှိရှိနေထိုင်ဖို့ လို ပါတယ်။

ကမ္ဘာလောကကို စတင်ဖန်ဆင်းစဉ်က ဘုရားသခင်ဟာ လူသားတွေကို ပဋိညာဉ်သုံးခုဖွဲ့ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒါတွေကတော့ ဘုရားသခင်နဲ့ပဋိညာဉ်ဖွဲ့ဖို့၊ လူသားအချင်းချင်း ပဋိညာဉ် ဖွဲ့ဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ ပဋိညာဉ်ဖွဲ့ဖို့ စတာတွေပဲဖြစ်ပါတယ်။ အာဒံအပြစ်ထဲ ကျရောက်ပြီး တဲ့နောက်မှာ အဲဒီပဋိညာဉ်(၃)စလုံး ကျိုးပျက်ခဲ့ရပါတယ်။

ခရစ္စမတ်ဟာ ပြန်လည်ကုစားခြင်းကာလလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ရဲ့စာချွန်တော်(၃)ခုဖြစ်တဲ့ Joy of the Gospel, Laudato si and Fratelli Tutti တွေက တစ်ဆင့် ကျွန်ုပ်တို့ရဲ့ပေါင်းသင်းဆက်နွယ်မှုတွေကို ပြန်လည်ကုစားဖို့ တိုက်တွန်းထားပါတယ်။ ဒီလိုကုစားတဲ့နေရာမှာ သြဇာအာဏာနဲ့ မဟုတ်ဘဲ ဆက်ကပ်အပ်နှံခြင်းနဲ့ လုပ်ဆောင်ရပါမယ်။ ဒါဟာ မယ်တော်သခင်မ ပြသခဲ့တဲ့လမ်းစဉ်လည်းဖြစ်ပါတယ်။

ဒီနှစ်ခရစ္စမတ်ဟာ သမိုင်းဝင်တဲ့ခရစ္စမတ်ဖြစ်လာပါလိမ့်မယ်။ ကယ်ရယ်သီချင်းဆိုတာတွေ၊ လူထုပရိသတ်နဲ့ သန်းခေါင်ယံမစ္ဆားပူဇော်တာတွေ၊ ခရစ္စမတ်ပါတီတွေမလုပ်ရတဲ့အတွက် တိတ် တိတ်ဆိတ်ဆိတ်လေးရှိနေနိုင်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ခရစ္စမတ်ပွဲကို ခါတိုင်း ထက်တောင် ပိုပြီးတော့ကျင်းပကြဖို့ မိန့်ကြားခဲ့ပါတယ်။ ပိုပြီးတော့ ကျင်းပကြဖို့ ဆိုတဲ့နေရာမှာ အပေါ်ယံကျင်းပတာကို ပြောဆိုတာမဟုတ်ဘဲ အတွင်းစိတ်နှလုံးထဲမှာ ခရစ္စမတ်ရဲ့သတင်းစကားကို နက်နက်နဲနဲနားလည်နိုင်ဖို့ ကြိုးစားခြင်းဖြင့် ခရစ္စမတ်ကို ကျင်းပကြဖို့ တိုက်တွန်းထားခြင်းဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်တွေက ခရစ္စမတ်ကို စီးပွားရေးဆန်ဆန်ပဲ စျေးကွက်ရဖို့ ကျင်းပခဲ့ကြတာဖြစ်တဲ့အတွက် ခရစ်တော်ကို မေ့ထားခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ ကျွန်ုပ်တို့ဟာ ခရစ္စမတ်ကို နက်ရှိုင်းတဲ့ခံယူချက်နဲ့ အဓိပ္ပာယ်ရှိရှိ ကျင်းပရပါ လိမ့်မယ်။ အေးချမ်းတဲ့ညမှာ ကျင်းပခဲ့တဲ့ ပထမဆုံးခရစ္စမတ်ပွဲတော်လိုမျိုး ကျွန်ုပ်တို့ကျင်းပရပါ မယ်။ ပထမဆုံးခရစ္စမတ်ဟာ လှပတဲ့ ဘုရားကျောင်းတွေ၊ ကာသီဒြယ်တွေမှာ ကျင်းပခဲ့တာမဟုတ် ပါဘူး။ သင်တို့၊ ကျွန်ုပ်တို့လို အခြေခံလူတန်းစားတွေနဲ့ ကျင်းပခဲ့တာပါ။ မယ်တော်ရော၊ သံဇူဇယ် ပါ ဆင်းရဲတဲ့လူတန်းစားဖြစ်ပြီး တည်းခိုဖို့နေရာတစ်ခုကိုတောင် မရတဲ့အတွက် လောကကယ်တင် ရှင်ဟာ နွားစားခွက်ထဲမှာ ဖွားမြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တော်တွေဟာ ဝမ်း မြောက်ဖွယ်သတင်းကို သီဆိုကျူးဧခဲ့ကြပြီး ကောင်းကင်မှာလည်း ကြယ်တော်ပေါ်ထွန်းခဲ့ပါတယ်။ ခရစ္စမတ်ကို ဘယ်လိုခမ်းခမ်းနားနားကျင်းပနိုင်မလဲလို့ တွေးမပူကြပါနဲ့။ အားနည်းတဲ့လူသားတွေ ဟာ အပြစ်ထဲ ကျရောက်ခဲ့ပေမဲ့ တစ်ဖန်ပြန်လည်ကယ်တင်ခြင်းခံရတာကို အောက်မေ့သတိရပြီး ခရစ္စမတ်ပွဲတော်ကို ကျင်းပကြပါစို့။

