အဖ ကာဒီနယ်ချားစ်ဘို ၏ မိဘများပွဲနေ့သြဝါဒ

အဖ ကာဒီနယ်ချားစ်ဘို ၏ မိဘများပွဲနေ့သြဝါဒ

အဖ ကာဒီနယ်ချားစ်ဘို ၏ မိဘများပွဲနေ့သြဝါဒ

ဇူလိုင် ၂၆၊ ၂၀၂၀

 

““သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့။ ဤသည်ကား ကတိတော်နှင့်ယှဉ်သော ပထမပညတ်တော်ဖြစ်၏။ ကတိတော်သည်ကား သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျက် အသက်ရှည်လိမ့်မည်ဟူ၍ဖြစ်၏။”” (ဧဖက် ၆း၂-၃)

 

ဒီကနေ့မှာ ကျွန်ုပ်တို့ဟာ ““မိဘများပွဲနေ့””ကို ကျင်းပကြပါတယ်။ သံဂျော်ကင်းနဲ့ သံတာအာနားတို့ရဲ့ပွဲလည်းဖြစ်တယ်။ ဒီသြဝါဒကို နာကြား နေတဲ့မိဘတွေရှိရင် ဘုရားသခင်ရဲ့ ကောင်းချီး မင်္ဂလာသက်ရောက်ပါစေ၊ အသက်ရှည်ခြင်း၊ အနာမဲ့ခြင်း စတဲ့ ဆုကျေးဇူးတော် တွေလည်း ရရှိပါ စေလို့ ဆုတောင်းပေးပါတယ်။

 

ကျွန်ုပ်တို့ကို မိခင်နဲ့ဖခင် ပေးသနားတော်မူတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ကျွန်ုပ်တို့ချီးမွမ်းကြပါတယ်။ ဘုရားသခင်ရဲ့ အနန္တမေတ္တာ တော်ကို မိဘတွေ ဆီကနေ ကျွန်ုပ်တို့ ပထမ ဆုံးခံစားကြရတာပါ။ ဒီတနင်္ဂနွေကတော့ ကျေးဇူးတော် ချီးမွမ်းရာတနင်္ဂနွေ၊ အကြွင်းမဲ့ မေတ္တာ တော်ကို ဖော်ကျူးတဲ့တနင်္ဂနွေပါပဲ။ အဖဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါတယ်။

 

ဒီကနေ့မှာ နာမကျန်းဖြစ်နေကြတဲ့မိခင်ဖခင်တွေအတွက်လည်း ဆုတောင်း ပေးဖို့ ကျွန်ုပ်တို့ စုရုံးနေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း သက်ကြီးရွယ်အိုမိဘတွေ၊ မိသားစုနဲ့ခွဲပြီး အရေးပေါ်ခန်းမှာ သေလုမျောပါး ဖြစ်နေကြတဲ့ မိဘတွေ၊ အသုဘကို ချစ်ခင်သူတွေ ဘယ်သူမှလိုက်ပါ ခွင့်မရှိဘဲ မြှုပ်နှံသင်္ဂြိုဟ်ခြင်းခံခဲ့ရတဲ့ မိဘတွေအတွက် သတိရဆုတောင်း ပေး ကြပါစို့။

 

မိဘသက်ရှိထင်ရှားရှိနေကြတဲ့သူတွေအဖို့ကတော့ ဒီတနင်္ဂနွေဟာ ကျေးဇူး တော်ကို အထူးတလည်ချီးမွမ်းအပ်တဲ့နေ့ပါပဲ။ ခရစ်ယာန်တွေဟာ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့ အခါ မိသားစု ဆန်တဲ့အသုံးအနှုန်းတွေနဲ့ ဆုတောင်းကြပါတယ်။ ယေဇူးဘုရားရှင် ကိုယ်တော်တိုင် ကျွန်ုပ်တို့ကို ““ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသောအဖ””ဆိုပြီး ဆုတောင်းဖို့ သွန်သင် တော်မူခဲ့တယ်။

 

