အလွန်မွန်မြတ်သော ကိုယ်တော်၏ အသားတော်နှင့်သွေးတော်ပွဲနေကြီး

အလွန်မွန်မြတ်သော ကိုယ်တော်၏ အသားတော်နှင့်သွေးတော်ပွဲနေကြီး
#################################
FR. CAMILLUS SUAN SDB

“လူသည် အစားအစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်”(တရားဟောရာကျမ်း ၈း၃)

လူဟာ ဝက်လို၊ နွားလို ဗိုက်ဝပြီဆိုရင် အိပ်တဲ့တိရိစ္ဆာန် မဟုတ်ဘူး။ လူက ခန္ဓာကိုယ်နဲ့ဝိညာဉ် ပေါင်းစည်းထားတဲ့ သတ္တဝါဖြစ်တယ်။ ဒါကြောင့်လည်း ဒီကနေ့ ပထမကျမ်းမှာ “လူသည် အစားအစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင်၏ နှုတ်တော်ထွက်စကား ရှိသမျှဖြင့်လည်း အသက်ရှင်ရသည်ကို သိစေတော်မူ၏”(တရားဟောရာကျမ်း၈း၃၊ မာတေဦး၄း၄)လို့ ဘုရားရှင်မိန့်မှာထားခြင်း ဖြစ်တယ်။ ခန္ဓာကိုယ်အသက် ကြီးထွားရှင်သန်ဖို့ အာဟာရရှိတဲ့အစားအစာတွေကို နေ့တိုင်းပုံမှန် စားပေးနေရသလို၊ ဝိညာဉ်အတွက်လည်း အစာအာဟာရ နေ့တိုင်းပုံမှန်စားဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ယေဇူးခရစ်တော်ဘုရားရှင်က သူ့ရဲ့ အသားတော်နဲ့သွေးတော်(“လူ့အဖြစ်ကိုယူတော်မူသော ဘုရားသခင်၏ နှုတ်တော်ထွက်စကား”(ယောဟန်၁း၁၄)ဖြစ်တဲ့ ကိုယ်တော်မြတ်မုန့်တော်အားဖြင့် နေ့တိုင်းကျွေးမွေးနေတယ်။

၁။ ဓမ္မဟောင်းမှာ နေ့စဉ်နေ့တိုင်း

အီဂျစ်ပြည် ကျွန်ဘဝကနေ လွတ်မြောက်လာတို့ ကတိထားတဲ့တိုင်းပြည်ကိုခရီးနှင်နေတဲ့ အီစရာအဲလ်လူမျိုးကို ဘုရားရှင်က နေ့တိုင်း မန္နာမုန့်နဲ့ ကျွေးမွေးခဲ့တယ်-“ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တစ်နေ့စာလောက်အောင် သိမ်းယူရကြမည်”(ထွက် ၁၆း၄)။

၂။ ဓမ္မသစ်မှာ နေ့စဉ်နေ့တိုင်း

ယေဇူးခရစ်တော်ကိုယ်တိုင် သွန်သင်ပေးတဲ့ ဆုတောင်းမေတ္တာမှာ-“နေ့စဉ်မပြတ် အလိုရှိအပ်သော အစားအစာကို ကျွန်န်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ” (မာတေဦး ၆း၁၁)လို့ နေစဉ်နေ့တိုင်း အတွက် ခန္ဓာကိုယ်နဲ့ဝိညာဉ်အတွက် တောင်းလျှောက်ခြင်းဖြစ်တဲ့အကြောင်း ဇွန်လ ၄ ရက်နေ့ ကျွန်တော့်ရဲ့ facebook post မှာ အသေးစိပ်ဖြင့် ရေးသားတင်ထားပြီးသားပါ။

၃။ နေ့စဉ်နေ့တိုင်း အစာအာဟာရ

ခန္ဓာကိုယ်အတွက် နေ့တိုင်းအစားအစာ စားနေတာ အကျိုးသက်ရောက်မှုတွေ သိပ်မသိသာပေမယ့်လည်း နေ့တိုင်းပုံမှန်မစားဘဲနေကြည့်ပါလား၊ မကြာခင်မှာ သိသာလာပါလိမ့်မယ်။ ခွန်အားတွေနည်းလာမယ်၊ ခန္ဓာကိုယ်တစ်ဖြည်းဖြည်းချင်း ချွက်ယွင်းလာမယ်၊ ရောဂါတွေရလာလို့ မကျန်းမမာဖြစ်လို့ အသက်ပါ အန္တရာယ်ဖြစ်လာပါလိမ့်မယ်။ “လူသည် အစားအစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင်၏ နှုတ်တော်ထွက်စကား ရှိသမျှဖြင့်လည်း အသက်ရှင်ရသည်ကို သိစေတော်မူ၏”(တရားဟောရာကျမ်း၈း၃)။ လူဟာ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပေါင်းစည်းထားတာဖြစ်တဲ့အတွက် ဝိညာဉ်ရေးမှာလည်း နေ့တိုင်း ဘုရားရဲ့နှုတ်တော်ထွက်စကား၊ ကိုယ်တော်မြတ်၊ ဘုရားတရား၊ ဆုတောင်းမေတ္တာပြုခြင်း၊ ဝိညာဉ်အစာအဟာရ မစားသောက်မသုံးဆောင်ရင်တော့ ယုံကြည်ခြင်းမှာ အားနည်းလာပြီး စုံစမ်းနှောက်ယှက်ခြင်းတွေဝင်လာပြီး ခုခံတွန်းလှန်အားနည်းလာလို့ ယုံကြည်ခြင်းတောင် ပျက်စီးသွားနိုင်တယ်။