နွားစားခွက်ထဲက သူငယ်တော်ယေဇူးကို မြင်ရတဲ့အခါမှာ ကွာရန်တင်းစင်တာတွေမှာ မပြည့်မစုံနဲ့ နေနေရတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေကို သတိရကြပါ။ ဆင်းရဲတဲ့သိုးထိန်း တွေ ကယ်တင်ရှင်ကို လာရောက်ဖူးမြော်တာကို တွေ့ရတဲ့အခါ နိုင်ငံတစ်ဝန်းက ပြည်သူပြည်သား တွေကို သတိရကြပါ။ ခရစ္စမတ်ကြယ်တော်ကို တွေ့တဲ့အခါ ကျွန်ုပ်တို့ကို မျှော်လင့်ချက်တွေပေးတဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို သတိရကြပါ။ ကျွန်ုပ်တို့ရဲ့ ခရစ္စမတ်သစ်ပင်ဟာ ဝေဒနာခံစားနေကြရတဲ့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေပဲဖြစ်ပါတယ်။ စေတနာသဒ္ဓါတရားနဲ့ သူတို့တွေကို ကျွန်ုပ်တို့တတ်နိုင်သလောက် ကူညီရပါလိမ့်မယ်။

ဒါဆိုရင် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးမှာ ကိန်းဝပ်နေပါပြီ။ ဘုရားသခင်ဟာ တရုတ်က ထုတ်တဲ့ ခရစ္စမတ်ပစ္စည်းတွေထဲမှာ ဖွားမြင်တာမဟုတ်ပါဘူး။ ကိုယ်တော်ရှင်ဟာ ““ကရုဏာတရား””ရဲ့ စားခွက်ထဲမှာ ဖွားမြင်တာဖြစ်ပါတယ်။ ဒီနေ့ဖတ်ရှုခဲ့တဲ့ပထမကျမ်းမှာ ပြောခဲ့သလို ဘုရားသခင်ဟာ ဒါ၀ိတ်မင်းကြီးလုပ်ချင်သလို ဗိမာန်တော်ကြီးတွေကို အလိုမရှိပါဘူး။ ကမ္ဘာလော ကတစ်ခုလုံးဟာ ကိုယ်တော်ရဲ့ဗိမာန်တော်ဖြစ်ပြီး အာကာသတစ်ခုလုံးက ကယ်ရယ်သီချင်းသီဆိုတဲ့ သံစုံအဖွဲ့ဖြစ်ပါတယ်။ နေလနက္ခတ်တာယာတွေဟာ ကိုယ်တော်ရှင်ရဲ့ဘုန်းဂုဏ်တော်ကို သီဆို ဧကျူးကြပါလိမ့်မယ်။

ကောင်းကင်တမန်တော်တွေသီဆိုခဲ့သလို ““လောကမှာ ဝမ်းမြောက်ခြင်းရှိဖို့၊ စိတ်ကောင်း နှလုံးကောင်းရှိတဲ့သူတွေဆီမှာ ငြိမ်းချမ်းခြင်းရှိဖို့”” ကျွန်ုပ်ဆုတောင်းပါတယ်။ ဒီနှစ်ခရစ္စမတ်ဟာ မပြည့်စုံတဲ့ခရစ္စမတ်မဟုတ်ပါဘူး။ ဆာလံကျမ်းရေးဆရာရေးခဲ့သလို ““ထာရဘုရားသည် ကောင်း မြတ်တော်မူကြောင်းကို မြည်းစမ်း၍ ကြည့်ကြပါ””။

သင်တို့ရဲ့နှလုံးသားထဲမှာ၊ သင်တို့ရဲ့အိမ်မှာ ခရစ်တော်ရဲ့အလင်းတော် ထွန်းလင်းပါစေ။ နှစ်သစ်ဟာလည်း သင်တို့အတွက် မျှော်လင့်ချက်အသစ်ကို ယူဆောင်လာပါစေ။ ဘုရားရှင်ကြွမြန်း လာပါတော့မယ်။ မျှော်လင့်စွာနဲ့ စောင့်ပါ။ ဝမ်းမြောက်စွာနဲ့ အသက်တာကို ဖြတ်သန်းပါ။

သင်တို့အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ဘုရားသခင်ရဲ့ကောင်းချီးတော်ကို ခံစားကြရပါစေ။

Add new comment

3 + 7 =