ကျမ်းစာထဲမှာ ဘုရားသခင်ကို ကျွန်ုပ်တို့အားလုံးရဲ့အဖအဖြစ် ဖော်ညွှန်း ထားပါတယ်။ အသက်ဝိညာဉ်ကို ကျွန်ုပ်တို့ရဲ့ခန္ဓာထဲ မှုတ်သွင်းပေးခဲ့တာ ကလည်း ဘုရားသခင်ပါပဲ။ ဘုရားသခင်ဟာ လူသားအားလုံးအတွက် ဖခင်ဖြစ်သလို မိခင်ဆိုရင်လည်း မမှားပါဘူး။ ကမ္ဘာကို မဖန်ဆင်းမီ ကတည်းက ““သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကို ငါသိပြီ”” (ယေရမိ ၁း၅) လို့ ဘုရားရှင် မိန့်တော်မူပါတယ်။ ကျွန်ုပ်တို့အတွက် မိဘတွေကိုလည်း ဘုရားသခင်ကပဲ ရွေးချယ်ပေးတော်မူပါတယ်။ ““ငါသည် သင်တို့၏အဖဖြစ်၍ သင်တို့သည် ငါ၏သားသမီးဖြစ်ကြ လိမ့်မည်ဟု အလုံးစုံကို တတ်နိုင်တော်မူသော ထာဝရဘုရား မိန့်တော်မူ၏”” လို့ (၂ ကော်ရိန့်သု ၆း၁၈)မှာ ဆိုထားပါတယ်။ ဒါကြောင့် မိဘတွေဟာ ဘုရားသခင်ရဲ့ကိုယ်ပွားတွေပါပဲ။ ဒါကြောင့် ပညတ်တော်(၁၀)ထဲက ပ ဉ္စမ ပညတ်တော်မှာ ““မိဘတို့အား ရိုသေခြင်းကို ပြုလော့””လို့ သတ်မှတ် ထားတာဖြစ်ပါတယ်။

 

ပထမကျမ်းမှာ အကောင်းနဲ့ အဆိုးကို ခွဲခြားသိနိုင်ဖို့အတွက်  ဉဏ်ပညာက ဘယ်လောက် အရေးကြီးသလဲဆိုတာ ပြောပြထားပါတယ်။ ဆော်လမုန် မင်းကြီးဟာ သူ့ရဲ့လူမျိုးကို အုပ်ချုပ်ဖို့ အတွက် ဘုရားသခင်ဆီကနေ  ဉဏ်ပညာကို တောင်းခံခဲ့ပါတယ်။ အဲဒီလိုပဲ မိသားစုအတွင်း တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိကြဖို့အတွက် မိဘနဲ့ သားသမီးတွေဟာ  ဉဏ်ပညာရှိဖို့ ကြိုးပမ်းကြရ ပါလိမ့်မယ်။

 

ဒုတိယကျမ်းမှာ မိသားစုအတွက် အရေးကြီးတဲ့ လူ့ဂုဏ်သိက္ခာရဲ့ တန်ဖိုး အကြောင်း သွန်သင်ထားပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီဟာ ဘုရားသခင်ရဲ့ ရွှေပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခြင်းခံ ထားရတာပါ။ ဒါကြောင့် မိသားစုထဲက တစ်ဦးစီတိုင်းကို ဘုရားသခင်ရဲ့ ကိုယ်ပွားအဖြစ် ဆက်ဆံ ကြရမှာဖြစ်ပါတယ်။

 

ဘုရားသခင်ဟာ သူ့ရဲ့မေတ္တာတော်ကို မျှဝေဖို့အတွက် ပထမဆုံးမိသားစုကို ဖန်ဆင်း ခဲ့တာဖြစ်ပါတယ်။ မိသားစုဆိုတဲ့အဖွဲ့အစည်းလေးရှိလို့သာ လူသားမျိုးနွယ် ရှင်သန်တိုးတက် လာခဲ့တာ ဖြစ်ပါတယ်။ ဧဝဂေလိကျမ်းမှာ အဖိုးထိုုက်တန်တဲ့ပုလဲလုံးကြီးကို ရဖို့အတွက် ရှိတာတွေအကုန်လုံး စွန့်လွှတ်တဲ့အကြောင်း ပါရှိပါတယ်။ ကျွန်ုပ်တို့ဟာလည်း မိသားစုဝင် တစ်ဦးစီကို အဲဒီရတနာလို တန်ဖိုးထားဖို့ သွန်သင်ထားပါတယ်။