၄။ နေ့စဉ်နေ့တိုင်း တစ်နာရီ

လူဟာ ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ် ပေါင်းစည်းထားတဲ့သတ္တဝါ တကယ်ဖြစ်တယ်ဆိုရင် ကိုယ့်ဘဝကို ဟန်ချက်ညီအောင် နှစ်ခုစလုံးကို မျှမျှတတ ဂရုစိုက်ရမယ်။ ဘုရားအတွက်၊ ယုံကြည်ခြင်းတရားအတွက်၊ ကိုယ့်ဝိညာဉ် အစာအဟာရအတွက် တစ်ရက်မှာ အချိန်နှစ်နာရီခွဲပေးနိုင်ရင် အကောင်းဆုံးပဲ။ ဘာဖြစ်လို့ နှစ်နာရီခွဲလဲဆိုတော့ တစ်ရက်တာမှာ နှစ်ဆယ့်လေးနာရီရဲ့ “ဆယ်ဖို့တစ်ဖို့”(ကမ္ဘာဦး ၁၄း၂၀)ဖြစ်တယ်။ ကိုယ်ပိုင်တဲ့ ပစ္စည်းဥစ္စာဓနထဲကသာမဟုတ်ဘဲ ဘုရားပေးတဲ့ တန်ဖိုးရှိလှတဲ့အချိန်ထဲက ဆယ်ဖို့တစ်ဖို့ပေးနိုင်တဲ့သူကတော့ ဘုရားရှင်ရှေ့မှာ လူတွေရှေ့မှာ မွန်မြတ်တဲ့သူ ဘဝဟန်ချက်ညီတဲ့သူ ဖြစ်နေမှာပါ။ အခြေအနေအမျိုးမျိုးကြောင့် တစ်ရက်မှာ နှစ်နာရီခွဲမပေးနိုင်ရင်တောင်မှ အနည်းဆုံးတော့ တစ်နာရီလေးတော့ ဘုရားအတွက်၊ ယုံကြည်ခြင်းတရားအတွက်၊ ဆုတောင်းမေတ္တာအတွက်၊ သမ္မာကျမ်းစာဖတ်ရှုဖို့အတွက်၊ စိပ်ပုတီးအတွက်၊ ဝိညာဉ်စာပေဖတ်ရှုဖို့အတွက် အချိန်ပေးစေချင်ပါတယ်။ “သင်တို့သည် ငါနှင့်အတူ တစ်နာရီမျှမစောင့်နိုင်ကြပြီလော။ စုံစမ်းနှောင့်ယှက်ခြင်းသို့မပါဝင်ရစေရန် ဆုတောင်းလျက်နိုးကြားစွာစောင့်နေကြလော”(မာတေဦး ၂၆း၄၀-၄၁)ဆိုတဲ့ ခရစ်တော်ရဲ့ စကားကိုတော့ သတိရလို့ နိုးကြားစေချင်တယ်။

ဒါကို မလိုက်နာရင်တော့ ကိုယ့်ဘဝက အဖက်ဖက်ကနေ အန္တရာယ်များလာနိုင်တယ်။ ခြိမ်းခြောက်တာတော့ မဟုတ်ပါဘူး၊ ချစ်လို့ သတိပေးနိုးဆော်နေတာပါ။ စကားစပ်လို့ ပြောအုံးမယ်။ ရုပ်ရှင်ကားတွေ ကြည့်ဖို့အတွက်၊ ဂိမ်းဆော့ဖို့အတွက်၊ အပျော်အပါးအတွက် အချိန်တွေအများကြီးပေးနိုင်ပြီး ဝိညာဉ်စာပေအတွက်၊ ဆုတောင်းမေတ္တာအတွက် အချိန်မပေးနိုင်ဘူး၊ အချိန်မရှိဘူးဆိုတာကတော့ ရေရှည်မှာအန္တရာယ်များမယ်ဆိုတာတစ်ခုတော့ သိစေချင်တယ်။ စာဖတ်သူပရိသတ်များ နာရီဝက်ဖတ်တဲ့စာအတွက် စာရေးသူတွေက အနည်းဆုံး ငါးနာရီလောက် ပြင်ဆင်သုံးသပ်ပြီးရေးသားရတယ်။ နာမည်ကြီးစာရေးဆရာ ဦးအောင်သင်းပြောထားသလို “ဘဝကိုတန်ဖိုးထားရင်တော့ အချိန်ကိုတန်ဖိုးထားပါ”။ ကျွန်တော် သူ့စကားကို ဒီလိုလေးပြင်ပါရစေ-“ဘဝကိုတန်ဖိုးထားရင်တော့ အချိန်ကိုတန်ဖိုးထားပြီး ကိုယ့်ဝိညာဉ်ကောင်းစားရေးအတွက်လည်း ပုံမှန်လေး အသုံးပြုပါ”။

(ကိုယ်တော်မြတ်အကြောင်းကိုတော့ ပိုပြီးသိရှိလေ့လာချင်ရင် အရင်ကတင်ထားပေးတဲ့ဟာတွေ ပြန်ဖတ်လို့ ရတယ်။ စာဖတ်သူ ပရိသတ်အယောက်တိုင်းစီ ဘုရားရှင်ကောင်းချီးပေးပါစေ။)

FR. CAMILLUS SUAN SDB

Add new comment

3 + 8 =