 

ဒီနေ့မှာ မိဘနဲ့ သားသမီးတွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပါတ် တော်က ဘယ်လိုသွန်သင်သလဲဆိုတာ ကြည့်ကြရအောင်။

 

ခရစ်ယာန်မိသားစုကို ပြုစုပျိုးထောင်ဖို့ မိဘတွေရဲ့အခန်းကဏ္ဍ

 

၁။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာတော်အရှင်ဖြစ်တော်မူတဲ့အလျောက် မိဘတွေဟာ ချစ်ခြင်း မေတ္တာစေတမန်တွေဖြစ်ရပါလိမ့်မယ်။

 

ဘုရားသခင်ဟာ ပရောဖက် ယေရမိကို ““အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါချစ်၏”” (ယေရမိ ၃၁း၃)လို့ မိန့်တော်မူခဲ့ပါတယ်။ ယေဇူးဘုရား ရှင်ကလည်း ““အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ခမည်းတော်ထံမှ ကြွလာသည်ကို ယုံကြည်ကြသဖြင့် ခမည်းတော် ကိုယ်တိုင် သင်တို့ကို ချစ်တော်မူသောကြောင့်ဖြစ်၏”” (ယော ၁၆း၂၇)လို့ မိန့်တော်မူသလို (ယော ၁ဝး၁၄-၁၅)မှာလည်း ““ငါသည် ကောင်းသော သိုးထိန်းဖြစ်၏ ငါ၏ခမည်းတော်သည် ငါ့ကို သိ တော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏””လို့ မိန့်တော်မူခဲ့ပါ တယ်။ ယေဇူးခရစ်တော်ဟာ မိမိနောက်တော် လိုက်တဲ့သူတွေကို ချစ်မြတ် နိုးတော်မူတဲ့အတွက် သူတို့ကို သိလိုတဲ့ဆန္ဒရှိသလို သူ့ကိုလည်း သိစေလို တဲ့ဆန္ဒရှိပါတယ်။ ဒါကြောင့် မိဘတွေဟာ သား/သမီးတွေကို ချစ်မြတ်နိုး တာနဲ့အမျှ သူတို့ကို အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။  (ဥပမာ -----)

 

၂။ မိဘတွေဟာ သားသမီးတွေကို ဧဝံဂေလိတရားပြတဲ့သူတွေဖြစ်ပါတယ်။

 

မိဘတွေဟာ ကလေးတွေစတင်တွေ့ထိရတဲ့သူတွေပါ။ ယေဇူးသခင်ဟာ တပည့်တော်ကြီးတွေကို သွန်သင်ခဲ့တဲ့အတွက် မိဘတွေအနေနဲ့ ယေဇူးသခင်ရဲ့တရားတော်တွေကို ကောင်းကောင်း သိနေဖို့ လိုပါတယ်။ အဖခမည်းတော်ဟာ သမ္မာတရားကို စံနမူနာအဖြစ် ထားခဲ့ပါတယ်။ ခမည်း တော်ရဲ့နှလုံးတော်နဲ့ မေတ္တာတော်ကို ပြသဖို့အတွက် ယေဇူးဘုရားရှင် လူ့လောကထဲကို ကြွရောက် လာတာဖြစ်ပါတယ်။ (ယောဟန် ၁၃း၁၅) သားသမီးတွေကို စံနမူနာကောင်းပြနိုင်ခြင်းဟာ မိဘတွေအတွက် အစွမ်း တစ်ခုပါပဲ။ မိဘတွေဟာ သားသမီးတွေ အတွက် ချစ်ခြင်းမေတ္တာစံနမူနာ၊ ဖြောင့် မတ်ခြင်းရဲ့စံနမူနာ၊ ကြင်နာသနားခြင်းရဲ့စံနမူနာ၊ သိက္ခာရှိခြင်း၊ ပေးကမ်းရက်ရောခြင်းရဲ့စံနမူနာ ဖြစ်ရပါမယ်။ ““ငါသည် ယခုမှစ၍ သင်တို့ အား အစေခံဟူ၍ ခေါ်ဆိုတော့မည်မဟုတ်။ အကြောင်းမူကား အစေခံ သည် မိမိသခင်ပြုသော အမှုအရာကို မသိသောကြောင့်ဖြစ်၏။ ငါသည် သင်တို့ကို မိတ်ဆွေဟုခေါ်၏။ အကြောင်းမူကား ငါ၏ခမည်းတော် ထံမှ ငါကြားသိရသမျှတို့ကို သင်တို့အား ငါ သိစေလေပြီ။”” (ယော ၁၅း၁၅)

 

၃။ မိဘတွေဟာ သားသမီးတွေကို စာရိတ္တကောင်းအောင် ပြုစုပျိုးထောင်ပေးသူတွေဖြစ်ပါတယ်။

 

ကမ္ဘာဦးအချိန်ကတည်းက ဘုရားသခင်ဟာ အာဒံနဲ့ ဧဝတို့ကို စားပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပြု ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ““ကောင်းမ ကောင်းကို ခွဲခြားနိုင်တဲ့အပင်က အသီးကို မစားရ””ဆိုပြီး သတ်မှတ်ချက် တစ်ခုလည်း ထားခဲ့ပါတယ်။ ဒါကြောင့် မိဘတွေဟာလည်း သားသမီးတွေ ကို စာရိတ္တနဲ့ပတ်သက်လို့ မလုပ်သင့် မလုပ်ထိုက်တဲ့ အရာတွေကို ရှင်းရှင်းလင်းလင်းသိအောင် ဆုံးမဖို့ လိုအပ်ပါတယ်။

မိဘများသိမ်မွေ့ရင် - သားသမီးများသိမ်မွေ့မယ်။

မိဘများရိုင်းပြရင် - သားသမီးများကြမ်းတန်းမယ်။

မိဘများဆဲရင် - သားသမီးများဆဲတတ်မယ်။

 

သားသမီးဝတ္တရား

 

၁။ သားသမီးတွေဟာ မိဘတွေအပေါ် ရိုသေခြင်းရှိဖို့ ဝတ္တရားရှိပါတယ်။

 

သားသမီးတွေဟာ မိဘတွေအပေါ် ရိုသေကြောင်းကို ကိုယ်၊ နှုတ်၊ အမူ အရာနဲ့ ပြရပါမယ်။ မိဘတွေက အတ္တမဖက်ဘဲနဲ့ အခက်အခဲအမျိုးမျိုး ကြားကနေ သားသမီးတွေကို ကျွေးမွေးပြုစုပြီး လူလားမြောက်အောင် ပံ့ပိုးခဲ့တာတွေကို ကျေးဇူးသိတတ်ရပါမယ်။ မိဘတွေ အပေါ်ရိုသေခြင်း ရှိတဲ့ သားသမီးတွေအတွက် ဘုရားသခင်ရဲ့ထူးခြားတဲ့ ကတိတော် ရှိတဲ့အကြောင်း ရှင်ပေါလုက သွန်သင်ခဲ့ပါတယ်။ ပညတ်တော်(၁၀)ပါးထဲမှာ ဒီပ ဉ္စမပညတ်တော် တစ်ခုအတွက်ပဲ ကတိတော်ထားရှိခြင်းဖြစ် ပါတယ်။

 

““သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့။ ဤသည်ကား ကတိတော်နှင့်ယှဉ်သောပထမပညတ်တော်ဖြစ်၏။ ကတိတော်သည်ကား သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျက် အသက်ရှည်လိမ့်မည်ဟူ၍ဖြစ်၏။”” (ဧဖက် ၆း၂-၃)

 

၂။ သားသမီးတွေဟာ မိဘတွေကို နာခံဖို့ ဝတ္တရားရှိပါတယ်။

 

ခေတ်သစ်ခရစ်ယာန်တွေအတွက် ဘဝမှာ လိုက်နာရမယ့်စည်းမျဉ်းတစ်ခု ရှိပါတယ်။ အဲဒါက တော့ ““မိဘတို့အား နာခံခြင်း””ပါပဲ။ ““သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏ မိဘများကို နာခံကြလော့။ အကြောင်းမူကား ဤကဲ့သို့ပြုမူခြင်းသည် မှန်ကန်သင့်မြတ် သောကြောင့် ဖြစ်၏။”” (ဧဖက် ၆း၁)

 

““ချစ်သားသမီးတို့၊ အရာရာ၌ သင်တို့မိဘများ၏စကားကို နားထောင်ကြ လော့။ အကြောင်းမူကား ဤသို့ပြုလုပ်ခြင်းကို သခင်ဘုရား နှစ်သက် တော်မူ၏။”” (ကော်လောဆေ ၃း၂၀) သားသမီးတွေဟာ မိဘတွေရဲ့ စည်းကမ်းထိန်းကျောင်းမှုနဲ့ လမ်းညွှန်ပေးမှုလိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာ တွေ နဲ့ မျက်မှောက်ခေတ် အခြေအနေတွေက မိသားစုအတွင်း စည်းလုံး မှုကို စိန်ခေါ်နေပါတယ်။ မြန်မာလူငယ်ထောင်ပေါင်းများစွာဟာ တခြား နိုင်ငံတွေမှာ ကိုယ့်အတွက် လုံခြုံမှုမရှိတဲ့အနေအထားနဲ့ အလုပ်လုပ် နေကြ ရပါတယ်။ မိဘတွေရဲ့ဆုံးမသွန်သင်မှုရရှိတဲ့ သားသမီးတွေဟာ တခြားနိုင်ငံ ရောက် ရင်တောင်မှ သိက္ခာထိပါးစေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ကြဉ်ကြ ပါတယ်။

 

မိဘတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ  ဉဏ်ပညာစီးဆင်းတဲ့ အရပ်လိုဖြစ်လာပါတယ်။ မိဘတွေရဲ့ ဉဏ်ပညာကို သမ္မာကျမ်းက သိရှိထား ပါတယ်။ ““ပညာအလိမ္မာကျမ်း”” လို့ခေါ်တဲ့ သုတ္တံကျမ်း တစ်ခုလုံးကို ““ငါ့သား၊ သင့်ဖခင်၏ဆုံးမပြောဆို ချက်များကို နားထောင်၍ သင့်မိခင်၏ သွန်သင်ချက်များကိုလည်း မပစ်ပယ် လေနှင့်””(၁း၈)ဆိုတဲ့ ကျမ်းပိုဒ်တစ်ခုနဲ့ ခြုံငုံထားပါတယ်။ သား/သမီးတွေဟာ မိဘတွေဆီက သင်ယူစရာ  ဉဏ်ပညာတွေ အမြောက်အမြား ရှိပါတယ်။

 

၃။ သားသမီးတွေဟာ မိဘတွေအိုမင်းမစွမ်းဖြစ်လာချိန်မှာ ပြုစုရမယ့် ဝတ္တရားရှိပါတယ်။

 

သမ္မာကျမ်းကို ရေးသားပြုစုခဲ့ချိန်တုန်းက မိဘတွေကို သားသမီးတွေက သားပစ်ထား လို့ရတဲ့ လူအိုရုံဆိုတာမျိုး မရှိသေးပါဘူး။ အိုမင်း မစွမ်းတဲ့ မိဘတွေကို ပြုစုပေးရမှာက နိုင်ငံတော်ရဲ့တာဝန် မဟုတ်ဘဲ သားသမီး တွေရဲ့တာဝန်သာဖြစ်ပါတယ်။ သမ္မာကျမ်းစာက မိအိုဖအိုတွေရဲ့ ဘဝကို သား/သမီးတွေရဲ့လက်ထဲမှာပဲ အပ်ထားပါတယ်။ ရှင်ပေါလု ကတော့ အခုလိုပြတ်ပြတ်သားသားရေးသား ဆုံးမထားပါတယ်။

 

““အကယ်၍ တစ်စုံတစ်ယောက်သည် မိမိ၏ဆွေမျိုးများအတွက် အထူး သဖြင့် မိမိ၏မိသားစုအတွက် ထောက်ပံ့ခြင်းမပြုလျှင် ထိုသူသည် ယုံကြည် ခြင်းကို စွန့်ပစ်လေပြီ။ သူသည် မယုံကြည် သောသူတစ်ဦးထက် ပို၍ ဆိုးရွားလေပြီ။”” ( ၁ တီ ၅း၈)

 

ကျွန်ုပ်တို့အနေနဲ့ ဒီလိုအပြုအမူမျိုးကို မိမိတို့တတ်စွမ်းနိုင်သလောက် အစွမ်းကုန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သားသမီးတွေဟာ မိဘနေရာရောက် လာတော့မှ သူတို့အတွက် သူတို့မိဘတွေ ဘယ်လောက်ပေးဆပ်ခဲ့သလဲ ဆိုတာကို နားလည်လာကြပါတယ်။ အချိန်တန်ပြီဆိုရင် သားသမီးတွေ ဟာ မိဘတွေကို အလုပ်အကျွေးပြုဖို့ အခွင့်အရေးရတတ်ကြပါတယ်။

 

၅။ ဘဝမှာ ထင်သလိုမဖြစ်တဲ့အခါကျရင်လည်း မိဘတွေအပေါ် နားလည်ခွင့်လွှတ်ပေးဖို့ သားသမီး တွေမှာ ဝတ္တရားရှိပါတယ်။

 

မိဘနဲ့ သားသမီးတွေကြားမှာ ဘယ်လိုမှအဆင်မပြေဖြစ်နေတဲ့ မိသားစု တွေရှိပါတယ်။ မိဘတွေက အပြည့်အဝမလုပ်နိုင်ခဲ့တာ၊ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ လစ်ဟာမှု တချို့ဖြစ် ခဲ့တာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတောင် သားသမီးတွေအနေနဲ့ မိဘတွေကို နားလည်ခွင့်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ရှင်ပေတရုက အခုလိုဆုံးမ သွန်သင် ခဲ့ပါတယ်။ ““သင်တို့ အချင်းချင်း စွဲမြဲစွာ ချစ်ခင်လေးစား ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ် တို့ကို ဖုံးလွှမ်းထားနိုင်သောကြောင့်ဖြစ်၏။”” (၁ ပေ ၄း၈) ဒါကြောင့် သားသမီးတွေအနေနဲ့ အတိတ်မှာ ဖြစ်ရပ်ဆိုးတွေရှိခဲ့ရင် နားလည်ခွင့်လွှတ် နိုင်အောင် ကြိုးစားကြရပါမယ်။

 

အခုလို ကိုဗစ်ကပ်ရောဂါအရှိန်အဟုန်နဲ့ ဆက်လက်ကူးစက်နေတဲ့ ကာလ မှာ မိသားစုတွေရှိ နေလို့သာ ကပ်ရောဂါကို အခုလောက်အထိ ကာကွယ် တိုက်ဖျက်နိုင်ဖြစ်ပါတယ်။ လူသားတွေရဲ့ ဘဝထိခိုက်ပျက်စီးစေတဲ့ အရာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တာကလည်း ဒီမိသားစုဆိုတဲ့ လူ့အဖွဲ့ အစည်းလေးတွေရှိနေလို့ပါပဲ။

 

ကျွန်ုပ်တို့ရဲ့မိဘတွေကို ပေးသနားတော်မူတဲ့အတွက် ဝမ်းမြောက်စွာနဲ့ ဘုရားသခင်ကို ဒီကနေ့ ကျေးဇူးတင်ကြပါစို့။ သံဂျော်ကင်းနဲ့ သံတာ အာနားတို့ဟာ ကပ်ရောဂါအပေါင်းကနေ ကာကွယ်ပေးတဲ့ ကျွန်ုပ်တို့ရဲ့ မယ်တော် မာရိယာကို ပြုစုပျိုးထောင်ပေးခဲ့သလို မိသားစုတိုင်းဟာ လည်း သန့်ရှင်းသောအိမ်ထောင်စုလို ဖြစ်အောင် ကြိုးစားကြရပါမယ်။ ကိုဗစ်ကပ် ရောဂါရဲ့ စိန်ခေါ်မှုကြားမှာ မိဘတွေနဲ့ သားသမီးတွေ အတူတကွ လက်တွဲပြီး ရင်ဆိုင်နိုင်ကြပါစေလို့ ထပ်မံဆုတောင်းပေး လိုက်ပါတယ်။ 

Add new comment

1 + 6 =